backup og meta

ASOတက်တိုင်း လေးဖက်နာ ဖြစ်ရောလား။

ASOတက်တိုင်း လေးဖက်နာ ဖြစ်ရောလား။

ဒါက ခဏခဏ ကြုံနေကျကိစ္စပါပဲ။ ခုလို မိုးရာသီဆိုပိုဆိုး။ ခြေဆစ် လက်ဆစ်လေးများ မကိုက်လိုက်နဲ့။ ကိုယ့်ကိုယ်ကို ASOသွားစစ်။ တက်တော့ ငါတော့ လေးဖက်နာ ဖြစ်နေပြီပြော။ ပြီးတော့ ပင်နီဆလင်တွေသောက်။ တကယ်တော့ ဒါဟာ သေချာ မသိတာက စတာပါပဲ။ သိလားဆိုတော့လည်း မသိဘူး။ မသိဘူးလားဆိုတော့လည်း ကြားဖူးသလိုလို။ ကိုယ့်ဆရာပြောစကားအရဆိုရင် နင်တို့က ဟိုသီချင်းထဲလို ‘သိသလို မသိသလိုပါပဲ’ တဲ့။ ဘာကြောင့် ASOစစ်ရတာလဲ။ လေးဖက်နာဆိုတာ ဘာလဲ သေချာ မသိတော့ ဒီလိုတွေ ဖြစ်ရတာပါ။ ဒါကြောင့် ဒါလေးကို နည်းနည်းလေး ရှင်းကြရအောင်။

လေးဖက်နာ ဆိုတာ ဘာလဲ။

ဒါကို အရင်စရှင်းရမှာပေါ့။ လေးဖက်နာဆိုတာ ဆေးပညာအရတော့ Rheumatic feverလို့ ခေါ်ပါတယ်။ Group A Srteptococcusလို့ ခေါ်တဲ့ ဘက်တီးရီးယား ပိုးဝင်ခြင်းရဲ့ နောက်ဆက်တွဲကြောင့် ဖြစ်တာပါ။ ဒီဘက်တီးရီးယားပိုးက ကိုယ်ထဲဝင်လာရင် လည်ပင်းနာတာ ဒါမှမဟုတ် scarlet feverဆိုတာ ဖြစ်ပါတယ်။ သာမန်အရေပြားပိုးဝင်တဲ့အခါမှာလည်း ဒီဘက်တီးရီးယားဝင်နိုင်ပါတယ်။ ဝင်လာတာတဲ့အခါ လက္ခဏာပြတာလည်း ဖြစ်နိုင်သလို ဒီတိုင်းပဲ ပျောက်သွားတာလည်း ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဘက်တီးရီးယားဝင်လာပြီဆိုတာနဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က အလုပ်လုပ်ပါတယ်။ ဒီဘက်တီးရီးယားကိုတိုက်ဖို့ ပရိုတိန်းတွေ ထုတ်ပါတယ်။ ခက်တာက ဘက်တီးရီးယားရဲ့ ရုပ်နဲ့ (ရုပ်ပဲ ခေါ်ပါ့မယ်။ တကယ်က ပရိုတိန်း ကုဒ်လေးတွေပါ။) လူရဲ့ နှလုံးနဲ့ ကျောက်ကပ်မှာရှိတဲ့ ဆဲလ်တွေနဲ့ ရုပ်တူနေတဲ့အတွက် မှားပြီးတိုက်ပါတယ်။ ဒါကြောင့် လေးဖက်နာရောဂါရဲ့ နောက်ဆက်တွဲ အနေနဲ့ လေးဖက်နာ နှလုံးရောဂါတို့ ကျောက်ကပ်ရောင်တာတို့ ဖြစ်လာပါတယ်။ ပိုးကြောင့် ဖြစ်လို့ ပိုးလေးဖက်နာလို့လည်း ခေါ်ကြပါတယ်။

ပိုးဝင်တာက ၅နှစ်နဲ့ ၁၅နှစ်ကြား အရွယ်တွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် လူတိုင်းတော့ ပိုးဝင်ပြီးတိုင်း နောက်ဆက်တွဲ လေးဖက်နာရောဂါ ဖြစ်ချင်မှ ဖြစ်တာပါ။

လေးဖက်နာ မှန်း ဘယ်လိုသိမလဲ။

လေးဖက်နာလို့ ပြောဖို့အတွက် သွေးအဖြေတစ်မျိုးတည်းနဲ့ ပြောလို့မရပါဘူး။ Jones criteriaဆိုတာ ရှိပါတယ်။ နားလည်အောင် ပြောရရင် သူ့မှာ အဓိက အချက် (major criteria)နဲ့ သာမန်အချက် (minor criteria)ဆိုပြီး ရှိပါတယ်။

Major criteria မှာပါတာက

  • နှလုံးရောင်တာ
  • အဆစ်အမြစ်ရောင်တာ
  • အကြောဆွဲတာ
  • အရေပြားမှာ အနီကွက်ထွက်တာ
  • အရေပြားမှာ အကျိတ်လိုမျိုး အဖုထွက်တာ

Minor criteria မှာပါတာက

  • အဆစ်နာတာ
  • အဖျား ၃၈°C နဲ့ရှိတာ
  • ESR ဒါမှမဟုတ် CRP ဆိုတဲ့ သွေးအဖြေတက်တာ
  •  ECGမှာ PR interval ရှည်တာ စတာတွေပဲ ဖြစ်ပါတယ်။

တခြား ဖြည့်စွက်အချက်တွေ အနေနဲ့ကတော့

  • သွေးဆဲလ်တွေ စစ်တာ (complete blood count)
  • Antibody testတွေ ဖြစ်တဲ့ အများသိတဲ့ ASOတို့ ADBတို့ စစ်ကြပါတယ်။

လေးဖက်နာရောဂါရှိတယ်လို့ ပြောဖို့အတွက် major ၂ချက် ဒါမှမဟုတ် major ၁ချက်၊ minor ၂ချက် ဒါမှမဟုတ် minor ၃ချက် ရှိမှပြောလို့ရမှာပါ။ ဆရာဝန်စကားနဲ့ဆို  diagnosis ရောဂါအမည်တပ်လို့ ရမှာပါ။ လူတို့ စစ်စစ်နေကြတဲ့ ASOဆိုတာ လေးဖက်နာလို့ပြောဖို့အတွက် မရှိမဖြစ် လိုအပ်တာ မဟုတ်ပါဘူး။

ASOဆိုတာ

ASOဆိုတာ anti streptolysin O ကို ဆိုလိုတာပါ။ Streptococcusကနေထွက်တဲ့ streptolysin Oအတွက် ထွက်တဲ့ ပရိုတိန်းပါ။ ဘယ်ကနေပဲ streptococcus ဝင်ဝင် ASOထွက်ပါတယ်။ ဆိုလိုတာက လည်ချောင်းပဲနာနာ၊ အရေပြားပဲ ပိုးဝင်ဝင် ASO ထွက်ပါတယ်။ သူ့ရဲ့ အဓိပ္ပာယ်က သိပ်မကြာခင်ကပိုးဝင်ဖူးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ လေးဖက်နာဖြစ်ဖြစ် မဖြစ်ဖြစ် ပိုးဝင်ဖူးရင် ASOတက်မှာပါပဲ။

အဲ့ဒီတော့ မြန်မာနိုင်ငံလို နေရာမျိုးမှာ လည်ချောင်းမနာဖူးတဲ့သူ၊ အရေပြားမှာ ပြည်တည်နာ မဖြစ်ဖူးတဲ့သူ ဘယ်နှယောက်များ ရှိမှာမို့လို့လဲ။ ဗိုင်းရပ်စ်ကြောင့် နာတာလည်း ရှိပေမယ့် Streptococcusကြောင့် လည်ချောင်းနာဖူးတဲ့သူလည်း မရှားပါဘူး။ ဒါကြောင့် တော်တော်များများကို စစ်လိုက်ရင် ASOက တက်နေမှာပါပဲ။ ASOတက်တိုင်းသာ လေးဖက်နာဆိုရင် မြန်မာနိုင်ငံမှာ လေးဖက်နာတွေ တော်တော်များများနေပါပြီ။

ဒါဆို ဘာကြောင့် ASOစစ်နေကြတာလဲ။

ဒါဆို ASOက တိမှ မတိကျဘဲ ဘာလို့ စစ်နေသေးလဲလို့ မေးစရာ ရှိပါတယ်။ သေချာအောင်လို့ပါ။ ဆိုလိုတာက အပေါ်က criteriaတွေကို ကြည့်မယ်ဆိုရင် ဖြစ်ရတဲ့ အကြောင်းရင်းက ရှာရခက်ပါတယ်။ ဥပမာ အဆစ်ရောင်တာဆိုလည်း အကြောင်းရင်းတွေ အမျိုးမျိုးဖြစ်နိုင်တယ်။ နှလုံးရောင်တာဆိုလည်း အကြောင်းရင်းတွေ အမျိုးမျိုးဖြစ်နိုင်တယ်။ ဒါပေမယ့် လူနာခံစားရတဲ့ လက္ခဏာတွေ၊ ရောဂါရာဇဝင်တွေ မေးကြည့်တဲ့အခါ လေးဖက်နာတော့ ဖြစ်နိုင်တယ်လို့ ဆရာဝန်က ထင်တဲ့အခါ သိပ်မကြာသေးခင်က လေးဖက်နာ ပိုးများ ဝင်ဖူးသလားမသိဘူးဆိုပြီး စစ်ကြည့်တာပါ။ တက်နေရင်တော့ ပိုပြီး သေချာသလောက်ရှိတာပေါ့။

မတက်လည်း ရောဂါလက္ခဏာတွေက သေချာနေတဲ့အခါ (ဥပမာ ခုနကပြောသလို major လက္ခဏာထဲက၂ချက်လောက် တွေ့နေတဲ့အခါ ) လေးဖက်နာလို့ သတ်မှတ်ပြီး ဆေးကုလို့ရပါတယ်။

ASOတစ်မျိုးတည်းနဲ့ လေးဖက်နာလို့ သတ်မှတ်မိတဲ့အခါ

သွေးစစ်ချက် အဖြေတစ်မျိုးတည်းနဲ့ လေးဖက်နာလို့ သတ်မှတ်လို့မရပါဘူး။ ဒီလိုမှားယွင်းသတ်မှတ်မိတဲ့အခါ ဘာဖြစ်တတ်သလဲဆိုတော့ မလိုအပ်ဘဲ ပင်နီဆလင်ဆေးတွေ နှစ်နဲ့ချီ သောက်ရတယ်၊ ထိုးရတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလည်း ခံရတယ်။ လေးဖက်နာ ဖြစ်တာလည်း မဟုတ်ဘူးဆိုရင် ရောဂါတခြား ဆေးတခြား ကုမိပြီး အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း၊ ရောဂါမပျောက် ဖြစ်တာပေါ့။

ဒါကြောင့် အကြံပြုလိုတာာက ခြေဆစ် လက်ဆစ်ကိုက်တိုင်း လေးဖက်နာ မဟုတ်ပါဘူး။  ASOတစ်မျိုးတည်း တက်ရုံနဲ့ လေးဖက်နာလို့ သတ်မှတ်လို့မရပါဘူး။ လေးဖက်နာ မဖြစ်ချင်ဘူးဆို ပိုးဝင် လည်ချောင်းနာတဲ့အခါ သေချာကုပါ။ အထူးသဖြင့် ကလေးတွေပေါ့။ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေမသောက်ပါနဲ့လို့ အကြံပြုချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/diseases-conditions/rheumatic-fever/symptoms-causes/syc-20354588

https://www.medscape.com/answers/236582-31419/what-are-the-jones-criteria-for-diagnosis-of-acute-rheumatic-fever-arf

https://www.amboss.com/us/knowledge/Rheumatic_fever

https://www.cdc.gov/groupastrep/diseases-public/rheumatic-fever.html

https://labtestsonline.org/tests/antistreptolysin-o-aso

ယခုပုံစံ

22/09/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရေပြားလေးဖက်နာခံစားနေရသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ

ကိုယ်ဝန်ဆောင်နှင့်အရေပြားလေးဖက်နာ



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement