ဆေးမှားပြီး သောက်မိလို့ပဲဖြစ်ဖြစ်၊ ဘယ်လိုအာနိသင်ပြမလဲ သိချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ဝန်မရအောင် တားဆီးနိုင်မလား ဆိုပြီး သိချင်လို့ပဲဖြစ်ဖြစ် အမျိုးသမီးသုံး သန္ဓေတား သောက်ဆေး၊ အရေးပေါ် သန္ဓေတားဆေးတွေကို သောက်လိုက်ရင် ဘယ်လိုတွေများ အာနိသင်ပြမလဲဆိုပြီး သိချင်နေတဲ့ အမျိုးသားတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ အမျိုးသားတွေ တားဆေးသောက်ရင် ဘာဖြစ်နိုင်မလဲ ဆိုတာကို ပြောပြပေးမှာမို့ အဆုံးထိ ဖတ်ကြည့်လိုက်တော့နော်။
အမျိုးသားတွေအတွက် သားဆက်ခြား သောက်ဆေး ရှိလား
ကိုယ်ဝန်မရအောင်ဆိုပြီး သားဆက်ခြားတဲ့ နည်းလမ်းတွေက အစုံပါပဲ။ ဒီလို သားဆက်ခြားနည်း အများစုက အမျိုးသမီးတွေအတွက် ထုတ်ထားတာတွေပဲ များပါတယ်။ လက်ရှိအထိ အမျိုးသားတွေ သုံးလို့ ရတဲ့ သားဆက်ခြားနည်းဆိုလို့ ကွန်ဒုံးပဲ ရှိပါမယ်။ အမျိုးသားတွေ သောက်သုံးဖို့ သားဆက်ခြား သောက်ဆေးတွေကတော့ လက်ရှိမှာ စမ်းသပ်နေဆဲပါ။
ဒီတစ်ခေါက် ပြောပြချင်တာကတော့ အမျိုးသမီးတွေ အတွက် ထုတ်ထားတဲ့ သားဆက်ခြား သောက်ဆေးတွေ ဖြစ်တဲ့ လစဉ်သန္ဓေတား သောက်ဆေးတွေကို အမျိုးသားတွေ သောက်ရင်ရော ကိုယ်ဝန်မရအောင် တားနိုင်မလား။ အရေးပေါ် သန္ဓေတား သောက်ဆေးကို အမျိုးသားတွေ သောက်ရင်ရော အာနိသင် ထိရောက်မှု ရှိမလားဆိုပြီး တွေးမိနေတဲ့ ပုရိသတို့အတွက် အမျိုးသားတွေ တားဆေးသောက်ရင် ဘာဖြစ်နိုင်မလဲ ဆိုတာကို ဆက်ပြောပြပေးချင်ပါတယ်။
အမျိုးသားတွေ တားဆေးသောက်ရင် ဘာဖြစ်နိုင်မလဲ
လစဉ် သန္ဓေတားသောက်ဆေး၊ အရေးပေါ် သန္ဓေတားသောက်ဆေးတွေကို ဆေးမှားပြီးဖြစ်ဖြစ် ဘယ်လိုအာနိသင်ရမလဲဆိုပြီး သိချင်လို့ဖြစ်ဖြစ် တစ်ကြိမ်လောက် သောက်မိတာက ဘယ်လို အာနိသင်မှ ရှိမှာမဟုတ်ပါဘူး။ ပြောချင်တာက ကောင်းကျိုးရော ဆိုးကျိုးပါ မရှိတာကို ဆိုလိုချင်တာပါ။
ဒီသန္ဓေတား သောက်ဆေးတွေက အမျိုးသမီးတွေအတွက်ပဲ ထုတ်ထားတာ ဖြစ်တာကြောင့် အမျိုးသားတွေ သောက်လို့လည်း သားဆက်ခြားဖို့ အာနိသင် ရမှာ မဟုတ်ပါဘူး။ ဟော်မုန်းပါတဲ့ သားဆက်ခြား သောက်ဆေး oestrogen နဲ့ progestogen ဟော်မုန်းတွေပါတဲ့ သားဆက်ခြား သောက်ဆေးတွေကို အမြဲလိုလို စွဲသောက်တာမျိုး လုပ်မယ်ဆိုရင်တော့ အမျိုးသားတွေမှာ တင်ပါးထွက်လာတာ၊ အသားအရေတွေ နူးညံ့လာတာ၊ ရင်သားတွေ ထွားလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက အမျိုးသမီးလို အသွင်အပြင်ဖြစ်လာမှာပါ။
ဒီလို ဟော်မုန်းပါတဲ့ သားဆက်ခြား သောက်ဆေး တွေထဲမှာ ပရိုဂျက်စတုန်း တစ်မျိုးတည်းပါတဲ့ သောက်ဆေးကို လိင်အင်္ဂါပြောင်းဖို့ ခွဲစိတ်မှု ခံယူထားတဲ့သူတွေမှာ သူတို့ရဲ့ သုက်ပိုးထွက်ရှိမှုကို လျှော့ချပေးဖို့ အသုံးပြုတာမျိုး ရှိပါတယ်။
တစ်ခုရှိတာက ဒီလိုမျိုး အမျိုးသမီးလိင်စိတ်ခံယူထားတဲ့ အမျိုးသားတွေက တားဆေးတွေကို အမျိုးသမီးပုံပေါက်အောင် ကိုယ့်သဘောနဲ့ကိုယ် တမင်သောက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ ဒီဆေးတွေက ဟော်မုန်းဆေးတွေ ဖြစ်တဲ့အတွက် အမျိုးသမီးတွေမှာတောင်မှ ဘေးထွက်ဆိုးကျိုးရှိလို့ပါ။ သူတို့အတွက်ကတော့ feminizing ဟော်မုန်းကုထုံး သက်သက်ရှိပါတယ်။
အမျိုးသမီးသောက် သားဆက်ခြား သောက်ဆေးတွေက အမျိုးသားတွေမှာ သက်ရောက်မှု မရှိပါဘူး
အမျိုးသမီးသောက် သားဆက်ခြား သောက်ဆေးတွေက အမျိုးသားတွေမှာ သက်ရောက်မှု မရှိပါဘူးလို့ ပြောရတဲ့ အကြောင်းအရင်းကတော့ အမျိုးသားတွေမှာ အမျိုးသမီးတွေလို လစဉ် ရာသီစက်ဝန်း မရှိတာကြောင့်ပါ။ အမျိုးသမီးတွေမှာတော့ ရာသီစက်ဝန်းက ရှိနေပြီး သားဆက်ခြား သောက်ဆေးတွေက အမျိုးသမီးတွေမှာ သားဥတွေ မထွက်အောင် တားပေးရင်း ကိုယ်ဝန်မရအောင် တားပေးနိုင်ပါတယ်။
အမျိုးသားတွေမှာတော့ လက်ရှိကာလအထိ သုက်ပိုး အရေအတွက်နဲ့ သုက်ပိုးထွက်ရှိစေတဲ့ ဟော်မုန်းတွေကို တားဆီးပေးနိုင်မယ့် သားဆက်ခြားသောက်ဆေးတွေကို တိကျတဲ့ ရလဒ်တွေ ရရှိစေဖို့ လေ့လာစမ်းသပ်နေမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲပါ။
ဒါကြောင့် လက်ရှိမှာ အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့ လက်တွဲဖော်အတွက် မလိုအပ်ဘဲ ကိုယ်ဝန်ရရှိသွားတာမျိုး မဖြစ်အောင် တားချင်တယ်ဆိုရင် အတူနေချိန်မှာ ကွန်ဒုံးသုံးတာကို လုပ်ဆောင်ပေးလို့ ရပါတယ်။ ကွန်ဒုံးက ကိုယ်ဝန် မရအောင် တားပေးသလို အချင်းချင်းကြားမှာ လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကွန်ဒုံး ရွေးချယ်တဲ့အခါ အရွယ်အစားမှန်အောင် ရွေးပေးဖို့တော့ လိုပါမယ်။
[embed-health-tool-bmi]