backup og meta

ဆောင်းတွင်းမှာ အဆစ်တွေ ပိုကိုက်ရတဲ့ အကြောင်းရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းတွင်းမှာ အဆစ်တွေ ပိုကိုက်ရတဲ့ အကြောင်းရင်း

    ဆောင်းတွင်းရောက်လာပြီဆိုရင် လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် အဆစ်တွေ ကိုက်တတ်ကြပါတယ်။ နဂိုအဆစ်ကိုက်တတ်တဲ့သူတွေဆိုရင် ပိုပြီး သတိထားမိမှာပါ။ သာမန်အချိန်တွေထက် ဆောင်းတွင်းမှာ အဆစ်ကိုက်တာက ပိုပြင်းထန်တတ်သလို ခဏခဏလည်း ကိုက်တတ်ကြပါတယ်။ ဒါက ဘာကြောင့်များပါလိမ့်။

    ဆောင်းတွင်းမှာ အဆစ်ပိုကိုက်ရတဲ့ အကြောင်းရင်း

    လူတိုင်းတော့ မဟုတ်ပေမယ့် တချို့က ဆောင်းတွင်းရောက်ရင် သိသိသာသာ အဆစ်ပိုကိုက်ကြပါတယ်။ ခြေဆစ်လက်ဆစ်တွေကစလို့ ဒူးဆစ်လို အဆစ်ကြီးတွေအထိ ကိုက်တတ်ပါတယ်။ အအေးပိုတဲ့ ညဦးပိုင်းတွေ၊ မနက်အရုဏ်တက်ချိန်တွေဆို ပိုသိသာပါတယ်။

    ဆောင်းတွင်းမှာ အဆစ်ပိုကိုက်ရတဲ့ အကြောင်းရင်းတွေကတော့

    အေးတဲ့အခါ ခန္ဓာကိုယ်က အပူကို ထိန်းထားဖို့လိုတဲ့အတွက် ကိုယ်တွင်းမှာ ရှိတဲ့ အင်္ဂါတွေဆီကို သွေးပိုပို့ပါတယ်။ ဥပမာ နှလုံး၊ အဆုတ်၊ အစာခြေစနစ် စတာတွေကိုပါ။ သိပ်အရေးမကြီးတဲ့ ခြေဖျားလက်ဖျားတွေက သွေးကြောတွေကိုတော့ ကျုံ့လိုက်ပြီး သွေးစီးဆင်းမှုနည်းအောင် လုပ်လိုက်ပါတယ်။ ဒါကြောင့် ခြေဖျားလက်ဖျားတွေ အေးတာ အပါအဝင် ခြေဆစ်လက်ဆစ်တွေ ကိုက်တာ၊ တောင့်တာတွေ ခံစားရတာပါ။

    အဆစ်ကိုက်တဲ့သူတွေက သူတို့အဆစ်ကိုက်လာပြီဆိုရင် ရှေ့လျှောက်ရာသီဥတုအေးတော့မယ်ဆိုတာကို ကြိုသိကြပါတယ်။ ဒါခံစားသိပါ။ အပြင်မှာ မအေးသည့်တိုင် သူတို့ အဆစ်ကိုက်နေပြီဆိုရင် မကြာခင်မှာ အေးတော့မှာပါ။ ဒီလိုဖြစ်ရတာက လေထုဖိအားအပြောင်းအလဲကို အဆစ်တွေက ခံစားမိလို့ပါ။

    အေးလာလို့ အဆစ်တွေမှာ လေထုဖိအားနည်းသွားရင် အဆစ်တွေက အလိုလိုနာလာပါတယ်။ တစ်ခုခုနဲ့ ခိုက်မိလို့ အပေါ်ကနေ လက်ဝါးလေးနဲ့ ဖိထားလိုက်ရင် မနာသလိုပါပဲ။ လေထုဖိအားများနေတဲ့အခါ အဆစ်တွေကို ဖိထားသလိုဖြစ်ပြီး မကိုက်ပါဘူး။ အေးလို့ ဖိအားနည်းသွားရင်တော့ စပြီး ကိုက်လာပါပြီ။

    အပြင်မှာ အေးလာရင် ဆီတွေခဲလာသလိုပဲ ရိုးတွင်းခြင်ဆီတွေလည်း ပျစ်လာပါတယ်။ ဒါကြောင့် အဆစ်တွေ လှုပ်လို့မကောင်းဘဲ တောင့်ပြီး နာလာပါတယ်။

    ဆောင်းတွင်းမှာအဆစ်ကိုက်တာ သက်သာစေဖို့

    ဆောင်းတွင်းမှာ တခြားအချိန်တွေထက် အဆစ်ပိုကိုက်တတ်ပေမယ့် ဒါကို ကျိတ်ခံစားနေစရာ မလိုပါဘူး။ အဆစ်ကိုက်တာ သက်သာစေဖို့

    • နွေးနွေးထွေးထွေးနေပါ။ အနွေးထည်၊ ဦးထုပ်၊ ခြေအိတ်၊ လက်အိတ် လိုသလို ဝတ်ဆင်ပါ။
    • ကိုက်တတ်တဲ့ အဆစ်ကို နွေးနွေးထွေးထွေး ထားပါ။ ဥပမာ ဒူးဆစ်ကိုက်တတ်ရင် ဒူးစွပ်လေး စွပ်ထားပါ။
    • သွေးပူလေ့ကျင့်ခန်း လုပ်ပါ။ သွေးပူလေ့ကျင့်ခန်းတွေက အဆစ်တောင့်တင်းတာတွေကို သက်သာစေသလို ခြေဖျားလက်ဖျားထိ သွေးရောက်စေပါတယ်။
    • ခန္ဓာကိုယ်ကို နွေးအောင် ထားပါ။ ရေနွေးသောက်ပါ။ ထမင်းစားရင်လည်း ပူပူနွေးနွေးစားပါ။
    • အဆစ်ကိုက်လာတဲ့အခါ ရေနွေးစိမ်ပါ။ ရေနွေးနဲ့ ရေချိုးပါ။
    • ဆေးပူလိမ်းပါ။ ညဘက်တွေ ကိုက်တတ်ရင် ဆေးပူလိမ်း၊ သေချာစောင်ခြုံပြီးမှ အိပ်ပါ။
    • အေးလွန်းတဲ့ရက်တွေဆို အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေပါ။
    • ရေများများသောက်ပါ။ ရေဓာတ်ပြည့်ဝနေမှ ရိုးတွင်းခြင်ဆီ ပျစ်တာကို ကာကွယ်နိုင်မှာပါ။
    • နေရောင်ခံပါ။ မနက်နေထွက်စအချိန်ဆို နေရာင်ပျပျမှာ အကြောလျှော့ပေးပါ။ ဗီတာမင် ဒီရရှိတာကြောင့် အရိုးအဆစ်တွေ သန်မာသလို ခန္ဓာကိုယ်ကို နွေးထွေးစေပါတယ်။

    သာမန်အရိုးအဆစ်ကိုက်တာလောက်ကိုတော့ ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ အဆစ်ကိုက်ရုံတင် မဟုတ်ဘဲ ရောင်နေမယ်။ နာနေမယ်။ လှုပ်ရှားရခက်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement