backup og meta

အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ပိုမို လိုအပ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ပိုမို လိုအပ်

    အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် ကွာခြားမှု ရှိတယ်ဆိုတာကို အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ အခုလည်း လေ့လာတွေ့ရှိမှုတွေအရ သိရတာက အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ လိုအပ်ချက် ကွာခြားမှုတွေထဲမှာ အိပ်စက်ချိန်လည်း ပါဝင်နေတယ်ဆိုတာပါ။ ကျန်တဲ့ အချက်တွေကို သတိထားမိပေမယ့် တော်တော်များများက ဒီအချက်ကို သတိမထားမိပါဘူး။ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ပိုမို လိုအပ် ရတဲ့ အကြောင်းအရင်းလေးကို ပြောပြပေးချင်ပါတယ်။

    အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ပိုမို လိုအပ်

    လေ့လာမှု ရလဒ်တွေအရ သိရတာက အမျိုးသားတွေထက် အမျိုးသမီးတွေက အိပ်ချိန် ပိုမို လိုအပ်ကြသလို အနားယူချိန် ပိုမိုရရှိဖို့လည်း လိုအပ်ကြပါတယ်။

    Sleep Research Center at England’s Loughborough University

    လေ့လာမှုအရ သိရတာက အမျိုးသမီးတွေရဲ့  ဦးနှောက်က တစ်နေ့တာ လုပ်ငန်းစဉ်တွေကြောင့် ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ဖို့ အချိန် ပိုမို လိုအပ်ကြပါတယ်။ အိပ်ရေးပျက်တာ များတဲ့ အမျိုးသမီးတွေဟာ စိတ်အနှောင့်အယှက် ဖြစ်လွယ်တာ၊ ဒေါသဖြစ်လွယ်တာတွေကို ခံစားကြရပါတယ်။

    အမျိုးသားတွေနဲ့ နှိုင်းယှဉ် လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေအရ သိရတာက အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက် ပိုမို အိပ်စက်ဖို့ လိုအပ်ပါတယ်။ ဒါမှ ဦးနှောက်လုပ်ဆောင်မှုတွေက ပိုမိုကောင်းမွန်ကြတာပါ။ နောက်တစ်ချက်က အမျိုးသမီးတွေရဲ့ ဦးနှောက်က အချိန်တော်တော်များများမှာ တော်တော်လေး ကြိုးကြိုးစားစား အလုပ်လုပ်တတ်ကြတာကြောင့် အိပ်စက် အနားယူချိန်ကို ပိုမို လိုအပ်တာ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ဖော်ထုတ်နိုင်ဖို့တော့ လိုအပ်ဦးမှာပါ။

    အမျိုးသမီးလေးတွေ အိပ်ရေးဝဝ အိပ်ဖို့ လိုအပ်

    အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ပိုမို လိုအပ်ရတာက ဒီအချက်တွေကြောင့်ပါ။

    • ပုံမှန်အတိုင်းမှာကို အလုပ်များနေတတ်ကြသူလေးတွေမို့ပါ

    သေသေချာချာ စဉ်းစား​ကြည့်မယ်ဆိုရင် အမျိုးသားတွေထက် အမျိုးသမီးတွေရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တွေက ပိုများနေတတ်ပါတယ်။ အချိန်ပိုင်း အလုပ်လုပ်တဲ့ အမျိုးသမီးတွေပဲဖြစ်ဖြစ် အချိန်ပြည့် အလုပ်လုပ်တဲ့ အမျိုးသမီးတွေပဲ ဖြစ်ဖြစ်ပါ။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံမှာဆိုရင် အမျိုးသမီးလေးတွေဟာ အသက် ၁၀ နှစ် ဝန်းကျင်လောက် ရောက်လာပြီဆိုရင်  မိခင်ကို အိမ်အလုပ်တွေ ကူလုပ်ရင်း အလုပ်တာဝန်တွေကို စတင် ခွဲယူလာတတ်ပြီး ကျောင်းစာအပြင် အိမ်မှုကိစ္စတွေကို လုပ်ဆောင်နေကြတာမျိုး ရှိပါတယ်။

    အရွယ်ရောက်လာပြန်တော့လည်း အိမ်မှုကိစ္စတွေ ဖြစ်တဲ့ ချက်ပြုတ် လျှော်ဖွတ် မီးပူတိုက်တာတွေကစလို့ အိမ်ထောင်ရှင် လေဒီတွေဆိုရင်လည်း ကလေးထိန်းတာ၊ အမျိုးသား ဝေယျာဝစ္စတွေနဲ့ မိုးလင်းကနေ မိုးချုပ်အထိ အလုပ်များနေတတ်ကြပါတယ်။ ဒီတော့ တစ်နေ့တာမှာ ကာယအားရော ဉာဏအားကိုပါ ပင်ပင်ပန်းပန်း အသုံးပြုနေရတဲ့သူတွေဆိုရင် မမှားဘူးပေါ့။ ဝင်ငွေကိုလည်း ရှာတယ်။ အိမ်မှုကိစ္စလည်း ထောင့်စေ့ချင်တဲ့ လေဒီတွေဆိုရင်တော့ အတော်လေး ပင်ပန်းမယ်ဆိုတာ ထွေထွေထူးထူး ပြောစရာ မလိုအောင်ပါ။ ဒီလိုနဲ့ အိပ်ရေးပျက်တာများလာရင် ထိခိုက်တာတွေကို ခံစားလာရနိုင်တယ်ဆိုတာ သတိရစေချင်ပါတယ်။

    • ဟော်မုန်းအပြောင်းအလဲ များတယ်

    အပျိုဖော်ဝင်ချိန်ရောက်ပြီဆိုရင် လတိုင်းလိုလို ဟော်မုန်းပြောင်းလဲမှုကို ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ လစဉ် ရာသီလာချိန်မှာ  ကိုယ်လက် ကိုက်ခဲတာ၊ ဗိုက်အောင့်တာတွေကြောင့်လည်း ပင်ပန်းနွမ်းနယ်မှုတွေကို ပြေလျော့စေဖို့ အိပ်ချိန် ပိုမို လိုအပ်ပါတယ်။ နောက်တစ်ချက်က ကိုယ်ဝန်ဆောင်ချိန် နဲ့ သွေးဆုံးချိန်တွေမှာလည်း ဟော်မုန်း ပြောင်းလဲမှုတွေ ခံစားရနိုင်တာကြောင့် အိပ်ချိန် ပိုမို လိုအပ်ပါတယ်။

    ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ နဲ့ အခြားသော အကြောင်းအရင်းတွေကြောင့် အမျိုးသမီးတွေရဲ့ ဦးနှောက်က အိပ်ချိန်ကို ပိုမို လိုအပ်​ကြပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေက ဟော်မုန်း အပြောင်းအလဲကြောင့် စိတ်ခံစားမှု အပြောင်းအလဲဖြစ်တာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေကို ခံစားရနိုင်တာကြောင့်လည်း ဒီအခြေအနေတွေကို ကာကွယ်ဖို့ အိပ်ချိန်ကို ပိုမို လိုအပ်ပါတယ်။

    • အနားယူချိန် ပြည့်ပြည့်ဝဝရရှိတာ နည်းကြလို့

    နေ့စဉ် တာဝန်ယူလုပ်ဆောင်ရတဲ့ အလုပ်တွေ များတာကြောင့် အမျိုးသမီး အများစုက အနားယူချိန် လုံလောက်အောင် မရကြတာများပါတယ်။ ကလေးငယ် ရှိနေတာ၊ တာဝန်ယူထားရတဲ့ အိမ်ထောင်မှု တာဝန်တွေ များလွန်းတာ စသဖြင့် အမျိုးမျိုးသော အခြေအနေတွေကြောင့် အိပ်ချိန် အနားယူချိန် နည်းနေတတ်ကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ပိုမို လိုအပ်ကြတာပါ။

    • အိပ်ရေးပျက်တာက ကိုယ်အလေးချိန် တက်လာစေနိုင်လို့ 

    အမျိုးသမီးတွေက အမျိုးသားတွေထက် ကိုယ်အလေးချိန် ထိန်းညှိဖို့ ခက်ကြပါတယ်။ အထူးသဖြင့် အိပ်ရေးပျက်တာ များတဲ့ အမျိုးသမီးတွေမှာပါ။ အမျိုးသမီးတွေက အိပ်ရေးပျက်တာ များလာလေလေ အိပ်မပျော်တဲ့ ကျန်းမာရေး ပြဿနာ ခံစားရနိုင်ခြေ များလာသလို အဝလွန်နိုင်ခြေလည်း များလာပါတယ်။

    အိပ်းရေးပျက်တာက ကိုယ်တွင်းမှာ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ ကော်တီစော ဟော်မုန်း များလာနိုင်တာကြောင့် အစားစားချင်စိတ် များလာရာကနေ အဝလွန်လာစေတာပါ။ ကိုယ်အလေးချိန် ထိန်းချင်ရင်တော့ အိပ်ရေးဝဝ အိပ်ဖို့ လိုပါမယ်။

    • အမျိုးသား အမျိုးသမီး ကွာဟချက်ကြောင့်

    အမျိုးသမီးတွေက အမျိုးသားတွေထက် လုပ်ငန်းတော်တော်များများကို တစ်ချိန်တည်းမှာ လုပ်ဆောင်နိုင်စွမ်း မြင့်ကြသလို တွေးတောနေတဲ့ အတွေးတွေကလည်း ပိုများပါတယ်။ ဒီလို လုပ်ဆောင်တွေးတောနိုင်စွမ်းတွေက မြန်ဆန်လွန်ပြီး အိပ်စက်ခါနီးအထိ အရှိန်ကျသွားတာမျိုး မရှိတာကလည်း အိပ်ပျော်ဖို့ ခက်စေပြီး အိပ်ရေးမဝတာကို ဖြစ်စေနိုင်တာကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပုံမှန် ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် အိပ်ချိန် ပိုမိုရရှိဖို့ လိုအပ်မှာပါ။

    စကားလက်ဆောင်

    ယနေ့ခေတ် နေထိုင်မှုပုံစံ နဲ့ လူမှုပတ်ဝန်းကျင်ရဲ့ စံနှုန်းလိုအပ်ချက်တွေ မြင့်လာခြင်းက အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ထိခိုက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုနဲ့ နေ့စဉ်တိုင်းမှာ စိတ်ဖိစီးမှုတွေကို ခံစားလာရပြီး အိပ်ရေးဝဝ အိပ်စက်မှုကို ထိခိုက်လာပါတယ်။ အိပ်ရေးမဝတာက အာရုံစူးစိုက်ဖို့ ခက်သလို နေ့စဉ်ဘဝမှာ အကောင်းဆုံး စွမ်းဆောင်ရည် ရရှိစေဖို့လည်း ခက်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ပျော်ဖို့ လုပ်ဆောင်ပြီး နေ့စဉ် ဘဝကို ပိုမို ပျော်ရွှင်စရာကောင်းအောင် ဖန်တီးလိုက်ပါ လေဒီလေးတို့ရေ …….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement