brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လေးဖက်နာဖြစ်လာဖို့ အန္တရာယ်ပိုများစေတဲ့ အလုပ်အကိုင်များ

လေထုထဲက အဆိပ်သင့်အမှုန်အမွှားတွေနဲ့ ထိတွေ့နေရတဲ့ အလုပ်လုပ်ကိုင်သူတွေဟာ လေးဖက်နာအဆစ်ရောင်ရောဂါဖြစ်လာနိုင်ခြေ ပိုများနိုင်တယ်လို့ ဆွီဒင်နိုင်ငံကပြုလုပ်တဲ့ သုတေသနတစ်ခုက ဖော်ပြပါတယ်။ လေးဖက်နာ (rheumatoid arthritis )ဟာ အဆစ်အမြစ်တွေမှာ ရောင်ရမ်း၊ နာကျင်မှုတွေဖြစ်ပေါ်စေတဲ့ ကိုယ်ခံအားစနစ်ရဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

လေးဖက်နာဖြစ်လာဖို့ အန္တရာယ်ပိုများစေတဲ့ အလုပ်အကိုင်များ

သုတေသနအရ အမျိုးသားတွေမှာ ပန်းရန်ဆရာတွေ၊ လျှပ်စစ်ပြင်ဆရာတွေနဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေဟာ တခြားအလုပ်အကိုင် လုပ်နေသူတွေထက်လေးဖက်နာအဆစ်ရောင်ဖြစ်နိုင်ခြေ နှစ်ဆပိုများတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ အမျိုးသမီးတွေမှာတော့ သူနာပြုဆရာမတွေက တခြားအလုပ်တွေမှာထက်လေးဖက်နာဖြစ်လာနိုင်တဲ့ အန္တရာယ် ၃၀ ရာခိုင်နှုန်းပိုများနေပါတယ်။

ကုန်ထုတ်လုပ်ရေးကဏ္ဍက အလုပ်သမားတွေက လေးဖက်နာရောဂါဖြစ်နိုင်ခြေပိုများတယ်လို့ အရင်သုတေသနတွေကဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ဒီကဏ္ဍကအလုပ်သမားတွေဟာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အသိပညာပေးခြင်းနဲ့ အဝလွန်ခြင်းအပါအဝင် လူနေမှုပုံစံမှာ သတိထားထိန်းချုပ်နေတာတောင်မှ rheumatoid arthritis အန္တရာယ်ရှိနေသေးတယ်ဆိုတာကို ထောက်ပြနိုင်တာဖြစ်တယ်လို့ ဆွီဒင် Karolinska Institute မှ ဦးဆောင်သုတေသီAnna Ilar ကပြောပါတယ်။

အဆစ်အမြစ်တွေ ယိုယွင်းပျက်စီးစေမှုကြောင့်ဖြစ်ရတဲ့ ပိုအဖြစ်များကြတဲ့ အရိုးအဆစ်ရောင်ရောဂါနဲ့မတူတဲ့အချက်ကတော့ လေးဖက်နာမှာ ခန္ဓာကိုယ်ရဲ့အရိုးအဆစ်တွေကို ကိုယ်ခံအားက ပြန်တိုက်ခိုက်တာပဲဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်းကို လေးဖက်နာဖြစ်စေနိုင်တဲ့ အန္တရာယ်အချက်တစ်ချက်အဖြစ် သိကြပြီးဖြစ်သလို လူတချို့မှာ ဒီရောဂါဖြစ်လာစေနိုင်တဲ့ ပတ်ဝန်းကျင်အကြောင်းရင်းတွေကို သုတေသနကထောက်ပြခဲ့ပါတယ်။ လေထုညစ်ညမ်းစေတဲ့အရာတွေကို ရှူရှိုက်မိလို့ဖြစ်လာတဲ့ အဆုတ်တွင်းပြောင်းလဲမှုတွေဟာ လေးဖက်နာရောဂါဖြစ်စေနိုင်တဲ့ ကိုယ်ခံအားစနစ်ရဲ့တုံ့ပြန်မှုတွေဖြစ်လာစေပါတယ်။

Arthritis Care and Research မှာဖော်ပြခဲ့တဲ့ သုတေသနအသစ်မှာ လေးဖက်နာရောဂါရှိသူ ၃၅၂၂ ဦး၊ မရှိသူ ၅၅၈၀ ဦးတို့ရဲ့ အချက်အလက်တွေကိုလေ့လာဆန်းစစ်ခဲ့ပါတယ်။ သူတို့တွေရဲ့ အလုပ်အကိုင်ရာဇဝင်ကို အချက်အလက်စုဆောင်းပြီး သွေးနမူနာစစ်ဆေးမှုရလဒ်တွေကတဆင့် ဒီရောဂါနဲ့ပတ်သက်တဲ့ မျိုးဗီဇအချက်အလက်တွေကိုစစ်ဆေးခဲ့ပါတယ်။

ကုန်ထုတ်လုပ်ရေးအလုပ်တွေမှာ တာဝန်ထမ်းဆောင်ရသူတွေနဲ့ ပညာရှင်၊ စီမံခန့်ခွဲရေးနဲ့ နည်းပညာအလုပ်အကိုင်တို့လို အငြိမ်အလုပ်အကိုင်သမားတွေကိုနှိုင်းယှဉ်တဲ့အခါ လျှပ်စစ်ပြင်သမားတွေက လေးဖက်နာဖြစ်နိုင်ခြေ နှစ်ဆပိုများပြီး ပန်းရန်အလုပ်သမားတွေနဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေက သုံးဆ ပိုအန္တရာယ်ရှိတယ်လို့တွေ့ရှိရပါတယ်။

အကြောင်းရင်းကတော့ လေးဖက်နာဖြစ်စေနိုင်တဲ့ silica၊ asbestosနဲ့ အော်ဂင်းနစ်ပျော်ဝင်ပစ္စည်းတွေနဲ့ ကားအိတ်ဇောကထွက်ရှိတဲ့ အငွေ့တွေလိုမျိုး အဆိပ်ဓာတ်တွေကို ရှူရှိုက်မိတာကြောင့် ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်ဓာတ်ပစ္စည်းက ဒီရောဂါကိုဖြစ်စေနိုင်တာလဲလို့တော့ သုတေသနက အသေးစိတ်ခွဲခြားမပြခဲ့ပါဘူး။ ဒါ့အပြင် လက်လုပ်လက်စား အလုပ်အကိုင်တွေက လေးဖက်နာရောဂါဖြစ်လာစေဖို့ကို ဘယ်လိုသက်ရောက်မှုရှိနေသလဲဆိုတာကို လည်း ဆန်းစစ်ချက်တိုကရိုက်မဖော်ပြခဲ့ပါဘူး။

“ အလုပ်ကြမ်းတွေ လုပ်တာများခြင်းက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ဖိအားတွေဖြစ်စေနိုင်ပြီး ရောဂါ( rheumatoid arthritis)ဖြစ်လာစေနိုင်တယ်ဆိုတဲ့ အထောက်အထားတချို့တော့တွေ့ရတယ်” လို့ သုတေသီMichaud ဆိုသူကပြောပါတယ်။

အိပ်ရေးမဝတာနဲ့ အဆက်မပြတ်အလုပ်လုပ်နေရတာတွေက ကိုယ်ခံအားစနစ်ကို သက်ရောက်နိုင်တဲ့ ဖိအားတွေဖြစ်ပေါ်စေပါတယ်။ ကိုယ်ခံအားကို ဖိအားများလေ ပုံမှန်မဟုတ်တဲ့တုံ့ပြန်မှုတွေ ဖြစ်လာနိုင်တဲ့ အခွင့်အလမ်းများလေဖြစ်ပြီး လေးဖက်နာလိုမျိုး autoimmuneရောဂါတွေဖြစ်လာစေနိုင်ပါတယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။