home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သွားအပြင် ဂရုစိုက်ဖို့လိုအပ်မယ့် ခံတွင်းအစိတ်အပိုင်းများ

သွားအပြင် ဂရုစိုက်ဖို့လိုအပ်မယ့် ခံတွင်းအစိတ်အပိုင်းများ

ကိုယ့်ရဲ့ ပါးစပ်ထဲမှာဘာတွေရှိနေလဲစဉ်းစားဘူးလား။ ပြီးတော့ ခံတွင်းကျန်းမာချင်ရင် သွားတိုက်လိုက်ရုံနဲ့ပြီးရောလား။ တကယ်တော့ ပါးစပ်ထဲမှာ သွားနဲ့သွားဖုံးအပြင်အခြားသောအစိတ်အပိုင်းတွေရှိနေပါသေးတယ်။ ပြီးတော့ စကားပြောရင်ဖြစ်ဖြစ် အစာတွေကိုချေဖျက်တဲ့အခါမှာဖြစ်ဖြစ် ဒီအစိတ်အပိုင်းတွေကပါ တာဝန်တွေကို ဝိုင်းဝန်းဆောင်ရွက်ပေးနေတာပါ။ ဒီတော့ သွားနဲ့ခံတွင်းအပြင် ပါးစပ်ရဲ့အခြားသောအစိတ်အပိုင်းတွေက ဘယ်လိုအရေးပါလဲဆိုတာနဲ့ ဒီအစိတ်အပိုင်းလေးတွေတစ်ခုချင်းစီကျန်းမာနေအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို မသိချင်ဘူးလား။

အမှန်တော့ခံတွင်းကျန်းမာချင်တယ်ဆိုရင် သွားကိုသေချာဂရုစိုက်ပေးရင်ရပြီလို့ ထင်နေတာ အဆန်းတော့မဟုတ်ပါဘူး။ တော်တော်များများက ပြုံးလိုက်ရင်ဖြစ်ဖြစ် စကားပြောရင်ဖြစ်ဖြစ် အရင်ဆုံးသတိထားမိတဲ့အစိတ်အပိုင်းက သွားတွေလေ။ ဒါပေမယ့် ခံတွင်းနံ့ဆိုးကင်းပြီး စကားပြောလိုက်တိုင်းရော ပြုံးလိုက်တိုင်းမှာ လှပနေစေဖို့အတွက် ဂရုစိုက်ရမယ့် အစိတ်အပိုင်းလေးတွေရှိနေပါသေးတယ်။ ဘာတွေများဖြစ်မလဲ။ ဆက်ကြည့်ရအောင်နော်။

ပါးစပ်ရဲ့ အစိတ်အပိုင်းလေးအချို့

သွားတိုက်တဲ့အခါ သွားတွေအကုန်လုံးကိုတိုက်ပေးဖို့လိုသလို ဒီအစိတ်အပိုင်းလေးတွေကိုလည်း ချန်ထားလို့မဖြစ်ပါဘူး။ ဒီအစိတ်အပိုင်းတွေကလည်း စကားပြောနိုင်ဖို့ရော အစားအစာတွေစားသောက်တဲ့အခါမှာပါအဆင်ပြေအောင် လုပ်ဆောင်ပေးနေတာပါ။

အပေါ်နှုတ်ခမ်းနဲ့အောက်နှုတ်ခမ်း

အရမ်းပူတာတွေ၊ စပ်တာတွေမစားပါနဲ့။ နှုတ်ခမ်းနီအမြဲမဆိုးပါနဲ့။ ရေများများသောက်ပေးပါ။ သွားတိုက်တဲ့အခါတိုင်း နှုတ်ခမ်းတွေကိုပါ သွားပွတ်တံနဲ့ခပ်ဖွဖွလေးတိုက်ပေးပါ။ ဆဲလ်သေတွေကိုဖယ်ရှားပေးရာရောက်ပြီး နှုတ်ခမ်းသားလေးတွေကို ကျန်းမာစေမှာပါ။ ဆေးလိပ်သောက်သုံးသူတွေအနေနဲ့လည်း ကျန်းမာတဲ့ နှုတ်ခမ်းတစ်စုံပိုင်ဆိုင်နိုင်စေဖို့ ဆေးလိပ်ြဖတ်ပါ။

အာခေါင်မာ

ဒီအစိတ်အပိုင်းကတော့ သွားဖုံးနောက်ဘက်ကနေလျှာခင်နားမရောက်ခင်အထိအစိတ်အပိုင်းပေါ့။ သွားတိုက်တဲ့အခါတိုင်း အာခေါင်ကိုလည်း တိုက်ပေးပါ။ ဒါမှ အာခေါင်မှာ ကပ်ညှိနေတဲ့ အစားအစအနတွေ၊ သွားချေးတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်မှာပါ။

အာခေါင်ပျော့

လျှာခင်နောက်ပိုင်းနဲ့ လည်ချောင်းေနာက်ဘက်ပိုင်းကအစိတ်ပိုင်းပါ။ သွားတိုက်တဲ့အခါ တိုက်မိဖို့ခက်ခဲပေမယ့် အာလုပ်ကျင်းတဲ့နည်းနဲ့ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်ပြီးတိုင်း ခေါင်းကိုအပေါ်မော့လို့ အာလုပ်ကျင်းပေးပါ။ ဘက်တီးရီးယားတွေကို သန့်စင်ပေးနိုင်မှာပါ။

ပါးအတွင်းပိုင်း

ဒါကတော့ ထွေထွေထူးထူးမပြောပြလည်းသိနိုင်မှာပါ။ ပါးနှစ်ဖက်ရဲ့ အတွင်းပိုင်းမျက်နှာပြင်တွေပါ။ သွားတိုက်တဲ့အခါ ဒီအစိတ်အပိုင်းလေးတွေကိုလည်း မမေ့မလျော့သန့်စင်ပေးပါနော်။ ဒါမှ ဘက်တီးရီးယားတွေနဲ့ရောဂါတွေ၊ အနံ့ဆိုးကင်းစင်တဲ့ ခံတွင်းကို ပိုင်ဆိုင်နိုင်မှာပါ။

သွားဖုံးတွေ

သွားတွေရဲ့ အောက်ခြေမှာရှိနေတဲ့ ပန်းရောင်သန်းနေတဲ့အစိတ်အပိုင်းလေးပေါ့။ မှန်ထဲကြည့်လည်း အလွယ်တကူမြင်နိုင်တဲ့ အစိတ်အပိုင်းပါ။ သွားဖုံးလေးတွေက တင်းတင်းရင်းရင်းနဲ့ ပန်းရောင်သန်းနေမယ်ဆိုရင် ကျန်းမာတဲ့ သွားဖုံးလေးတွေပေါ့။ သွားဖုံးလေးတွေကျန်းမာဖို့အတွက်က သွားပွတ်တံရွေးချယ်တာမှန်ကန်ဖို့လည်းလိုပါတယ်။ နောက်တစ်ခုက သွားပွတ်ကြိုးအသုံးပြုပြီး သွားကြိုသွားကြားက အစားအကြွင်းအကျန်တွေကို ဖယ်ရှားပေးပါ။ ဖလိုရွိုက်ပါတဲ့ သွားတိုက်ဆေးကိုသုံးပြီး ခံတွင်းသန့်ရှင်းရေးလုပ်ပေးပါ။

လျှာ

လျှာကတော့ စကားပြောနိုင်ဖို့အတွက်တော်တော်လေးအရေးပါပါတယ်။ အရသာခံဖို့အတွက်လည်း အရေးပါတဲ့ အစိတ်အပိုင်းပေါ့။ ဒီလျှာလေးက ပန်းရောင်သွေးကြွယ်မှ ကျန်းမာတဲ့ လျှာလေးဖြစ်မှာပါ။ သွားတိုက်တဲ့အခါတိုင်း လျှာကိုလည်း မမေ့မလျော့တိုက်ပေးပါ။ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေပေါက်ဖွားတဲ့အခါ လျှာမှာ အနာဖြစ်နိုင်ပါတယ်။

သွား

သွားတွေကတော့ တော်တော်အသုံးဝင်တဲ့ အစိတ်အပိုင်းပါနော်။ အစားတွေကို ကိုက်ဖြတ်ဝါးချေဖို့အသုံးပြုလို့ရပါတယ်။ ဒီသွားလေးတွေ ကြံ့ခိုင်ကျန်းမာနေမှ အစားစားရတာအဆင်ပြေသလို ခန္ဓါကိုယ်အတွက် အာဟာရပြည့်စုံစွာစားသုံးနိုင်မှာပါ။ သွားကျန်းမာဖို့ကတော့ သွားပွတ်တံ ခပ်ပျော့ပျော့လေးထဲကို ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးလေးထည့်ပြီး ပုံစံမှန်မှန်တိုက်ပေးလိုက်ရုံပါ။

တံထွေးဂလင်းတွေ

ခံတွင်းနဲ့လည်ပင်းထဲမှာ တံထွေးဂလင်း တွေရှိနေတာပါ။ တံထွေးဂလင်းတွေက အစားအစာတွေကိုချေဖျက်ဖို့လိုအပ်တဲ့ အင်ဇိုင်းတွေပါဝင်နေတဲ့ တံထွေးတွေနဲ့ အစားအစာတွေကို မျိုချရလွယ်စေမယ့် တံထွေးတွေကိုထုတ်လုပ်ပေးပါတယ်။ တံထွေးကခံတွင်းကျန်းမာဖို့ တော်တော်လေးအရေးပါတဲ့ ကဏ္ဍကနေပါဝင်နေပါတယ်။ အက်ဆစ်များတဲ့အစားအစာတွေကြောင့် သွားရဲ့အပေါ်ယံကြွေလွှာတွေပျက်စီးတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ခံတွင်းအင်္ဂါအစိတ်အပိုင်းလေးတွေကို ကာကွယ်ဖို့လိုက်နာရမယ့် အချက်အချို့

သွားနဲ့ခံတွင်းကျန်းမာစေဖို့ ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်ပါ။

  • ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ တစ်နေ့ နှစ်ကြိမ်သွားတိုက်ပါ
  • တစ်နေ့တစ်ကြိမ် သွားပွတ်ကြိုးသုံးပြီး သွားသန့်ရှင်းရေးလုပ်ပါ
  • တစ်နှစ်ကို နှစ် ကြိမ်သွားဆရာဝန်နဲ့ပြသပါ
  • အာဟာရမျှတအောင် စားသောက်ပါ
  • ရေများများသောက်ပေးပါ
  • ဆေးလိပ်ဖြတ်ပါ
  • အရက်ဖြတ်ပါ

ပြုံးလိုက်တိုင်းလှပြီး ယုံကြည်ချက်ရှိရှိနဲ့ ပြောဆိုဆက်ဆံနိုင်စေဖို့ အခုပြောပြခဲ့တဲ့ အချက်လေးတွေကို လုပ်ဆောင်ကြည့်လိုက်ပါနော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Beyond Teeth: What’s Inside Your Mouthhttps://www.everydayhealth.com/dental-health/101/beyond-your-teeth.aspx Accessed Date 17 August 2018

Taking Care of Your Teeth and Mouthhttps://www.nia.nih.gov/health/taking-care-your-teeth-and-mouth Accessed Date 17 August 2018

Beyond Teeth: What’s Inside Your Mouth To Care About?https://www.consumerhealthdigest.com/dental-health/beyond-teeth-whats-inside-your-mouth.html Accessed Date 17 August 2018

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။