backup og meta

အမျိုးသားတွေ သွေးဆုံး နိုင်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေ သွေးဆုံး နိုင်သလား

    အမျိုးသမီးတွေကတော့ သဘာဝအရ အသက်၅၀လောက်ဆို သွေးဆုံးသွားကြပါပြီ။ ဒါက အမျိုးသမီးတိုင်း မလွဲမသွေ တွေ့ရတဲ့ ကိစ္စပါ။ အမျိုးသားတွေရော သွေးဆုံးတယ်လို့ ကြားဖူးပါသလား။ သိပ်မရင်းနှီးတော့ အမျိုးသားတွေလည်း သွေးမဆုံးတတ်ဘူးလို့ ထင်မှာပါ။ တကယ်တော့ အမျိုးသားတွေလည်း သွေးဆုံးတတ်ပါတယ်။ ဒါပေမယ့် အမျိုးသားတိုင်းတော့ မဟုတ်ပါဘူး။ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးကိစ္စမို့လို့ သွေးဆုံးတဲ့အခါ အမျိုးသားတွေ  ဘာတွေခံစားရနိုင်လဲဆိုတာ ပြောပြပေးပါမယ်။ အမျိုးသားတွေ သွေးဆုံး နိုင်သလား ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    အမျိုးသားတွေ သွေးဆုံး နိုင်သလား

    အမျိုးသမီးတွေမှာ သွေးဆုံးတာက menopauseဆိုရင် အမျိုးသားတွေမှာက andropauseလို့ခေါ်ပါတယ်။ အမျိုးသားတွေမှာ အသက်ကြီးလာတာနဲ့အမျှ ဟော်မုန်းတွေက ပြောင်းလဲလာပါတယ်။ အမျိုးသားတွေမှာ အသက်၅၀ကျော်လာတာနဲ့အမျှ တက်စတိုစတီရုန်းပမာဏက လျော့နည်းလာပါတယ်။

    အမျိုးသားတွေမှာ တက်စတိုစတီရုန်းကို ဝှေးစေ့ကနေ ထုတ်ပေးတာပါ။ သူက အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒအတွက်ပဲ မဟုတ်ပါဘူး။ လူပျိုဖော်ဝင်ချိန် အပြောင်းအလဲတွေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ၊ ကြွက်သားဖွံ့ဖြိုးမှုတွေ စတာတွေ လုပ်ပေးပါတယ်။

    အမျိုးသမီးတွေနဲ့ ကွာတာက အမျိုးသားတိုင်း သွေးဆုံးတာ မဟုတ်ပါဘူး။ မျိုးပွားအင်္ဂါတွေ လုံးဝအလုပ်မလုပ်တော့တာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဟော်မုန်းနည်းသွားတာကြောင့် လိင်စိတ်ဆန္ဒလျော့နည်းသွားတာမျိုးတော့ ရှိပါတယ်။

    အမျိုးသားတွေ သွေးဆုံး တဲ့အခါ ဘာလက္ခဏာတွေ ခံစားရမှာလဲ။

    ဟော်မုန်းနည်းသွားတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုရှိနိုင်ပါတယ်။ အသက်ကြီးလာလေလေ ဟော်မုန်းနည်းလေလေ ပိုဆိုးလာလေလေပါပဲ။ ဒါ့ပြင်

    • အားအင်ကုန်ခမ်းတာ
    • စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းလွယ်တာ
    • စိတ်တက်ကြွမှုမရှိတာ
    • ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိတာ
    • အာရုံစူးစိုက်လို့မရတာ
    • အဆီတက်လာတာ
    • ကြွက်သားတွေ ကျုံလှီလာတာ
    • ရင်သားတွေဆူလာတာ
    • အရိုးသိပ်သည်းဆ နည်းလာတာ
    • လိင်တံမထောင်မတ်နိုင်တာ
    • လိင်စိတ်နည်းလာတာ
    • မြုံလာတာ စတာတွေ  ဖြစ်လာနိုင်ပါတယ်။

    တခြားလက္ခဏာတွေကတော့ ရင်သားတွေဆူပြီး နာလာတာ၊ ဝှေးစေ့သေးလာတာ၊ ကျောပူရင်ပူတာ၊ ကိုယ်အမွေးတွေပါးလာတာ စတာတွေပဲ ဖြစ်ပါတယ်။

    တက်စတိုစတီရုန်း အတက်အကျ

    လူပျိုမဖြစ်ခင်ဆိုရင် တက်စတိုစတီရုန်းက သိပ်မများပါဘူး။ တဖြည်းဖြည်းနဲ့ လူပျိုဖော်ဝင်လာပြီး သဘာဝအရ လိင်စိတ်ဆန္ဒတွေ ဖြစ်ဖို့ လိုလာပြီဆိုရင် တက်စတိုစတီရုန်း များလာပါတယ်။ တစ်ခါ အသက်ကြီးလာပြီဆိုရင် တက်စတိုစတီရုန်းက ပြန်ကျသွားပြန်ပါတယ်။ Mayo Clinic အဆိုအရ အသက်၃၀နောက်ပိုင်းဆိုရင် တက်စတိုစတီရုန်းက တစ်နှစ်ကို တစ်ရာခိုင်နှုန်းလောက် နည်းသွားပါတယ်။ ရောဂါတွေ ဘာတွေ ရှိနေရင် ပိုပြီး မြန်မြန်ကျပါတယ်။

    ဘယ်လိုကုသကြမလဲ။

    သာမန်အားဖြင့်တော့ လူကို ထိခိုက်လောက်အောင် မဆိုးဘူးဆိုရင် အိမ်မှာတင် ကိုယ့်ဟာကိုယ် သက်သာအောင် နေလို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဘယ်လိုမှ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြပါ။ ဒါရှက်စရာကိစ္စမဟုတ်ပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်တာပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားမယ်၊ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်၊ အိပ်ရေးဝဝအိပ်မယ်၊ စိတ်ဖိစီးမှုနည်းအောင် နေမယ်ဆိုရင် သက်သာနိုင်ပါတယ်။ တော်တော်များများကတော့ ဒီလို ပြောင်းလဲနေထိုင်ပြီးနောက်မှာ သက်သာသွားတယ်လို့ ဆိုပါတယ်။

    နောက်ထပ်နည်းလမ်းကတော့ အမျိုးသမီးတွေလိုပဲ ဟော်မုန်းအစားထိုးကုသတာပါ။ ဒါကလည်း ကောင်းကျိုး ဆိုးကျိုး အမျိုးမျိုးရှိပါတယ်။ ဆီးကျိတ်ကြီးနေတဲ့သူဆိုရင် ဆီးကျိတ်ဆဲလ်တွေကို ပိုပွားစေလို့ မသင့်တော်ပါဘူး။ ဒီလို အကောင်းအဆိုးတွေ ရှိနေတဲ့အတွက် ကုသဖို့ လိုမလို ဆရာဝန်နဲ့ တိုင်ပင်ပါ။

    အမျိုးသားတွေဟာ အသက်ကြီးလာရင် ဟော်မုန်းနည်းသွားပြီး သွေးဆုံးသလို ဖြစ်တတ်တာ သဘာဝပါ။ လူတိုင်းမှာ မဖြစ်တာကြောင့် ကိုယ့်မှာ ဖြစ်လာရင်လည်း စိတ်မပူပါနဲ့။ လက္ခဏာအများစုက ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ရုံနဲ့ သက်သာသွားတာပါ။ လိုအပ်ရင်တော့ ဆရာဝန်ပြပြီး ကုသမှုခံယူပါ။

    အမျိုးသားတွေ သွေးဆုံး နိုင်သလား ဆိုတာ အဖြေထွက်ပြီဟုတ် ……

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement