backup og meta

သွားမတိုက်ရင် ကင်ဆာဖြစ်မယ် သတိထား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားမတိုက်ရင် ကင်ဆာဖြစ်မယ် သတိထား

    သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် အခြေခံအကျဆုံး လုပ်ဆောင်ပေးရမယ့် အချက်က သွားတိုက်တာပါပဲ။ တစ်နေ့ကို ၂ ကြိမ်လောက် ပုံမှန်သွားတိုက်ပေးဖို့ လိုအပ်ပါတယ်။

    ခံတွင်းဆိုတာ လူ့ကျန်းမာရေးရဲ့ အဓိကအကျဆုံး နေရာလို့ ဆိုကြတယ်။ ခန္ဓာကိုယ်အတွက် အားဖြစ်စေမယ့် အစာအာဟာရအားလုံးဟာ ခံတွင်းကနေတဆင့် ကိုယ်တွင်းကို ဝင်ကြရတယ်မဟုတ်လား။

    ဒီတော့ စားလိုက်သောက်လိုက်တိုင်းမှာ ကပ်ညိကျန်ခဲ့တဲ့ သွားကြားက အစားအစာအကြွင်းအကျန်တွေကို သွားတိုက်တဲ့ နည်းလမ်းနဲ့ ဖယ်ရှားကြရတာပါ။ ဒီလို ပုံမှန်မဖယ်ရှားပေးရင် ခံတွင်းတစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက်သွားစေမှာဖြစ်ပါတယ်။

    သွားပုံမှန်မတိုက်တဲ့အခါ သွားဖုံးသွေးယိုတာ၊ သွားပိုးစားတာနဲ့ ခံတွင်းအနံ့ဆိုးတာအပါအဝင် ဆိုးကျိုးတွေ အများကြီးကြုံရနိုင်ပါတယ်။ အဆိုးဆုံး ကျန်းမာရေး ပြဿနာကတော့ ပါးစောင်ကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေဖြစ်စေတာပါပဲ။

    သွားမတိုက်လို့ ဖြစ်တဲ့ ကင်ဆာ

    ပုံမှန်သွားမတိုက်ခြင်းဟာ ကင်ဆာဖြစ်နိုင်ခြေကို တိုးပွားစေတယ်လို့ နှစ်ပေါင်း ၂၀ ကြာ သုတေသနပြု လေ့လာချက်တွေကို အခြေခံပြီး ဘော်စတွန်တက္ကသိုလ်က ထုတ်ပြန်လိုက်ပါတယ်။

    အဓိကဖြစ်စေနိုင်တဲ့ ကင်ဆာဝေဒနာတွေကတော့ ပါးစောင်ကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေဖြစ်တယ်လို့ ဆိုပါတယ်။

    သွားကို ပုံမှန်တိုက်ပေးတာမျိုး မလုပ်တဲ့လူတွေဟာ သာမန်လူတွေထက် သွားဖုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေဖြစ်နိုင်ခြေ ၅၂% အထိမြင့်မားနေမှာဖြစ်ပြီး အဲ့ဒီကနေတဆင့် အသက်အရွယ်ကြီးမြင့်ချိန်မှာ ကင်ဆာဖြစ်နိုင်ခြေပါ လိုက်ပါမြင့်မားလာတာဖြစ်ပါတယ်။

    ဒါ့အပြင် ပုံမှန်သွားမတိုက်ခြင်းကြောင့် သွားဆုံးရှုံးနိုင်ခြေလည်း မြင့်မားတယ်လို့ဆိုပါတယ်။ NHS ရဲ့ အဆိုအရလည်း ခံတွင်းသန့်ရှင်းမှုကို အလေးအထားတာဟာ သွားဖုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ ခံစားရစေတဲ့ အဓိက အကြောင်းတရားလို့ဆိုထားပါတယ်။

    ပြီးတော့ ခံတွင်းမသန့်ရှင်းမှုကြောင့် နှလုံးရောဂါနဲ့ ဘက်တီးရီးယားပိုးကူးစက်ခံရတဲ့ရောဂါတွေလည်း ဖြစ်နိုင်ခြေမြင့်မားနေဦးမှာပါ။

    ဒီသုတေသနကို ဘော်စတွန်အခြေစိုက် ဟားဗက် ဆေးပညာကျောင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးသား ၁ သိန်းနီးပါးနဲ့ အမျိုးသမီး ၅ သောင်းနီးပါးကို နှစ် ၂၀ ကြာ စမ်းသပ်သုတေသနပြုခဲ့တာဖြစ်ပါတယ်။

    သွားမှန်မှန်တိုက်ကြမယ်

    ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် အရေးပါလှတဲ့ ခံတွင်း သန့်ရှင်းရေးကို သွားတိုက်တာကနေ စတင်ဖို့ လိုအပ်တယ်ဆိုတာကို နားလည်လောက်ပြီလို့ ထင်ပါတယ်။

    တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ပေးဖို့ ပျက်ကွက်လိုက်ရုံနဲ့ တစ်ဘဝလုံးစာ သက်ရောက်သွားမယ် ရောဂါကြီးတွေဖြစ်သွားနိုင်တယ်လေ။ မိနစ်အနည်းငယ်လောက် ပျက်ကွက်လိုက်တာက နောင်တစ်ချိန်မှာ နောင်တအကြီးကြီးရစရာတွေဖြစ်လာနိုင်တာမို့ သတိထားရပါမယ်။

    သွားတိုက်ရာမှာလည်း စနစ်တကျသန့်စင်စေဖို့ အောက်ပါနည်လမ်းတွေကို လိုက်နာဖို့လိုအပ်ပါတယ်။

    • သွားကို ကြမ်းကြမ်းတမ်းတမ်းတိုက်စရာ မလိုပါဘူး၊ ပုံမှန်နှုန်းနဲ့ပဲ တိုက်ပါ
    • သွားဖုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေဖြစ်ဖူးရင် ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီး သွားတိုက်ဆေး/သွားတိုက်တံ ရွေးချယ်ပါ
    • ပျော့ပျောင်းလွန်းတဲ့ သွားတိုက်တံ ရှောင်ကျဉ်ပါ
    • သွားကို Polish လုပ်တာက သွားချေးတွေကို မပြောင်စင်စေပါဘူး၊ သွားတိုက်တာက အကောင်းဆုံးနည်းလမ်းဆိုတာကို သိမှတ်ထားပါ
    • သွားကို သေချာအချိန်ပေးပြီး စနစ်တကျတိုက်ပါ
    • တစ်ခါတိုက်ရင် ၂ မိနစ်ဝန်းကျင်လောက် အချိန်ယူပါ
    • သွားပွတ်တံ မျှဝေမသုံးပါနဲ့
    • သွားပွတ်တံကို ၆ လ တစ်ကြိမ် လဲလှယ်ပါ

    ဒီတော့ ဒီနေ့ကနေစပြီး သွားတိုက်ဖို့ မမေ့ကြနဲ့နော်။ သွားကို သန့်စင်အောင်ထားမှ လူလည်းကျန်းမာမှာမို့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement