backup og meta

တုပ်ကွေးကွေး တဲ့ ကလေးလေး မြန်မြန်သက်သာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တုပ်ကွေးကွေး တဲ့ ကလေးလေး မြန်မြန်သက်သာရေး

    တုပ်ကွေးကွေး တာ၊ အအေးမိတာတွေက အဖြစ်များကြတဲ့ ပြဿနာတွေ ဆိုပေမယ့် ဖြစ်လာပြီဆို အသက် ၅ နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ပန်းနာရင်ကျပ် ရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေက တုပ်ကွေးဒဏ်ကို ပိုခံစားရလေ့ ရှိတတ်ပါတယ်။

    ကလေးလေးတွေ တုပ်ကွေးဖြစ်တဲ့အခါ အရင်ဆုံး ဆရာဝန်ပြဖို့ အရေးကြီးပါတယ်။ အိမ်မှာ ပြုစုရတဲ့ ကျန်တစ်ပိုင်းကတော့ မိဘတွေရဲ့ တာဝန်ပါ။ ဆရာဝန်က ညွှန်ကြားချက်နဲ့ ဆေးညွှန်းပေးလိုက်ရုံ ဆိုပေမယ့် ကလေး မြန်မြန် သက်သာမလား၊ တာရှည်မလား ဆိုတာ အိမ်မှာ ဖေဖေမေမေတို့ရဲ့ အသေးစိတ်ပြုစုမှုက အရေးပါပါတယ်။  ဒါဆို ဒီအချက်လေးတွေ သိထားဖို့သင့်ပါတယ်။

    တုပ်ကွေးကွေး တဲ့ ကလေးလေး မြန်မြန်သက်သာစေဖို့

    • ဆေးပတ်လည်အောင် တိုက်ပါ။

    တုပ်ကွေး နဲ့ အအေးမိခြင်း အတွက် သီးသန့်ကုသဆေး မရှိပေမယ့် အဖျားကျစေပြီး ကိုက်ခဲမှု သက်သာစေနိုင်တဲ့ ဆေးဝါးတွေကို အသုံးပြုကြပါတယ်။ ကိုယ်ပူမယ်၊ နှာစေးမယ်၊ ချောင်းဆိုးမယ်၊ လည်ချောင်းနာမယ် ဆိုတဲ့ဝေဒနာတွေအတွက် ဆေးတွေ ဆရာဝန်က ညွှန်းပေးနိုင်ပါတယ်။ ဒီဆေးတွေကို ဆေးပတ်လည်အောင်၊ ပမာဏမှန်အောင် တိုက်ဖို့ အရေးကြီးပါတယ်။

    • ကလေးကို ပူအိုက်မနေအောင်၊ သက်သောင့်သက်သာထားပါ

    ကလေးကို တုပ်ကွေးကွေး နေလို့ ဆိုပြီး အနွေးထည်၊ စောင်တွေ အထပ်ထပ်နဲ့ မထားသင့်ပါဘူး။ လှောင်အိုက်နေရင် မကောင်းပါဘူး။ လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်အထည်တွေပဲ ဝတ်ပေးတာမျိုး၊ ကလေးကို သက်သောင့်သက်သာ အနေအထားမှာပဲ ထားဖို့ သတိရပါ။

    • ရေဝတ် တင်ပေးပါ

    ကလေးရဲ့  ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်နဲ့ လည်ပင်းတစ်ဖက် တစ်ချက်မှာ ရေစိုဝတ်လေး တင်ပေး၊ လဲပေးတာက ကိုယ်ပူကျစေပါတယ်။ အဝတ်မှာ သိပ်ရွှဲမနေစေဖို့ ရေနည်းနည်း ညှစ်ပြီးမှ တင်သင့်ပါတယ်။

    • ရေချိုးနိုင်ပါတယ်

    တချို့မိဘတွေက ကလေးတွေ အဖျားတက်ရင် ခေါင်းကနေ ရေလောင်းချတတ်ပါတယ်။ ဒီလောက်မလိုပါဘူး။ ရေကြက်သီးနွေးနဲ့ ခပ်မြန်မြန်လေးချိုးပေးရင် လုံလောက်ပါပြီ။ အဖျားကျမြန်တယ်သလို ကလေးလည်း နေရတာ လန်းပါတယ်။

  • နှိပ်နယ်ပေးပါ
  • ကလေးရဲ့ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို ဦးခေါင်းနဲ့ ကျောဘက်မှာ အသာအယာ ပွတ်ပေးရုံနဲ့ သက်သာစေနိုင်ပါတယ်တဲ့။ ညင်သာစွာ ပွတ်သပ် နှိပ်နယ်ပေးတာက ဝေဒနာ သက်သာစေနိုင်ပြီး နွေးထွေးစွာ နှစ်သိမ့်ရာလည်း ရောက်ပါတယ်။

  • အစိုဓာတ် ထိန်းပါ
  • လေထုတွင်း အစိုဓာတ်ထိန်း humidifiers တွေ သုံးတာ၊ ရေနွေးလေးနဲ့ နှာခေါင်းဆေးပေးတာတွေ လုပ်ပေးနိုင်ပါတယ်။ ကလေးက နှာခေါင်းပိတ်နေတဲ့အခါ ဒီနည်းတွေက ကလေးရဲ့ နှာခေါင်းလမ်းကြောင်းအတွင်း အစိုဓာတ်ကို ထိန်းပေးထားမှာ ဖြစ်လို့ အတော်အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

    • ပူပူနွေးနွေး သောက်စရာတွေ ဖန်တီးပေးပါ

    အရမ်းငယ်သေးတဲ့ အရွယ်က လွဲလို့ ကလေးတွေကို ဓာတ်ဆားရည်၊ စွပ်ပြုတ်ရည်၊ ဖြည့်စွက်အာဟာရမှုန့် စတဲ့ အာဟာရ ဖြစ်မယ့်သောက်စရာတွေ တိုက်ပေးရင် လည်ချောင်းနာတာနဲ့ ချွဲကျပ် သက်သာစေနိုင်ပါတယ်။ အာဟာရလည်း ဖြစ်စေပါတယ်။

  • အရည်များများ ဝင်အောင် တိုက်ပါ
  • တုပ်ကွေးကွေး ပြီဆိုရင် အဖြစ်များတာက ရေဓာတ်ဆုံးရှုံးခြင်း ဖြစ်ပါတယ်။ ရေ သို့မဟုတ် အရည်များများ ဝင်အောင် ချော့ပြီး တိုက်ပါ။ နို့တိုက်အရွယ်ဆိုရင် နို့ရည် ၊ ကျန်တဲ့အရွယ်ကလေးတွေကို ရေနဲ့ အသီးဖျော်ရည် (အချိုရည်ဘူး မဟုတ်) တိုက်လို့ရပါတယ်။ အစားဝင်အောင် ကျွေးပေးဖို့လည်း မမေ့ပါနဲ့။ အစာမဝင်ရင် ကလေး အားပြတ်သွားနိုင်ပါတယ်။

    • ကလေးကို နားနားနေနေ နေခိုင်းပါ

    ကလေးကို သိပ်မဆော့စေဘဲ သက်သောင့်သက်သာ နားနေအောင် ချော့မော့ထားပါ။ ပုံဆွဲစာအုပ်၊ ဆေးရောင်ခြယ်စာအုပ် သို့မဟုတ် အရုပ်၊ ကစားစရာ၊ ပဟေဠိဆက် ကစားစရာမျိုးတွေ နဲ့ငြိမ်အောင် ထိန်းထားတာ ကောင်းပါတယ်။ ပြေးလွှားကစားနေရင် ပိုအားကုန်၊ ပိုနေမကောင်းရင် ခံစားရတဲ့ဝေဒနာ ပိုဆိုးစေနိုင်လို့ပါ။ ဒါပေမယ့် သူလှုပ်နိုင်သလောက်တော့ လှုပ်ပါစေ။ အချိန်တိုင်း အိပ်နေခိုင်းတာမျိုးကို ရှောင်ပါ။

    ဖေဖေမေမေတို့ မမေ့သင့်တဲ့ တစ်ချက်က ဒီနည်းလမ်းတွေက တုပ်ကွေးကွေး တဲ့အခါ လက္ခဏာတွေ ချက်ချင်း လုံးဝပျောက်ကင်းသွားမှာ မဟုတ်ပါဘူး။ တုပ်ကွေးဖြစ်နေတဲ့ ကာလမှာ နေရသက်သာစေဖို့၊ မြန်မြန်နာလန်ထစေဖို့ ပြုစုဂရုစိုက်ပေးတာပဲဖြစ်ပါတယ်။ လိုအပ်တဲ့ ဆေးဝါးကုသမှု အပြင် မိဘရဲ့ပြုစုဂရုစိုက်မှု ကလည်း ကလေးတွေအတွက် အဓိက ကျလို့ပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement