Vaping လို့ခေါ်ကြတဲ့ အီလက်ထရောနစ်စီးကရက်(e-cigarette) သောက်သုံးခြင်းက ဆေးလိပ်ရဲ့ဆိုးကျိုးတွေကိုရှောင်ဖို့ ခုနောက်ပိုင်းခေတ်စားလာခဲ့တာပါ။ ဆေးလိပ်နဲ့ယှဉ်ရင် e-cigarette ဟာ ကျန်းမာရေးအန္တရာယ်ပိုနည်းတယ်လို့ ယူဆပြီး အတော်များများက ဆေးလိပ်အစားထိုး ပြောင်းသောက်လာကြသလိုခေတ်ပေါ်ပစ္စည်းတစ်ခုလို သုံးစွဲလာကြသူတွေလည်းရှိပါတယ်။
ဒါပေမယ့် ဒီနောက်ပိုင်းမှာတောe-cigaretteကြောင့်ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကိုလေ့လာတွေ့ရှိမှုတွေ တစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။e-cigaretteကြောင့် အဆုတ်ကျန်းမာရေးကိုထိခိုက်နိုင်တယ်လို့ ဆိုကြသလို အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ပြဿနာတွေရှိလာစေနိုင်တယ်လို့ မကြာသေးခင်က သုတေသနတွေမှာတွေ့ရှိထားပါတယ်။
ဒီတစ်ခါတော့Vapingကြောင့် အန္တရာယ်ရှိတဲ့အဆိပ်အတောက်တွေထွက်ရှိစေပြီးသွေးလည်ပတ်မှုကိုအနှောင့်အယှက်ပေး၊သွေးကြောတွေကိုထိခိုက်ပျက်စီးစေနိုင်တယ်လို့ သုတေသနအသစ်ကဖော်ပြလာပါတယ်။
ဒါ့အပြင် ဒီရလဒ်ကို နီကိုတင်းမပါတဲ့e-cigaretteတွေသုံးတဲ့သူတွေမှာပါတွေ့ရှိရတယ်လို့ဆိုပါတယ်။
လေ့လာတွေ့ရှိချက်အရvaping ဟာ တစ်ကြိမ်ပဲဖြစ်စေဦးတော့သွေးကြောလုပ်ဆောင်ချက်ကို ပျက်ယွင်းစေနိုင်တဲ့ ယာယီအပြောင်းအလဲတွေဖြစ်လာစေနိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။
E-cigaretteတွေက တံဆိပ်အမျိုးမျိုး၊ အနံ့အရသာအမျိုးမျိုးနဲ့ စုံလင်လာသလို ပါဝင်ပစ္စည်းတွေကလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် အခြေခံပါဝင်ပစ္စည်းတွေဖြစ်တဲ့propylene glycol နဲ့glycerol တို့ကတော့ များများပါဝင်တာ အတူတူပါပဲလို့ ဆိုပါတယ်။
Propylene glycol နဲ့glycerol တို့ကို အပူပြင်းပြင်းပေးလိုက်တဲ့အခါ အဆိပ်အတောက်ဖြစ်စေတဲ့ တခြားဓါတ်ပစ္စည်းတွေဖြစ်ပေါ်လာစေတယ်လို့ သုတေသီတွေကပြောပါတယ်။E-cigaretteသောက်သုံးခြင်းက တကယ်တော့သွေးကြောနံရံအမြှေးပါးအလွှာမှာ အဆိပ်သင့်ကိုယ်ခံအားတုံ့ပြန်မှုတစ်ခုဖြစ်လာစေတယ်လို့ သုတေသီတွေကပြောပါတယ်။
ဒါပေမယ့် ဒီသုတေသနက vaping ရဲ့ခဏတာသက်ရောက်မှုကိုပဲလေ့လာခဲ့တာဖြစ်ပြီး ပါဝင်သူတွေရဲ့သွေးကြောက တစ်နာရီလောက်အကြာမှာ ပုံမှန်ပြန်ဖြစ်သွားတာတွေ့ရတယ်လို့ သိရပါတယ်။
ခန့်မှန်းကြည့်မယ်ဆိုရင်ဖြစ်လာနိုင်တာတစ်ခုကvaping ကိုတချိန်လုံးသောက်နေမယ်၊ နှစ်နဲ့ချီပြီး နေ့တိုင်းသောက်နေမယ်၊ ခန္ဓါကိုယ်က ပုံမှန်အနေအထားပြန်ပြောင်းဖို့အချိန်မရဘူးဆိုရင်ရောဂါအခြေအနေတစ်ခုဖြစ်သွားနိုင်တယ်လို့ သုတေသီတစ်ဦးကပြောပါတယ်။
ဒါကို သက်သေပြဖို့အတွက် နှစ်ရှည်တဲ့သုတေသနလေ့လာမှုတွေ ထပ်လုပ်ဆောင်ဖို့လိုတယ်လို့လည်းပြောခဲ့ပါတယ်။
လောလောဆယ်တော့သွေးကြောလုပ်ဆောင်ချက်တွေကို ယာယီထိခိုက်မှုရှိစေနိုင်တာကိုပဲဖော်ပြနိုင်သေးတာဖြစ်ပါတယ်။
ဒီသုတေသနကိုRadiology ဂျာနယ်မှာ သြဂုတ် ၂၀ ရက်ကဖော်ပြခဲ့တာဖြစ်ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]