backup og meta

အမျိုးသားများနှင့် အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများနှင့် အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း

    အမျိုးသားများနှင့် အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း – အိပ်ပျော်နေတဲ့အချိန် သုက်လွှတ်တယ်ဆိုတာ ယောက်ျားလေးတွေအတွက်တော့ ဖြစ်နေကျ ကိစ္စတစ်ခုပါပဲ။ ဒီလိုဖြစ်စဉ်တွေဟာ လူပျိုစတင်ဖြစ်လာတဲ့အချိန် ဟော်မုန်းအပြောင်းအလဲကြောင့်ရော၊ ကိုယ့်ရဲ့ နိုးကြားတက်ကြွလာတဲ့လိင်စိတ်ကြောင့် ညအိပ်နေတဲ့အချိန် လိင်တံဟာ လှုံ့ဆော်မှုမပါဘဲ အလိုအလျောက်ထောင်မတ်လာပြီး သုက်လွှတ်တယ်။ မနက်နိုးလာတော့ ဘောင်းဘီမှာ စေးကပ်ကပ် အကွက်တွေကို တွေ့ရတတ်ပါတယ်။ ဒီဆောင်းပါးမှာ အမျိုးသားတိုင်း သိထားသင့်တဲ့ အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း နှင့် ဆက်စပ်နေတဲ့ အကြောင်းအရာနဲ့ လူတွေအမေးများတဲ့မေးခွန်းတွေကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။

    အမျိုးသားများနှင့် အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း

    အမျိုးသားများနှင့် အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း အကြောင်း အတူတူ လေ့လာကြည့်ရအောင်နော်။

    ၁။ အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း ဘယ်လိုဖြစ်တာလဲ။

    အိပ်စက်အနားယူနေတဲ့အချိန်မှာ လိင်အင်္ဂါအတွင်းမှာ သွေးစီးဆင်းမှုနှုန်း ပိုများပြီး ပုံမှန်အချိန်ထက် ထောင်မတ်ဖို့ လွယ်ကူပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ရဲ့ လိင်စိတ်ကို နိုးကြားတက်ကြွလာစေတဲ့ အိပ်မက်တွေ (Wet Dreams) မက်တဲ့အခါ လိင်အင်္ဂါဟာ လက်ရဲ့အကူအညီမလိုအပ်ပါဘဲ သူ့အလိုလို သုက်လွှတ်ပြီး လိင်စိတ်ဆန္ဒပြီးမြောက်ခြင်းကို ဖြစ်စေပါတယ်။ သုက်လွှတ်လိုက်တာကိုတော့ အိပ်နေတဲ့အချိန်မှာ သိမှာမဟုတ်ဘဲ မနက်နိုးလာလို့ အဝတ်အစားတွေ ချွတ်လဲတဲ့အချိန်မှသာ သတိထားမိတတ်ကြတာပါ။

    ၂။ ယောက်ျားလေးတွေမှာပဲ ဖြစ်တတ်တာလား။

    မဟုတ်ပါဘူး။ ယောက်ျားလေးတွေမှာ ပိုအဖြစ်များတယ်ဆိုပေမယ့် မိန်းကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်စဉ်ဖြစ်တဲ့အချိန် အများစုဟာ လူပျို၊ အပျိုဖြစ်တဲ့အရွယ်တွေဖြစ်ပြီး အကြောင်းရင်းကတော့ ဟော်မုန်းအပြောင်းအလဲ လျင်မြန်စွာဖြစ်ပျက်နေတဲ့ ကာလကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေမှာလည်း အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း ဖြစ်နိုင်ပါတယ်။ ကွာသွားတာကတော့ ယောက်ျားလေးတွေက သုက်ရည် ထုတ်လွှတ်လိုက်တဲ့အခါ အဖြူရောင်စေးကပ်ကပ် အကွက်တွေ အဝတ်အစားမှာကျန်ရစ်နေပြီး အမျိုးသမီးတွေကတော့ ပုံမှန်မိန်းမကိုယ်က အရည်တွေ ဆင်းတာမျိုး ရှိတဲ့အတွက် မိမိကိုယ်ကိုယ် သုက်လွှတ်လိုက်မှန်းတောင် သတိမထားမိတတ်ကြတာပါပဲ။

    ၃။ လူပျို၊ အပျိုအရွယ်မှာ ဖြစ်နိုင်တာလား။

    ဆယ်ကျော်သက်အရွယ်မှာ အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း ဖြစ်စဉ် အများဆုံးဖြစ်တတ်တဲ့ အချိန်ဖြစ်ပြီး အသက် ၁၈ နောက်ပိုင်းမှာတော့ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ ဒါပေမယ့် လုံးဝမဖြစ်နိုင်တော့တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာဆိုရင်တော့ အိပ်နေတဲ့အချိန်နဲ့ မနက်နိုးလာတဲ့အချိန်မှာ လိင်တံထောင်မတ်နိုင်တာကတော့ ဆယ်ကျော်သက်တုန်းကလိုပဲ ဖြစ်နေမှာပါ။

    ၄။ အိပ်ပျော်နေစဉ် သုက်လွှတ်တာနဲ့ ပတ်သက်ပြီး ဘာလုပ်လို့ရလဲ။

    တကယ်တမ်းကတော့ ကျန်းမာရေးကောင်းတယ်၊ လိင်စိတ်ဆန္ဒ  လည်း ရှိနေသေးတဲ့လူတစ်ယောက်အတွက်တော့ အိပ်ပျော်နေစဉ် သုက်လွှတ်တယ်ဆိုတာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ။ ဒါပေမယ့် ညတိုင်းလိုလို ဖြစ်နေတယ်ဆိုရင်တော့ အနည်းငယ်တော့ စိုးရိမ်တတ်တာပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာဝန်ဆီမှာ သွားရောက်စစ်ဆေးကြည့်လိုက်လို့ ရပါတယ်။ ဆေးစစ်လိုက်လို့ ဘာမူမမှန်တာမှ မတွေ့ရဘူးဆိုရင်တော့ စိတ်ရောဂါကုထုံးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဘယ်လိုအကြောင်းအရာကြောင့် ဒီလိုအိပ်မက်တွေ မက်စေတာလဲဆိုတာ အဖြေရှာသင့်ပါတယ်။

    ၅။ လိင်အာသာဖြေ အိပ်မက်တွေမက်တိုင်း သုက်လွှတ်တော့မှာလား။

    အမြဲတမ်းတော့ မဟုတ်ပါဘူး။ တစ်ခါတလေ ဒီလိုအိပ်မက်တွေမက်ပြီး လိင်စိတ်ထကြွလာရင်တောင် သုက်လွှတ်ခြင်း နဲ့ အဆုံးသတ်သွားတာမျိုးမဟုတ်ဘဲ ဒီအတိုင်း နောက်အိပ်မက်တစ်ခု ပြောင်းမက်တာမျိုးလည်း ရှိပါတယ်။ အထူးသဖြင့် အသက်ကြီးလာတဲ့အခါ ဒီလိုအိပ်မက်တွေမက်ပြီးရင်တောင် သုက်လွှတ်တာမျိုး တော်တော်နည်းသွားပါတယ်။

    ၆။ တခြားအကြောင်းအရာတွေကြောင့်ရော အိပ်ပျော်နေစဉ် သုက်လွှတ်တတ်လား။

    ကိုယ်ကျပ် ညဝတ်ဘောင်းဘီတွေ ဝတ်ထားတာ၊ အတွင်းခံဘောင်းဘီ အကျပ်ဝတ်ထားတဲ့အခါ လိင်အင်္ဂါနဲ့ အဝတ် မကြာခဏ ပွတ်တိုက်မှုကို ဖြစ်စေပါတယ်။ အမျိုးသမီးတွေနဲ့ တချို့သော အမျိုးသားတွေမှာ ဒီအထိအတွေ့ကြောင့် လက်အကူမလိုဘဲ သူ့အလိုလို သုက်လွှတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရှားပါးတဲ့ ဖြစ်စဉ်ထဲမှာ ဒါလည်း ပါပါတယ်။

    ၇။ ပုံမှန်အချိန်မှာ လိင်စိတ်ဆန္ဒပြီးမြောက်ဖို့ ခဲယဉ်းတာ ဒါနဲ့ရောဆိုင်လား။

    မဆိုင်ပါဘူး။ အိပ်ပျော်တာမဟုတ်ဘဲ ဦးနှောက်က နိုးကြားတက်ကြွနေတဲ့အချိန်မှာ လူတစ်ယောက်က လိင်စိတ်ဆန္ဒ ပြီးမြောက်ဖို့ ပိုကြာတတ်ပါတယ်။ လိင်ဆက်ဆံဖော် အပေါ်မှာ စိတ်မပါဝင်စားတာ၊ စိတ်ဖိစီးနေတာ၊ စိတ်ညစ်နေတာ၊ မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းနေတာ၊ တခြားကျန်းမာရေး၊ လိင်ကိစ္စ၊ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပူပန်သောကရောက်နေတာ၊ ဒီလိုအချက်တွေက ကိုယ့်ရဲ့ လိင်စိတ်ဆန္ဒ ပြီးမြောက်မှုကို အဟန့်အတားဖြစ်စေပါတယ်။

    အိပ်ပျော်နေတဲ့အချိန်မှာတော့ ဦးနှောက်က လိင်စိတ်ပြီးမြောက်ဖို့ နှောင့်ယှက်နေတဲ့အရာတွေကို တွေးဖို့အလုပ်မလုပ်တာကြောင့် သုက်လွှတ်ဖို့ ပိုမိုလွယ်ကူပါတယ်။

    ၈။ အိပ်ပျော်နေချိန် တစ်ခါမှ သုက်မလွှတ်ဖူးတာရော ပုံမှန်ပဲလား။

    လူနည်းစုဆိုပေမယ့် ဒါက ပုံမှန်ကိစ္စတစ်ခုပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံ၊ ဟော်မုန်းမျှခြေပမာဏနဲ့ လိင်စိတ်ဆန္ဒတွေသည် မတူညီပါဘူး။ ဒါကြောင့် တခြားလူတွေက ဒီလိုအိပ်နေစဉ် သုက်လွှတ်တယ်ဆိုတိုင်း ကိုယ်ကပါ လိုက်ပြီး သုက်လွှတ်ရမယ်လို့တော့ မဟုတ်ပါဘူး။

    ၉။ အိပ်ပျော်နေစဉ် သုက်လွှတ်ဖို့ ကိုယ့်ဘာသာကိုယ် လုပ်ရင်ရောရလား။

    မှောက်လျက်အိပ်တဲ့အခါ လိင်အင်္ဂါသည် ကိုယ်ခန္ဓာနဲ့ မွေ့ရာရဲ့ ကြားမှာ ပွတ်တိုက်မှုပိုဖြစ်စေတဲ့အတွက် သုက်လွှတ်နိုင်ခြေ ပိုများပါတယ်။ လုံးဝသုက်လွှတ်လိုက်လိမ့်မယ်လို့တော့ အတိအကျပြောလို့မရပါဘူး။

    ၁၀။ အိပ်ပျော်နေစဉ် သုက်မလွှတ်အောင် ကာကွယ်လို့ရလား။

    မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အိပ်မက်ဆိုတာ ကျွန်တော်တို့ဦးနှောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ တည်ရှိနေတာမဟုတ်လို့ပါ။ အိပ်ပျော်ကာနီးမှာ လိင်ကိစ္စနဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေပဲ တွေးနေမိတာ၊ အလုပ်လုပ်နေတာ၊ ရုပ်ရှင်ကြည့်နေရင်တောင် အိပ်ပျော်သွားတဲ့အခါ လိင်စိတ်တက်ကြွစေတဲ့ အိပ်မက်တွေ မက်နိုင်ပြီး သုက်လွှတ်ခြင်း ဖြစ်စေပါတယ်။

    အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် အိပ်ပျော်နေစဉ် သုက်လွှတ်တယ်ဆိုတာ ယောက်ျား၊ မိန်းမ မရွေးဖြစ်ပွားနိုင်ပြီး ပုံမှန်သဘာဝဖြစ်စဉ်တစ်ခုလို့ဆိုနိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ညစဉ်ညတိုင်းဆိုသလို ဖြစ်တတ်ပေမယ့် အသက်ကြီးလာတာနဲ့အမျှ သုက်လွှတ်တဲ့ဖြစ်စဉ်တွေဟာ နည်းသွားပါလိမ့်မယ်။ ရှက်ရွံ့စရာလည်း မလိုသလို ကြောက်စရာလည်း မလိုတာကြောင့် သိပ်သောကမရောက်ဖို့ ဒီဆောင်းပါးလေးနဲ့ အကြံပေးလိုက်ချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement