brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေ ပြီးမြောက်စေဖို့ စွမ်းစွမ်းတမံ လုပ်ဆောင်ပေးတဲ့ အစိတ်အပိုင်းလေး တစ်ခု ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ လက်အစုံပါ။ စားတာသောက်တာ၊ ချက်တာပြုတ်တာ၊ စာရေးတာ၊ ကားမောင်းတာကစလို့ အမျိုးမျိုးသော တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာလေးတွေကို လုပ်ဆောင်ပေးတဲ့ လက် နဲ့ လက်ကောက်ဝတ် တွေမှာ ကိုက်ခဲတာ နာကျင်တာတွေ ဖြစ်မယ်ဆိုရင် အလုပ်မတွင်သလို အတော်လေး မသက်မသာဖြစ်မယ်ဆိုတာ ပြောနေစရာတောင် မလိုပါဘူး။

လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

လက်ချောင်းမှာ ဓားရှရင်တောင် ပစ္စည်းတွေ ကိုင်တွယ်ဖို့ အခက်အခဲဖြစ်တာပါ။ တကယ်လို့ လက်ကြီးတစ်ချောင်း ဒါမှမဟုတ် လက်ကောက်ဝတ်သာ နာမယ်ဆိုရင်တော့ အတော်လေး ခက်ခဲမယ့် ကိစ္စပါ။ ဒီတစ်ခေါက်တော့ လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ လုပ်ဆောင်ပေးလို့ ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

လက် နဲ့ လက်ကောက်ဝတ်ကို ဘာတွေက ပါဝင်ဖွဲ့စည်းထားတာလဲ

လက် နဲ့ လက်ကောက်ဝတ်ကို အရိုးငယ်လေးတွေ ၂၇ ခုနဲ့ ပါဝင်ဖွဲ့စည်းထားတာပါ။ ဒီ ၂၇ ခုထဲက ၈ ခုက လက်ကောက်ဝတ်ကို ဖွဲ့စည်းထားတာပါ။ လက်ချောင်း တစ်ချောင်းချင်းစီမှာ အရိုး ၃ ခုစီ ပါရှိပြီး လက်မမှာတော့ အရိုး ၂ ခု ပါရှိပါတယ်။ လက်ဖဝါးမှာ အရိုး ၅ ခုရှိပါတယ် လက်ချောင်း တစ်ချောင်းစီနဲ့ လက်မကို လက်ကောက်ဝတ်က ချိတ်ဆက်ပေးထားပါတယ်။

လက်နဲ့ လက်ကောက်ဝတ်ကို အရိုးငယ် ၂၇ ခု အပြင် ကြွက်သား ၃၀ နဲ့ ဖွဲ့စည်းထားတာပါ။ ကြွက်သားတွေက လက်တွေ၊ လက်ကောက်ဝတ်နဲ့ လက်ဖျံတွေမှာ ရှိပါတယ်။

ကြွက်သားတွေနဲ့ အရိုးတွေကို အရွတ်တွေက တွယ်ဆက်ပေးထားပါတယ်။ အရွတ်တွေက သေးငယ်ပေမယ့် ခိုင်မာတဲ့ တွယ်ဆက် တစ်ရှူးတွေပါ။

လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲရတဲ့ အကြောင်းအရင်း

လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲရတာက အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

  • ထိခိုက်ဒဏ်ရာ ရတာ
  • တစ်ရှူးမှာ ထိခိုက်ဒဏ်ရာ ရတာ
  • တစ်ရှူးတွေ ရောင်ရမ်းတာ
  • မတော်တဆ ထိခိုက်မိတာ
  • အရိုးထိခိုက်တာ
  • အရိုးအက်တာ
  • အဆစ်လွဲတာ
  • အရိုးကျိုးတာ
  • အရွတ်ရောင်တာ
  • လေးပင်တဲ့အရာကို အချိန်အတော်ကြာ ကိုင်ဆွဲထားရတာ
  • လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာတွေကြောင့် လက်နဲ့ လက်ကောက်ဝတ် နာကျင် ကိုက်ခဲရတာပါ။

လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။

နာကျင်မှုကို ပိုဆိုးစေနိုင်တာတွေကို ရှောင်ပါ

လက် နဲ့ လက်ကောက်ဝတ် နာကျင်နေပြီဆိုရင် နာကျင်တာကို ပိုဆိုးစေနိုင်တဲ့ အလေ့အထတွေကို ရှောင်ရပါမယ်။ ဥပမာ – ဝက်အူရစ်တာ၊ ဆေးသုတ်တာ၊ အလေးအပင်တွေ မတာလိုမျိုး အရာတွေပါ။ နာကျင်နေစဉ်မှာ ဒီအပြုအမူတွေကို လုပ်မယ်ဆိုရင် နာကျင်တာ ပိုဆိုးသွားနိုင်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ။ အကြောလျှော့ပါ

လက်အရွတ်တွေနဲ့ ကြွက်သားတွေကို သွေးလည်ပတ်မှု ကောင်းစေမယ့် လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ကြွက်သားတွေကို သန်မာစေပြီး အဆစ်တွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။

ရေခဲကပ်ပါ

နာကျင်ကိုက်ခဲနေတာကို ရေခဲကပ်တာကလည်း သက်သာစေမယ့် နည်းလမ်းတစ်ခုပါ။ ကြွက်သားတွေ ရောင်နေမယ်ဆိုရင် အရောင်ကျစေပြီး သက်သောင့်သက်သာ ဖြစ်စေမှာပါ။ ၁၅ မိနစ်လောက် ကပ်ပြီးတိုင်း ခဏ နားပေးဖို့ သတိရပါ။ ရေခဲကို ပုဝါတစ်ခုခုထဲ ထည့်ပြီးမှ ကပ်ပါ။

ရေနွေးအိတ် ကပ်ပါ

ရက်ပိုင်းလောက်နေလို့မှ နာကျင်မှု မသက်သာရင် ရေနွေးအိတ်ကပ်ပါ။ ရေနွေးအိတ်ကပ်တာ၊ ရေနွေးနဲ့ ရေချိုးတာတွေက ကြွက်သားတွေ အဆစ်တွေဆီ သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေတာကြောင့် နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကိုက်ခဲနေတဲ့ နေရာကို ရေနွေးအိတ် ကပ်ပေးတာက နည်းလမ်းကောင်း တစ်ရပ်ပါ။

လက်ဖက်စိမ်း ရေနွေးကြမ်းသောက်ပါ

လက်ဖက်စိမ်းရေနွေးကြမ်းက အရောင်ကျစေပြီး နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲနေတယ်ဆိုရင် လက်ဖက်စိမ်း ရေနွေးကြမ်းကို ၂ ခွက်ကနေ ၃ ခွက်လောက် သောက်ပေးပါ။

အာဟာရမျှတအောင် စားပါ

လက်နဲ့ လက်ကောက်ဝတ် နာကျင်နေတဲ့အခါ အဆီများတာ သကြားများတာတွေကို ရှောင်ပါ။ ဒါတွေက နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းတာကို ပိုဆိုးစေနိုင်လို့ပါ။ နာကျင်ကိုက်ခဲနေချိန်မှာ အသီးအရွက်တွေ၊ သစ်သီးတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ အဆီမပါတဲ့ ပရိုတင်းတွေကို စားပေးဖို့ လိုပါမယ်။

အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပြီး လက်နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ လုပ်ဆောင်ကြည့်လိုက်စို့နော်။

လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

  • နာကျင်မှုကို ပိုဆိုးစေနိုင်တာတွေကို ရှောင်ပါ
  • လေ့ကျင့်ခန်း လုပ်ပါ။ အကြောလျှော့ပါ
  • ရေနွေးအိတ် ကပ်ပါ
  • ရေခဲကပ်ပါ
  • နနွင်း လိမ်းပါ
  • လက်ဖက်စိမ်း ရေနွေးကြမ်းသောက်ပါ
  • အာဟာရမျှတအောင် စားပါ
Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/02/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။