တခြား အဆစ်အမြစ်ကိုက်တာတွေလိုပဲ ရေခဲဝတ်ကပ်တာ၊ ရေနွေးအိတ်ကပ်တာတွေ လုပ်ပေးနိုင်ပါတယ်။ အဆစ်တွေ နာပြီး ရောင်နေပြီဆိုရင် ရေခဲတုံးကို အဝတ်ထဲထည့်ပြီး ခံနိုင်လောက်တဲ့ အအေးဓာတ်နဲ့ နာတဲ့နေရာကို ကပ်ပေးပါ။ တစ်ခါကပ်ရင် မိနစ် ၂၀ကပ်ပေးနိုင်ပါတယ်။ ပြီးရင် ခဏနားပြီးမှ ပြန်ကပ်ပါ။ ဒီလိုလုပ်ပေးတာက ကြွက်သားတွေ တင်းမာနေကိုလည်း ပြေလျော့စေပါတယ်။
ရေခဲဝတ်မကပ်ချင်ရင် ရေနွေးအိတ်ကပ်ပေးလို့လည်း ရပါတယ်။ ခံနိုင်လောက်တဲ့ အပူနဲ့ တစ်ခါကပ် မိနစ် ၂၀ကပ်ပေးပါ။ ပြီးရင် နားပါ။ ပြန်နာရင် ပြန်ကပ်ပါ။ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတဲ့အပြင် အဆစ်တွေ တောင့်နေတာကိုလည်း လျော့ကျစေပါတယ်။
- လိမ်းဆေးတွေ၊ ကပ်ခွာတွေ၊ သောက်ဆေးတွေ အသုံးပြုပါ။
ကိုက်တာခဲတာ ဖြစ်လာရင် ဒဏ်ကြေဆေးတွေ လိမ်းလို့ရသလို ပလာစတာတွေလည်း ကပ်လို့ ရပါတယ်။ ဒါတွေနဲ့ မသက်သာရင်တော့ ဆရာဝန်ညွှန်ကြားထားတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။
ဆေးလိပ်က သွေးလေးဖက်နာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ခဏခဏ ရောဂါပြန်ကြွနေမှာပါ။ ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ အကြံပေးလိုပါတယ်။
ကိုယ်နဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိအောင် ထိန်းသိမ်းပါ။ အပေါ်မှာ ပြောထားတဲ့ လေ့ကျင့်ခန်းတွေက ကိုယ်အလေးချိန်လျှော့ချဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။ အဝလွန်ရင် နဂိုက ရောင်ရမ်းနေတဲ့ အဆစ်တွေ အပေါ်ဝန်ပိပြီး ပိုဆိုးပါလိမ့်မယ်။
- စိတ်ဖြေလျှော့တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။
စိတ်ပြေလျော့ပြီး နာကျင်တာတွေကို မေ့ထားနိုင်တဲ့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ စိတ်ချမ်းသာစရာတွေပဲ တွေးတာမျိုးပေါ့။ နာကျင်တဲ့ နေရာကို အသာအယာ နှိပ်နယ်ပေးတာကလည်း ကြွက်သားတွေကို ပြေလျော့စေလို့ နာကျင်မှုတွေ သက်သာစေမှာပါ။
ဘာတွေစားလို့ ဘာတွေ ရှောင်
အစာအာဟာရ အုပ်စုစုံပါဝင်ပြီး မျှတလုံလောက်အောင် စားတာက ကိုယ်အလေးချိန်ကို ထိန်းနိုင်တဲ့အပြင် ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ လေးဖက်နာရောဂါရှိသူတွေ အနေနဲ့ သဘာဝအစားအစာတွေထဲမှာ ထူးထူးခြားခြားရှောင်ရမယ့် အစားအစာ သိပ်မရှိပါဘူး။ ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေ၊ အဆီအဆိမ့်တွေတော့ ရှောင်ရပါမယ်။
လေးဖက်နာရောဂါရှိသူတွေအတွက် အစားသေချာစားတာက ရှောင်တာထက် ပိုအရေးကြီးပါတယ်။ ပိုစားပေးသင့်တာတွေကတော့
- အိုမီဂါ ၃ ဖက်တီးအက်စစ် ကြွယ်ဝတဲ့အစားအစာတွေ
အိုမီဂါ ၃ ဖက်တီးအက်စစ်က သွေးလေးဖက်နာရောဂါမှာ နာကျင်တာနဲ့ အဆစ်တွေ တင်းတာကို သက်သာစေတယ်လို့ ဆိုပါတယ်။ သဘာဝအစားအစာတွေထဲမှာဆိုရင် အဆီပါတဲ့ငါး (ဆယ်မွန်၊ တူနာ၊ မြန်မာပြည်မှာဆို ငါးမြင်းဗိုက်သား၊ ပင်လယ်ငါး) ၊ ချီယာစေ့၊ နှမ်းကြတ်စေ့၊ သစ်ကြားသီး စတာတွေ စားပေးပါ။
အပြင်က ဖြည့်စွက်အားဆေးတွေ (ငါးကြီးဆီ) သောက်လည်း ရပါတယ်။ ဒါပေမယ့် ဖြည့်စွက်အားဆေးတွေ သောက်မယ်ဆိုရင် တခြားဆေးတွေနဲ့ ဓာတ်ပြုနိုင်လို့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ သောက်စေချင်ပါတယ်။ တချို့သူတွေမှာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ပျို့အန်တာ၊ ဗိုက်ပွတာ စတဲ့ သာမန်လက္ခဏာလေးတွေ ပြတတ်ပါတယ်။
ဗီတာမင် အေ၊ စီ၊ အီးနဲ့ ဆီလီနီယမ် ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့လိုပါတယ်။ ဥပမာ ဘယ်ရီသီး အုပ်စု (စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ)၊ ဟင်းနုနွယ်၊ ပဲ၊ တခြား အစိမ်းရောင်အရွက်တွေ၊ ချဉ်တဲ့ အသီးတွေ စားပေးပါ။ ဒီဓာတ်တွေက ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။
- အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ
အမျှင်ဓာတ်က ရောင်ရမ်းမှုကို လျှော့ချပေးလို့ C-reactive proteinကို နည်းစေတယ်လို့ ဆိုပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ ကောက်နှံတွေ၊ လတ်ဆတ်တဲ့ အသီးတွေ၊ အရွက်တွေ များများစားပေးပါ။
ဒါကလည်း ရောင်ရမ်းမှုကို ခံနိုင်ရည်ရှိစေပါတယ်တဲ့။ ဒါကြောင့် ဒီဓာတ်ပါဝင်မှုများတဲ့ ပဲအမျိုးမျိုး၊ တို့ဖူး၊ ဘယ်ရီသီး၊ လက်ဖက်စိမ်း၊ ပန်းဂေါ်ဖီစိမ်း၊ စပျစ်သီး စတာတွေကို စားပေးပါ။
သွေးလေးဖက်နာဟာ နာတာရှည်ရောဂါဖြစ်လို့ တစ်သက်လုံး ရောဂါကို ထိန်းသွားရမှာပါ။ ဒါပေမယ့် စိတ်ဓာတ်ကျစရာ မလိုပါဘူး။ ဆေးတွေ မှန်မှန်သောက်မယ်၊ ဆောင်ရန် ရှောင်ရန်တွေ လိုက်နာမယ်၊ အာဟာရရှိအောင် စားမယ်ဆိုရင် သာမန်လူလိုပဲ နေနိုင်ပါတယ်။ ဒါ့ပြင် ကိုယ်နဲ့ ဘဝတူ လေးဖက်နာဝေဒနာရှင်တွေနဲ့ မကြာခဏစကားပြောတာ၊ အချင်းချင်း အားပေးတာကလည်း စိတ်သက်သာရာ ရစေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။