backup og meta

သင့်ခရီးဖော် ဖွားဖက်တော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ခရီးဖော် ဖွားဖက်တော်

    သင့်ခရီးဖော် ဖွားဖက်တော်

    ဒီဆောင်းပါးလေးမှာတော့ အသက်အရွယ်အပိုင်းအခြားအလိုက် အမျိုးသားတစ်ယောက်ရဲ့ ဖွားဖက်တော် (လိင်အင်္ဂါ) ရဲ့ ပုံစံနဲ့ လုပ်ဆောင်မှုတွေ ဘယ်လိုပြောင်းလဲလာသလဲဆိုတာကို မျှဝေဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်နဲ့ ဘဝတစ်သက်တာလုံး အတူတူလိုက်ပါ ပြောင်းလဲလာမယ့် ဖွားဖက်တော်လေးအကြောင်း သိရှိရအောင် အခုပဲ ဖတ်ကြည့်လိုက်ပါဦးနော်။

    ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ခပ်သိမ်းသော အစိတ်အပိုင်းများနည်းတူ ဖွားဖက်တော်ဟာလည်း အသက်အရွယ် အပိုင်းအခြားအလိုက် ပြောင်းလဲမှုတွေကို ကြုံတွေ့ရင်ဆိုင်ရပါတယ်။ ဒီလို ပြောင်းလဲမှုတွေကို အဓိက ကြိုးကိုင်ပေးနေသူကတော့ တက်စတိုစတီရုန်းလို့ခေါ်တဲ့ ကျားဟော်မုန်းပဲ ဖြစ်ပါတယ်။

    အသက် ၉နှစ်ကနေ ၁၅နှစ်အတွင်းမှာ သင့်ရဲ့ဦးခေါင်းမှာရှိတဲ့ ပစ်ကျူထရီဂလင်းကနေ ဟော်မုန်းတစ်မျိုး ထုတ်ပြီး ခန္ဓာကိုယ်ကနေ တက်စတိုစတီရုန်း ဟော်မုန်းထုတ်စေဖို့ အချက်ပြလိုက်ပါတယ်။ ဒီလိုမျိုး ထွက်လာတဲ့ တက်စတိုစတီရုန်း ဟော်မုန်းကြောင့်ပဲ ကြီးကောင်ဝင်ခြင်း၊ လူပျိုဖော်ဝင်ခြင်းဆိုတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်လာရပါတယ်။

    ဒီနေရာမှာ ဗဟုသုတအလို့ငှာ တခုပြောရမယ်ဆိုရင် ယောက်ျားလေးတွေဟာ ရှင်ပြုလိုက်တော့မှ ထွားလာတယ်၊ အရပ်တွေလည်း ရှည်လာတယ် စသဖြင့် ပြောတတ်ကြပါတယ်။ တကယ်တမ်းကျတော့ အဲ့ဒီလို ရှင်ပြုလေ့ရှိတဲ့အရွယ်နဲ့ သဘာဝအလျောက် တက်စတိုစတီရုန်း(ကျားဟော်မုန်း)တွေ ထွက်တဲ့အချိန် တိုက်ဆိုင်နေတတ်တာကြောင့်ပဲ ဖြစ်ပါတယ်ဆိုတာလေးကို သတိချပ်သင့်ပါတယ်။

    ဒီလို ကျားဟော်မုန်းထွက်လာတဲ့အတွက် သင့်လိင်တံ၊ ဝှေးစေ့၊ ကပ္ပာယ်အိတ် စတာတွေ ကြီးထွားဖွံ့ဖြိုးလာပြီး ဆီးခုံမွေးတွေလည်း စတင်ထွက်ပေါ်လာပါတော့တယ်။ တက်စတိုစတီရုန်းဟော်မုန်းတွေ ဆထက်ထမ်းပိုး တိုးတက်များပြားလာပြီး အသက်၂၀တဝိုက်မှာတော့ အမြင့်ဆုံး ပမာဏကို ရောက်ရှိလို့ လာပါတော့တယ်။ ဒါဟာ သင့်စွမ်းဆောင်ရည်တွေ အထွတ်အထိပ် ရောက်နေတဲ့အချိန်ပေါ့။

    ဒါပေမယ့် ဘယ်အရာမှ မမြဲဘူးဆိုတဲ့ သဘောတရားအတိုင်း တက်စတိုစတီရုန်းပမာဏဟာ အသက်၂၀ ကျော်ကနေစပြီး အသက်၄၀နားလောက် ရောက်တဲ့အထိ တဖြည်းဖြည်း ပြန်လည်ကျဆင်းလို့လာပါတော့တယ်။ ဒါပေမယ့် ဒီလိုကျဆင်းတာဟာ မသိလိုက်မသိဖာသာ ခပ်နည်းနည်းသာ ဖြစ်တဲ့အတွက် သင့်အနေနဲ့ စိတ်သွားတိုင်း ကိုယ်ပါနေတုန်းပဲ ဖြစ်မှာပါ။ ထိပ်ဆုံးထိ မရောက်ခဲ့ရတောင် အလယ်လတ်တော့ မကပါကွယ် ဆိုတဲ့ စိုင်းထီးဆိုင်သီချင်းလေးလိုပဲပေါ့။

    သို့သော် ….. သို့သော် အသက်၄၀ကျော်လာပြီဆိုရင်ဖြင့် ဇာတ်လမ်းတွေက စပါပြီ။ ဒီအချိန်မှာလည်း သင့်ကျားဟော်မုန်းက အလွန်အမင်း ထိုးဆင်းသွားတာမျိုး မဟုတ်ပေမယ့် သင့်ခန္ဓာကိုယ်ကနေ Sex hormone binding globulin လို့ခေါ်တဲ့ လိင်သဘာဝဟော်မုန်းတွေကို ဆွဲယူပေါင်းစည်းပစ်နိုင်တဲ့ ပရိုတင်းတစ်မျိုးကို ပိုမိုထုတ်လုပ်လို့ လာပါတော့တယ်။

    အကျိုးဆက်အနေနဲ့ သင့်ရဲ့ ရှိစုမဲ့စု တက်စတိုစတီရုန်းလေးတွေကို ဒီပရိုတင်းက ဆွဲယူသွားတဲ့အခါ သင့်သွေးထဲမှာ လွတ်လွတ်လပ်လပ်ရှိနေတဲ့ (သင့်ခန္ဓာကိုယ်က အသုံးပြုနိုင်တဲ့) ကျားဟော်မုန်းတက်စတိုစတီရုန်းပမာဏဟာ သိသိသာသာကြီးကို နည်းပါးသွားပါပြီ။ နောက်ဆက်တွဲအနေနဲ့ အောက်ဖော်ပြပါ အပြောင်းအလဲတွေကို သင်ကြုံတွေ့ရတော့မှာပါ။

    ဆီးခုံမွေး

    သင့်ခန္ဓာကိုယ်တခြားနေရာက အမွေးအမျှင်တွေနည်းတူ ဆီးခုံမွေးတွေဟာလည်း ကျိုးတို့ကျဲတဲဖြစ်လာကာ အရောင်တွေလည်း ဖြူလာပါမယ်။

    လိင်တံအရွယ်အစား

    သင့်လိင်တံထောင်မတ်တဲ့အချိန်မှာ လိင်တံအရွယ်အစားဟာ ငယ်ရွယ်စဉ်က အနေအထားလောက် မရှိတော့တာကို သင်သတိထားမိလာပါလိမ့်မယ်။ အမှန်တကယ် အရွယ်အစားသေးသွားတာထက် သင့်ဆီးခုံရိုးမှာ အဆီတွေပိုမိုစုပုံလာတာ၊ ဗိုက်ပူလာတာကြောင့် လိင်တံအရွယ်အစား သေးသွားတယ်လို့ ထင်ရတာ ဖြစ်နိုင်ပါတယ်။

    လိင်တံပုံသဏ္ဍာန်

    ရာခိုင်နှုန်းအနည်းငယ်သော အမျိုးသားတွေမှာ အသက်အရွယ်ကြီးမြင့်လာတဲ့အခါ လိင်တံကောက်လာတတ်ပါတယ်။ ဒီလို ကောက်လာပြီဆိုရင် အလျား၊ လုံးပတ်နဲ့ စွမ်းဆောင်ရည်တို့ကိုပါ ထိခိုက်မှုတွေ ရှိလာပါလိမ့်မယ်။

    လိင်ဆက်ဆံစဉ်ကာလမှာ ကောက်သွားမယ်ဆိုရင်တော့ ထိခိုက်မှုဒဏ်ကြောင့် Peyronie’s disease လို့ခေါ်တဲ့ ရောဂါတစ်မျိုးကိုပါ ခံစားရနိုင်ပါတယ်။ ဒီလို ထိခိုက်ဒဏ်ရာရပြီးလို့ ပြန်ကောင်းလာပြီဆိုရင်တောင် လိင်တံထောင်မတ်တဲ့အခါ ပျက်စီးသွားတဲ့ တစ်ရှူးတွေဆီကို သွေးကောင်းစွာ မရောက်ရှိနိုင်တော့တာကြောင့် ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဆေးဝါးနဲ့သော်လည်းကောင်း၊ ခွဲစိတ်ပြီးတော့သော်လည်းကောင်း ကုသမှုခံယူစရာ အကြောင်းတွေ ရှိကောင်းရှိလာနိုင်ပါတယ်။

    ဝှေးစေ့

    ဝှေးစေ့ဟာ ကပ္ပာယ်အိတ်ထဲမှာရှိပြီး သုက်ကောင်တွေထုတ်ပေးတဲ့ လုပ်ငန်းတာဝန်ကို လုပ်ဆောင်ပါတယ်။ တက်စတိုစတီရုန်းဟော်မုန်းပမာဏ ကျဆင်းလာတဲ့အချိန်မှာတော့ သုက်ကောင်ထုတ်လုပ်မှုလည်း လျော့နည်းနှေးကွေးလာပြီဖြစ်လို့ ဝှေးစေ့လေးတွေလည်း ရှုံ့သွားပါပြီ။

    ကပ္ပာယ်အိတ်

    အသက်ကြီးလာတဲ့အခါ ကပ္ပာယ်အိတ်ကို ဆွဲထားတဲ့ ကြွက်သားတွေ အားနည်းလာပြီဖြစ်တဲ့အတွက် သင့်ကပ္ပာယ်အိတ်ဟာ ပိုမိုတွဲကျလာပါလိမ့်မယ်။

    ဖွားဖက်တော်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်

    သင့်ရဲ့ ဖွားဖက်တော် လိင်တံဆီ အထောက်အပံ့ပေးထားတဲ့ အာရုံကြောတွေဟာ ငယ်ရွယ်စဉ်ကလောက် ခံစားမှု မကောင်းတော့တဲ့အတွက် လိင်စိတ်နိုးကြွခြင်း၊ ချစ်တင်းနှောရာမှာ အထွတ်အထိပ်ရောက်ခြင်းတို့ကို ကြီးစွာသော အနှောင့်အယှက်တွေ ဖြစ်စေပါလိမ့်မယ်။ ဒီကြားထဲ တက်စတိုစတီရုန်းပမာဏကလည်း လျော့နည်းလာသေးတာမို့ ပန်းသေပန်းညှိုးဝေဒနာတွေကိုလည်း ခံစားလာရပါတော့မယ်။

    ဒီပြဿနာရဲ့ အဓိက တရားခံကတော့ သင့်လိင်တံထောင်မတ်ဖို့ လိင်တံဆီကို များများရောက်လာရမယ့် သွေးတွေကို ကြာကြာ မထိန်းသိမ်းထားနိုင်တာပါပဲ။ သွေးတွေရောက်လာပေမယ့် အိုမင်းလာပြီဖြစ်တဲ့ သင့်လိင်တံကြွက်သားတွေဟာ ဒီသွေးတွေကို ကြာရှည်စွာ ထိန်းမထားနိုင်တော့တာမို့ လိင်တံထောင်မတ်လာပေမယ့် ခဏအကြာမှာ ပြန်လည် ပျော့ခွေညှိုးရော်သွားရတာပဲ ဖြစ်ပါတယ်။

    အထက်မှာဖော်ပြခဲ့တဲ့ အချက်တွေကတော့ သင့်အသက်အရွယ် အပိုင်းအခြားအလိုက် ကြုံတွေ့ရမယ့် ဖွားဖက်တော် နဲ့ အပေါင်းအပါတွေရဲ့ အနေအထားပါ။ ဒါဟာ အမျိုးသားတိုင်း ကြုံတွေ့ရမယ့် ပြဿနာတွေ ဖြစ်ပေမယ့်လည်း သင့်အတွက် ဆိုးဆိုးရွားရွား (ကျန်းမာရေး၊ အိမ်ထောင်ရေး စသည်) ထိခိုက်စေမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ မရှက်မကြောက် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေး အဖြေရှာရမှာပဲ ဖြစ်ပါတယ်။

    ပွင့်သောပန်းတိုင်း အချိန်ကြာကြာ လန်းဆန်းစေဖို့ တောင်းဆုခြွေရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement