backup og meta

သွားကျောက် တည်ခြင်းအကြောင်း သင်ဘယ်လောက်သိလဲ။

သွားကျောက် တည်ခြင်းအကြောင်း သင်ဘယ်လောက်သိလဲ။

ရယ်လိုက်တဲ့ ပေါ်လာတဲ့ သွားကျောက် တွေကြောင့် လွတ်လွတ်လပ်လပ်မရယ်နိုင် ဖြစ်နေပြီလား။ သွားတိုက်လိုက်တိုင်း သွေးထွက်လို့ စိုးရိမ်နေပြီလား။ စကားပြောမယ်ကြံလိုက်တိုင်း ခံတွင်းအနံ့ဆိုးတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဖြစ်နေပြီလား။ ဒါတွေ အားလုံးကို အဖြေရှာလိုက်ရင် သွားကျောက်တည်တာကြောင့်ဆိုတာ တွေ့ရမှာပါ။ သွားချေး၊ သွားချိုးလို့လဲ အလွယ်ပြောကြပါတယ်။ သွားကျောက် ဘာလို့ တည်ရတာလဲ။ မတည်အောင် လုပ်လို့ရလား။ သွားကျောက်ခြစ်တဲ့အကြောင်း စတာတွေကို ပြောပြပေးပါမယ်။

သွားကျောက် ဆိုတာ ဘာလဲ?

သွားကျောက်ဆိုတာ စားကြွင်းစားကျန်တွေ၊ တံတွေးမှာပါတဲ့ သတ္တုဓာတ်တွေ အနည်ကျပြီး ဖြစ်လာတာပါ။ သူက သွားမှာ ကပ်တွယ်ပြီး သွားဖုံးအောက်ကို ဖြည်းဖြည်းခြင်း စားသွားပါတယ်။ သွားကျောက်က သွားကို အပေါ်ကနေ ကျောက်နဲ့ တစ်လွှာဖုံးထားသလိုပါပဲ။ ပြီးတော့ ပွယောင်းယောင်းလေးဖြစ်နေတဲ့ အတွက် စားသောက်ထားသမျှ အလွယ်တကူ စွန်းထင်းနိုငါပါတယ်။ သွားကျောက်တွေက သွားကြားနဲ့ သွားအခြေမှာ ရှိနေတဲ့ အတွက် သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဥပမာပြောရရင်

  • ဘက်တီးရီးယားတွေ ပေါက်လာတဲ့အတွက် ခံတွင်းအနံ့ဆိုးတာ
  • အပေါ်ယံကြွေလွှာတွေကို ပျက်စီးစေတဲ့အတွက်  သွားကျဉ်တာ၊ အပေါက်ဖြစ်တာ၊ သွားကျိုးတာ ဖြစ်နိုင်ပါတယ်။
  • သွားဖုံးရောဂါတွေကိုလည်း ဖြစ်စေပါတယ်။

သွားကျောက် တွေက သွားနဲ့ ခံတွင်းကျန်းမာရေးကို ဘယ်လိုထိခိုက်စေလဲ။

သွားကျောက်တွေက သွားဖုံးတွေကို ထိခိုက်စေတဲ့အတွက် ကြာလာရင် သွားဖုံးနဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အရင်ဆုံးဖြစ်မှာက သွားဖုံးရောင်တာပါ။ လူတိုင်းကြုံဖူးပါတယ်။လက္ခဏာတွေကတော့

  • သွားဖုံးတွေ နီပြီး ကြွလာတာ
  • သွားတိုက်ရင်ပဲ ဖြစ်ဖြစ်၊ သွားပွတ်ကြိုးသုံးရင်ပဲ ဖြစ်ဖြစ် သွေးထွက်တာ
  • သွားဖုံးတွေ နာတာ

ဒါထက်ပိုဆိုးလာရင်တော့ သွားပတ်လည်အခြေကနေ ရောင်တာ ဖြစ်လာမှာပါ။ ဒါဖြစ်သွားရင်တော့ ကုရခက်ပါတယ်။ လက္ခဏာတွေကတော့

  • အစာဝါးရင်နာတာ
  • သွားတွေ ကျွတ်ထွက်တာ
  • သွားဖုံးတွေ ကြွလာတာ
  •  သွားတွေကြားမှာ ပြည်တည်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒီပြည်တည်တဲ့ ဘက်တီးရီးယားတွေက သွေးထဲကို ရောက်သွားခဲ့ရင် နှလုံးနဲ့ အဆုတ်ကို ရောက်ပြီး ဒုက္ခရောက်မှာပါ။ ဒါကြောင့် ဒီအခြေအနေထိ ရောက်သွားရင် သွားဆရာဝန်နဲ့ မဖြစ်မနေပြရတော့မှာပါ။

ဒီလို ဆိုးဆိုးဝါးဝါးတွေ မဖြစ်ဖို့ သွားကို ပုံမှန်တိုက်တာ၊ သွားပွတ်ကြိုးသုံးတာ၊ ပလုတ်ကျင်းတာ စတာတွေ လုပ်ပေးရမှာပါ။

သွားကျောက်ကို ဘယ်လို ဖယ်ရှားကြမလဲ။

သွားကျောက်ကို သွားဆရာဝန်နဲ့ ပြသပြီး ဖယ်ရှားတာ အကောင်းဆုံးပါ။ ဒါပေမယ့် သွားကျောက်သိပ်မများဘူးဆိုရင် ကိုယ့်ဘာသာ အိမ်မှာ လုပ်နိုင်တဲ့ နည်းလမ်းတွေလည်းရှိပါတယ်။

သွားကျောက်အတွက် သီးသန့်ထုတ်ထားတဲ့ သွားတိုက်ဆေးတွေ၊ မုန့်ဖုတ်ဆိုဒါပါတဲ့ သွားတိုက်ဆေးတွေနဲ့ တိုက်လို့ရပါတယ်။ မီးသွေးပါတဲ့ သွားတိုက်ဆေးတွေကတော့ သွားကျောက်အတွက် အကျိုးမထူးဘူးလို့ ဆိုကြပါတယ်။

တချို့လေ့လာချက်တွေကတော့ ရိုးရိုးသွားတိုက်တာထက်စာရင် hydrogen peroxide ပါတဲ့ သွားဖြူဆေးတွေ သုံးတာက သွားကျောက်တွေကို နည်းစေတယ်လို့ ပြောပါတယ်။

  • လက်ဖက်စိမ်းရည် (green tea)

လက်ဖက်စိမ်းရည်က သွားထဲက ဘက်တီးရီးယားတွေကို နည်းစေပါတယ်။ လက်ဖက်ရည်စိမ်း မသောက်ချင်ဖူးဆိုရင်လဲ အာလုပ်ကျင်းပေးလို့ရပါတယ်။

  • အသီးအရွက်တွေ စားပါ။

အသီးအရွက်တွေကို အကြာကြီး ဝါးရတဲ့အတွက် တံတွေးထွက်ပါတယ်။ ဒါကြောင့် သွားကျောက်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တံတွေးနဲ့ ရှင်းလိုက်သလို ဖြစ်သွားပါတယ်။ ပီကေဝါးတာကလည်း ဒီလိုပါပဲတဲ့။ သကြားမပါတဲ့ ပီကေဆို ပိုကောင်းပါတယ်။

  • ရေဖြန်းခြင်း (water flosser)

ရေဖြန်းတဲ့ စက်လေးကို သုံးပြီး သွားကြားထဲမှာရှိတဲ့ ဘက်တီးရီးယားနဲ့ စားကြွင်းစားကျန်တွေကို ရှင်းထုတ်ပစ်တာကလည်း အကျိုးဖြစ်ပါတယ်။ သေသေချာချာ မှန်မှန်ကန်ကန် လုပ်မယ်ဆိုရင် သွားပွတ်ကြိုးထက်တောင် ပိုကောင်းပါတယ်တဲ့။

ADA အဆိုအရ အာလုပ်ကျင်းဆေးရည်မှာ ဘက်တီးရီးယားတွေကို သေစေတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ ဒါပေမယ့် သူတစ်ခုတည်းသုံးလို့ကတော့ အဆင်မပြေပါဘူး။ သွားတိုက်တာတွေ၊ သွားပွတ်ကြိုးသုံးတာတွေပါ လုပ်မှ ပိုပြီး ထိရောက်မှာပါ။

  • သွားကျောက်ခြစ်ခြင်း

အားလုံးသိကြတာက သွားကျောက်ခြစ်တာပါပဲ။ ကျဉ်တာ နာတာ ရှိပေမယ့် အမြန်ဆုံးနဲ့ အကောင်းဆုံး ဖယ်ပေးနိုင်ပါတယ်။ အများစုကတော့ ၆လ တစ်ခါ ခြစ်ကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာတစ်ခါ ခြစ်သင့်တယ် ဆိုတာ ကတော့ သင့်ခံတွင်း ဘယ်လောက်သန့်ရှင်းလဲဆိုတာနဲ့ ဆရာဝန်ရဲ့ အကြံပြုချက်ပေါ် မူတည်ပါတယ်။ မကြာမကြာ ကျောက်ခြစ်သင့်တဲ့ သူတွေကတော့

-ခံတွင်းခြောက်တဲ့သူတွေ (စွဲသောက်နေတဲ့ ဆေးတွေကြောင့် ဖြစ်နိုင်သလို အသက်ကြီးလာလို့လည်း ဖြစ်နိုင်ပါတယ်။)

-ရောဂါ တစ်ခုခုကြောင့် ခဏခဏ သွားတိုက်ဖို့ အဆင်မပြေတဲ့သူတွေ

-စိတ်ကျန်းမာရေးကြောင့် ကိုယ့်ကိုယ်ကို ကောင်းကောင်း မစောင့်ရှောက်နိုင်တဲ့ သူတွေပဲ ဖြစ်ပါတယ်။

သွားကျောက်မတည်အောင် ဘယ်လိုကာကွယ်ကြမလဲ။

သွားကျောက် ခြစ်တာလည်း ကောင်းတယ်ဆိုပေမယ့် မဖြစ်အောင် ကာကွယ်နိုင်ရင် ပိုပြီး ကောင်းပါတယ်။ ဒါကြောင့်

  • တစ်နေ့ နှစ်ခါ သွားတိုက်ပါ။ တစ်ခါတိုက်ရင် နှစ်မိနစ် ကြာပါစေ။
  • ကိုယ်သုံးလို့ အဆင်ပြေတဲ့ သွားပွတ်တံကို သေချာ ရွေးချယ်ပါ။
  • သွားအတွင်းထဲတွေ၊ သွားဖုံးနဲ့ ထိနေတဲ့ နေရာတွေကို သေချာတိုက်ပါ။ ၄၅ ဒီဂရီစောင်းပြီး တိုက်ပါ။ ဒါမှ ချောင်ကြိုချောင်ကြားက စားကြွင်းစားကျန်တွေ ပြောင်မှာပါ။
  • ညင်ညင်သာသာတိုက်ပါ။
  • ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေး သုံးပါ။
  • တစ်နေ့တစ်ခါ သွားပွတ်ကြိုးသုံးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/tartar-removal#stop-plaque

https://www.webmd.com/oral-health/guide/tartar-dental-calculus-overview#1

ယခုပုံစံ

20/09/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွားနဲ့ခံတွင်း သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်ကြမလဲ

သွားချေးတွေ တာ့တာ



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement