backup og meta

သွားအပြင် ဂရုစိုက်ဖို့လိုအပ်မယ့် ခံတွင်းအစိတ်အပိုင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားအပြင် ဂရုစိုက်ဖို့လိုအပ်မယ့် ခံတွင်းအစိတ်အပိုင်းများ

    ကိုယ့်ရဲ့ ပါးစပ်ထဲမှာ ဘာတွေရှိနေလဲဆိုပြီး စဉ်းစားကြည့်ဖူးလား။ ပြီးတော့ ခံတွင်း ကျန်းမာချင်ရင် သွားတိုက်လိုက်ရုံနဲ့ လုံလောက်ပါ့မလား။ တကယ်တော့ ပါးစပ်ထဲမှာ သွားနဲ့ သွားဖုံးအပြင် အခြားသော အစိတ်အပိုင်းတွေ ရှိနေပါသေးတယ်။ ပြီးတော့ စကားပြောရင်ဖြစ်ဖြစ်၊ အစာတွေကို ချေဖျက်တဲ့အခါမှာဖြစ်ဖြစ် ဒီအစိတ်အပိုင်းတွေကပါ တာဝန်တွေကို ဝိုင်းဝန်းဆောင်ရွက်ပေးနေတာပါ။ ဒီတော့ သွားနဲ့ ခံတွင်း အပြင် ပါးစပ်ရဲ့အခြားသော အစိတ်အပိုင်းတွေက ဘယ်လိုအရေးပါလဲဆိုတာနဲ့ ဒီအစိတ်အပိုင်းလေးတွေ တစ်ခုချင်းစီကျန်းမာနေအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို မသိချင်ဘူးလား။

    အမှန်တော့ ခံတွင်းကျန်းမာချင်တယ်ဆိုရင် သွားကို သေချာဂရုစိုက်ပေးရင် ရပြီလို့ ထင်နေတာ အဆန်းတော့မဟုတ်ပါဘူး။ တော်တော်များများက ပြုံးလိုက်ရင်ဖြစ်ဖြစ်၊ စကားပြောရင်ဖြစ်ဖြစ် အရင်ဆုံးသတိထားမိတဲ့အစိတ်အပိုင်းက သွားတွေလေ။ ဒါပေမယ့် ခံတွင်းနံ့ဆိုးကင်းပြီး စကားပြောလိုက်တိုင်းရော ပြုံးလိုက်တိုင်းမှာ လှပနေစေဖို့အတွက် ဂရုစိုက်ရမယ့် အစိတ်အပိုင်းလေးတွေရှိနေပါသေးတယ်။ သွားအပြင် ဂရုစိုက်ဖို့လိုအပ်မယ့် ခံတွင်းအစိတ်အပိုင်းများ က ဘာတွေများဖြစ်မလဲ။ ဆက်ကြည့်ရအောင်နော်။

    ပါးစပ်ရဲ့ အစိတ်အပိုင်းလေးအချို့

    သွားတိုက်တဲ့အခါ သွားတွေအကုန်လုံးကို တိုက်ပေးဖို့လိုသလို ဒီအစိတ်အပိုင်းလေးတွေကိုလည်း ချန်ထားလို့မဖြစ်ပါဘူး။ ဒီအစိတ်အပိုင်းတွေကလည်း စကားပြောနိုင်ဖို့ရော အစားအစာတွေ စားသောက်တဲ့အခါမှာပါ အဆင်ပြေအောင် လုပ်ဆောင်ပေးနေတာပါ။

    သွားအပြင် ဂရုစိုက်ဖို့လိုအပ်မယ့် ခံတွင်းအစိတ်အပိုင်းများ

    သွားအပြင် ဂရုစိုက်ဖို့လိုအပ်မယ့် ခံတွင်းအစိတ်အပိုင်းများ ကတော့

    အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်း

    အရမ်းပူတာတွေ၊ စပ်တာတွေမစားပါနဲ့။ နှုတ်ခမ်းနီ အမြဲမဆိုးပါနဲ့။ အပြင်ထွက်တဲ့အခါ SPFပါတဲ့ နှုတ်ခမ်းအဆီဆိုးပေးပါ။  ရေများများသောက်ပေးပါ။ သွားတိုက်တဲ့အခါတိုင်း နှုတ်ခမ်းတွေကိုပါ သွားပွတ်တံနဲ့ ခပ်ဖွဖွလေးတိုက်ပေးပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးရာရောက်ပြီး နှုတ်ခမ်းသားလေးတွေကို ကျန်းမာစေမှာပါ။ ဆေးလိပ်သောက်သုံးသူတွေအနေနဲ့လည်း ကျန်းမာတဲ့ နှုတ်ခမ်းတစ်စုံပိုင်ဆိုင်နိုင်စေဖို့ ဆေးလိပ် ဖြတ်ပါ။

    အာခေါင်မာ

    ဒီအစိတ်အပိုင်းကတော့ သွားဖုံးနောက်ဘက်ကနေ လျှာခင်နားမရောက်ခင်အထိ အစိတ်အပိုင်းပေါ့။ သွားတိုက်တဲ့အခါတိုင်း အာခေါင်ကိုလည်း တိုက်ပေးပါ။ ဒါမှ အာခေါင်မှာ ကပ်ညှိနေတဲ့ အစားအစအနတွေ၊ သွားချေးတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်မှာပါ။

    အာခေါင်ပျော့

    လျှာခင်နောက်ပိုင်းနဲ့ လည်ချောင်းနောက်ဘက်ပိုင်းကအစိတ်ပိုင်းပါ။ သွားတိုက်တဲ့အခါ တိုက်မိဖို့ ခက်ခဲပေမယ့် အာလုပ်ကျင်းတဲ့နည်းနဲ့ ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်ပြီးတိုင်း ခေါင်းကိုအပေါ်မော့လို့ အာလုပ်ကျင်းပေးပါ။ ဘက်တီးရီးယားတွေကို သန့်စင်ပေးနိုင်မှာပါ။

    ပါးအတွင်းပိုင်း

    ဒါကတော့ ထွေထွေထူးထူးမပြောပြလည်းသိနိုင်မှာပါ။ ပါးနှစ်ဖက်ရဲ့ အတွင်းပိုင်းမျက်နှာပြင်တွေပါ။ သွားတိုက်တဲ့အခါ ဒီအစိတ်အပိုင်းလေးတွေကိုလည်း မမေ့မလျော့ သန့်စင်ပေးပါနော်။ ဒါမှ ဘက်တီးရီးယားတွေနဲ့ရောဂါတွေ၊ အနံ့ဆိုးကင်းစင်တဲ့ ခံတွင်းကို ပိုင်ဆိုင်နိုင်မှာပါ။

    သွားဖုံးတွေ

    သွားတွေရဲ့ အောက်ခြေမှာရှိနေတဲ့ ပန်းရောင်သန်းနေတဲ့အစိတ်အပိုင်းလေးပေါ့။ မှန်ထဲကြည့်လည်း အလွယ်တကူမြင်နိုင်တဲ့ အစိတ်အပိုင်းပါ။ သွားဖုံးလေးတွေက တင်းတင်းရင်းရင်းနဲ့ ပန်းရောင်သန်းနေမယ်ဆိုရင် ကျန်းမာတဲ့ သွားဖုံးလေးတွေပေါ့။ သွားဖုံးလေးတွေကျန်းမာဖို့အတွက်က သွားပွတ်တံရွေးချယ်တာမှန်ကန်ဖို့လည်းလိုပါတယ်။

    နောက်တစ်ခုက သွားပွတ်ကြိုးအသုံးပြုပြီး သွားကြိုသွားကြားက အစားအကြွင်းအကျန်တွေကို ဖယ်ရှားပေးပါ။ ဖလိုရွိုက်ပါတဲ့ သွားတိုက်ဆေးကိုသုံးပြီး ခံတွင်းသန့်ရှင်းရေးလုပ်ပေးပါ။

    လျှာ

    လျှာကတော့ စကားပြောနိုင်ဖို့အတွက် တော်တော်လေး အရေးပါပါတယ်။ အရသာခံဖို့အတွက်လည်း အရေးပါတဲ့ အစိတ်အပိုင်းပေါ့။ ဒီလျှာလေးက ပန်းရောင်သွေးကြွယ်မှ ကျန်းမာတဲ့ လျှာလေးဖြစ်မှာပါ။ သွားတိုက်တဲ့အခါတိုင်း လျှာကိုလည်း မမေ့မလျော့တိုက်ပေးပါ။ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေပေါက်ဖွားတဲ့အခါ လျှာမှာ အနာဖြစ်နိုင်ပါတယ်။

    သွား

    သွားတွေကတော့ တော်တော်အသုံးဝင်တဲ့ အစိတ်အပိုင်းပါနော်။ အစားတွေကို ကိုက်ဖြတ်ဝါးချေဖို့ အသုံးပြုလို့ရပါတယ်။ ဒီသွားလေးတွေ ကြံ့ခိုင်ကျန်းမာနေမှ အစားစားရတာအဆင်ပြေသလို ခန္ဓာကိုယ်အတွက် အာဟာရပြည့်စုံစွာစားသုံးနိုင်မှာပါ။ သွားကျန်းမာဖို့ကတော့ သွားပွတ်တံ ခပ်ပျော့ပျော့လေးထဲကို ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးလေးထည့်ပြီး ပုံစံမှန်မှန်တိုက်ပေးလိုက်ရုံပါ။

    တံထွေးဂလင်းတွေ

    ခံတွင်း နဲ့ လည်ပင်းထဲမှာ တံထွေးဂလင်း တွေရှိနေတာပါ။ တံထွေးဂလင်းတွေက အစားအစာတွေကို ချေဖျက်ဖို့လိုအပ်တဲ့ အင်ဇိုင်းတွေပါဝင်နေတဲ့ တံထွေးတွေနဲ့ အစားအစာတွေကို မျိုချရလွယ်စေမယ့် တံထွေးတွေကို ထုတ်လုပ်ပေးပါတယ်။ တံထွေးက ခံတွင်းကျန်းမာဖို့ တော်တော်လေးအရေးပါတဲ့ ကဏ္ဍကနေပါဝင်နေပါတယ်။ အက်ဆစ်များတဲ့ အစားအစာတွေကြောင့် သွားရဲ့ အပေါ်ယံကြွေလွှာတွေပျက်စီးတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

    ခံတွင်းအင်္ဂါအစိတ်အပိုင်းလေးတွေကို ကာကွယ်ဖို့လိုက်နာရမယ့် အချက်အချို့

    သွားနဲ့ ခံတွင်း ကျန်းမာစေဖို့ ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်ပါ။

  • ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ တစ်နေ့ နှစ်ကြိမ်သွားတိုက်ပါ
  • တစ်နေ့တစ်ကြိမ် သွားပွတ်ကြိုးသုံးပြီး သွားသန့်ရှင်းရေးလုပ်ပါ
  • တစ်နှစ်ကို နှစ်ကြိမ်သွားဆရာဝန်နဲ့ပြသပါ
  • အာဟာရမျှတအောင် စားသောက်ပါ
  • ရေများများသောက်ပေးပါ
  • ဆေးလိပ်ဖြတ်ပါ
  • အရက်လျှော့သောက်ပါ
  • ကွမ်းဖြတ်ပါ
  • ပြုံးလိုက်တိုင်းလှပြီး ယုံကြည်ချက်ရှိရှိနဲ့ ပြောဆိုဆက်ဆံနိုင်စေဖို့ အခုပြောပြခဲ့တဲ့ အချက်လေးတွေကို လုပ်ဆောင်ကြည့်လိုက်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement