backup og meta

ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်း

    ဒူးဆစ်ဟာ ကိုယ်ခန္ဓာမှာ အရေးပါတဲ့အဆစ်တခုပဲ ဖြစ်ပါတယ်။ လမ်းလျှောက်နိုင်၊ အထိုင်အထလုပ်နိုင်ဖို့အတွက် ဒူးဆစ်ကောင်းမွန်ဖို့ လိုပါတယ်။ ဒူးဆစ်မကောင်းတော့ရင် လမ်းမလျှောက်နိုင်ရုံမကဘဲ အမြဲတမ်းနာကျင်ကိုက်ခဲနေနိုင်လို့ နေ့စဉ်လူနေမှုဘဝကိုပါ ထိခိုက်လာနိုင်ပါတယ်။

    ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်းကို ဆေးပညာအရ knee arthroplasty လို့ ခေါ်ဝေါ်ပါတယ်။ ဒူးဆစ်တွေ ဆိုးဆိုးရွားရွားပျက်စီးခြင်းကြောင့် နာကျင်ကိုက်ခဲခြင်း၊ လှုပ်ရှားမှု မပြုနိုင်ခြင်း စတာတွေကို ပြန်လည်သက်သာအောင် ဖြစ်ပါတယ်။ ပျက်စီးနေတဲ့ အရိုးနဲ့ အရိုးနုတွေကို ဖယ်ထုတ်ပြီး ဒူးဆစ်အတု ထည့်သွင်းနိုင်ပါတယ်။ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ကျန်းမာရေး အခြေအနေ စတာတွေပေါ်မူတည်ပြီး အစားထိုးမယ့် ဒူးဆစ်အမျိုးအစားကို ရွေးချယ်ပါတယ်။

    များသောအားဖြင့် ဒူးဆစ်အစားထိုး ခွဲစိတ်ခြင်းဟာ ဘေးကင်းစိတ်ချရတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ ဒူးဆစ်အစားထိုး ခွဲစိတ်မှုများရဲ့ ၉၀ရာခိုင်နှုန်းကျော်ဟာ ရောဂါဝေဒနာကနေ သိသိသာသာ သက်သာပျောက်ကင်းမှု ရှိပါတယ်။

    ဘယ်အချိန်မှာ အစားထိုးခွဲစိတ်ခြင်း ပြုလုပ်သင့်သလဲ

    ဒူးဆစ်ထိခိုက်ပျက်စီးခြင်းကြောင့် ပုံမှန်လမ်းလျှောက်ခြင်းမပြုနိုင်ရင်၊ သက်သက်သာသာနေချိန်မှာတောင် နာကျင်ကိုက်ခဲနေရင် ဒူးဆစ်အစားထိုးခြင်း ပြုလုပ်သင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အထူးသဖြင့် တခြားသော ဆေးဝါး၊ လေ့ကျင့်ခန်း ကုသခြင်းများနဲ့ သက်သာမှုမရှိရင် ဖြစ်ပါတယ်။

    ဖြစ်နိုင်ခြေအန္တရာယ်များ

    ဒူးဆစ်အစားထိုးကုသခြင်းဟာလည်း အခြားသောခွဲစိတ်ကုသခြင်းတွေလိုပဲ ဖြစ်နိုင်ခြေအန္တရာယ်တချို့ ရှိပါတယ်။ ၎င်းတို့ကတော့

    – ရောဂါပိုးဝင်ခြင်း

    – ခြေထောက်သွေးပြန်ကြောနှင့် အဆုတ်များတွင် သွေးခဲခြင်း

    – အာရုံကြောများထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

    အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ဒူးဆစ်မှာ နီရဲရောင်ရမ်းခြင်း စတာတွေဟာ ရောဂါပိုးဝင်တဲ့လက္ခဏာတွေ ဖြစ်ပါတယ်။ လိုအပ်ရင် အစားထိုးထားတဲ့ ဒူးဆစ်အတုကို ပြန်လည်ခွဲထုတ်ပြီး ပဋိဇီဝဆေးများနဲ့ ကုသရနိုင်ပါတယ်။ ရောဂါပိုးဝင်ခြင်းကို ကုသပြီးရင်တော့ ဒူးဆစ်အသစ်ပြန်လည် တပ်ဆင်ပါတယ်။

    တခါတရံမှာ အစားထိုးထားတဲ့ အဆစ်ဟာလည်း ပျက်စီးခြင်း ဖြစ်နိုင်ပါတယ်။ တောင့်တင်းတဲ့ သတ္တု၊ ပလတ်စတစ် စတာတွေနဲ့ ပြုလုပ်ထားပေမယ့် အသုံးပြုပါများရင်၊ နေ့စဉ် ထိအားအလွန်အကျွံ သက်ရောက်နေရင် အဆစ်အတုများလည်း ပျက်စီးလို့ ပြန်လည်အစားထိုးရတတ်ပါတယ်။

    ဘယ်လိုပြင်ဆင်မလဲ

    ခွဲစိတ်မှုမလုပ်ခင်မှာ မိမိသောက်သုံးနေတဲ့ ဆေးဝါးတွေအကြောင်း ဆရာဝန်ကို ဖွင့်ပြောရပါမယ်။ ဗီတာမင်အားဆေးများ၊ ဖြည့်စွက်စာများ အပါအဝင် ဖြစ်ပါတယ်။ ဆရာဝန်က ရပ်ဖို့ညွှန်ကြားတဲ့ဆေးတွေဆိုရင် သောက်သုံးမှုရပ်တန့်ထားရပါမယ်။ ခွဲစိတ်မှုမပြုမီ ညပိုင်းမှာ အစာမစားရေမသောက်ရပါဘူး။ ခွဲစိတ်ချိန်မတိုင်မီ ၈ နာရီအတွင်းမှာ အစာမစား၊ ရေမသောက်ဖို့ သတ်မှတ်ချက် ရှိပါတယ်။

    ခွဲစိတ်နေစဉ် ဘာတွေ ကြုံတွေ့ရမလဲ

    မေ့ဆေးထုံဆေးတမျိုးမျိုးနဲ့ ခွဲစိတ်ပါလိမ့်မယ်။ မိမိရဲ့ အခြေအနေပေါ်မူတည်ပြီး မေ့ဆေး၊ ဒါမှမဟုတ် ခါးဆစ်ရိုးထုံဆေး ပေးပါလိမ့်မယ်။ ရောဂါပိုးမဝင်စေဖို့ ပဋိဇီဝဆေးများကို သွေးပြန်ကြောကနေလည်း ပေးသွင်းပါလိမ့်မယ်။ ဒူးဆစ်ကို ခွဲစိတ်ပြီးရင် မကောင်းတဲ့အစိတ်အပိုင်းတွေကို ဖယ်ထုတ်ပါလိမ့်မယ်။ အစားထိုးမယ့် အစိတ်အပိုင်းတွေကို တပ်ဆင်ပါလိမ့်မယ်။ ပြီးရင် အဆစ်တုနဲ့ ကောင်းစွာလှုပ်ရှားနိုင်စွမ်း ရှိမရှိ စစ်ဆေးပါလိမ့်မယ်။ စိတ်ချရချိန်မှာတော့ ဒူးဆစ်ကို ပြန်ချုပ်ပါလိမ့်မယ်။

    ခွဲစိတ်ပြီးချိန် ဘယ်လိုနေရသလဲ

    ခွဲစိတ်ပြီးချိန် စောင့်ကြည့်လူနာခန်းမှာ နာရီအနည်းငယ် နေရပါတယ်။ အဲဒီနောက် ပုံမှန်ခန်းကိုပြောင်းရွှေ့ပြီး ရက်အနည်းငယ်နေရနိုင်ပါတယ်။ ဆေးရုံမှာရှိချိန် ခြေထောက်ကို လှုပ်ရှားပေးတဲ့ အပေါ့စား လေ့ကျင့်ခန်းလေးတွေ ပြုလုပ်ရပါတယ်။ ခြေထောက်မှာ အထိန်းလည်း တပ်ဆင်ထားရနိုင်ပါတယ်။ နောက်ပိုင်းမှာလည်း ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။

    ဆေးရုံကနေ အိမ်ပြန်ရောက်သွားရင်လည်း ဆရာဝန်ညွှန်ကြားချက်တွေအတိုင်း လိုက်နာပေးဖို့ လိုပါတယ်။ အိမ်မှာ လမ်းကောင်းကောင်းမလျှောက်နိုင်မှာ ကိုင်တွယ်သွားလာဖို့ အမှီအတန်းတွေ ပြုလုပ်ထားရပါမယ်။ လှေကားတက်ခြင်းကို တတ်နိုင်သလောက် ရှောင်ရပါမယ်။ ဆရာဝန်ချိန်းဆိုတဲ့အခါတိုင်း မပျက်မကွက် ပြသရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement