backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရာသီတုပ်ကွေးလား ကိုဗစ်လား ဘယ်လိုသိနိုင်မလဲ


Ye Zon Aung မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆောင်းရာသီကတည်းက စတင်လာတဲ့ COVID-19 ကပ်ဘေးကြီးဟာ နွေရာသီကိုဖြတ်သန်းပြီး မိုးဦးအချိန်အခါကို ရောက်လာတဲ့အထိ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေတဲ့ ပြဿနာကြီးတစ်ခု ဖြစ်နေဆဲဖြစ်ပါတယ်။

လူတွေမှာလည်း တစ်နေ့တစ်နေ့ COVID-19 သတင်းတွေချည်း ကြားနေကြရတော့ ကိုယ့်ခန္ဓာကိုယ်က တစ်ခုခု ချို့ယွင်းလာရင်တောင် ဒီရောဂါစွဲကပ်ပြီလားလို့ တွေးပူနေကြရပါတယ်။ ချောင်းလေးဆိုးလည်း စိတ်ပူရ၊ နှာခေါင်းယားလည်း စိတ်ပူရ၊ ကိုယ်ပူချိန်မြင့်လည်း စိတ်ပူရနဲ့ ဘာဝေဒနာခံစားရ ခံစားရ COVID-19 လားလို့ တွေးတွေးပူနေရတာက အလုပ်တစ်ခုလိုပါပဲ။

ကိုဗစ်ပြဿနာက မပြီးသေးချိန်မှာ ရာသီအကူးအပြောင်းတွေမှာ ဒုက္ခပေးနေကျ နောက်ထပ်ရောဂါ တစ်ခုကလည်း အဆင်သင့်စောင့်ကြိုလို့ နေပြန်ပါတယ်။ ဒါကတော့ ရာသီတုပ်ကွေးပါပဲ။

ရာသီတုပ်ကွေး (Influenza) ရော၊ ကိုရိုနာဗိုင်းရပ် (COVID-19) ရောဟာ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တဲ့ ဝေဒနာတွေဖြစ်ကြပြီး တချို့သော ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေကလည်း ဆင်တူနေတာမို့ ယုန်ထင်ကြောင်ထင်နဲ့ သောကပွားစရာ အခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်။

ဒီတော့ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တာချင်းကလည်းတူ၊ ကိုယ်ခံအားစနစ်နဲ့ ပတ်သက်တာလည်း တူနေတော့ ကိုဗစ်နဲ့ ရာသီတုပ်ကွေးကို ဘယ်လိုခွဲခြား သိနိုင်ကြမလဲဆိုတဲ့ မေးခွန်းရှိလာပါတယ်။ ဖျားတဲ့အခါ စကားတိုတိုတုတ်တုတ်နဲ့ နေထိုင်မကောင်းဘူးလို့ အလွယ်တကူသုံးလိုက်ကြပေမယ့် ကိုဗစ်လား၊ တုပ်ကွေးလားဆိုတာကို ကွဲကွဲပြားပြား သိထားဖို့တော့ လိုအပ်တယ်မဟုတ်လား။

ဒါကြောင့် တုပ်ကွေး (Influenza) နဲ့ ကိုရိုနာဗိုင်းရပ် (COVID-19) တွေရဲ့ တူမယောင်နဲ့ ကွဲပြားတဲ့ လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။

ရာသီတုပ်ကွေးလက္ခဏာတွေ

မိုးရာသီဆိုတာ တုပ်ကွေးဝေဒနာ အမျိုးအစားစုံနဲ့ ဗိုင်းရပ်စ်မျိုးစုံ ထကြွသောင်းကျန်းကြတဲ့ကာလဖြစ်ပါတယ်။ ရုတ်တရက်ဆိုရင် တုပ်ကွေးဝေဒနာဟာ အအေးမိတာနဲ့လည်း ဆင်တူနေတတ်ပါတယ်။

အအေးမိတာက ရက်အနည်းငယ်အကြာမှာ ပျောက်ကင်းသက်သာသွားပေမယ့် တုပ်ကွေးကတော့ ဒီလိုမဟုတ်ပါဘူး။ တုပ်ကွေးက လူတစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်နိုင်ပြီး ရောဂါအစပျိုးချိန်က (၁) ရက်ကနေ (၄) ရက်အထိ ကြာမြင့်နိုင်ပါတယ်။ အဖျားပျောက်ကင်းချိန်ကတော့ ကူးစက်ခံရတဲ့ရောဂါပိုးရဲ့ ပြင်းထန်မှုအပေါ်မူတည်ပြီး (၅) ရက်ကနေ သီတင်းပတ် (၂) ပတ်အထိ ကြာမြင့်နိုင်ပါတယ်။

တုပ်ကွေးဟာ ဒီနေ့မှာ ဖျားမယ်လို့တောင် အရိပ်အယောင်သိပ်မမြင်ရဘဲ အကောင်းကြီးကနေ နောက်တစ်နေ့မှာ ဘယ်လိုမှ နေသာထိုင်သာမရှိအောင် အပြင်းအထန်ဖျားနာသွားနိုင်တဲ့ အခြေအနေပါ။ အရမ်းမြန်တဲ့ ဖျားနာမှု တစ်မျိုး ဖြစ်ပါတယ်။

တုပ်ကွေးရောဂါအများစုက “Upper Respiratory Tract” လို့ခေါ်တဲ့ အပေါ်ပိုင်းအသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ် ပိုးမွှားတွေ ဝင်ရောက်ခြင်းကနေတဆင့် ဖြစ်တာပါ။ ပုံမှန်ဖြစ်ပျက်လေ့ရှိတဲ့ တုပ်ကွေးဝေဒနာရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

တုပ်ကွေးမိပြီဆိုရင်

  • လည်ချောင်းနာမယ်
  • ခေါင်းကိုက်မယ်
  • နှာချေမယ်
  • ချောင်းဆိုးမယ်
  • ကြွက်သားတွေ နာကျင်မယ်
  • မောပန်းနွမ်းနယ်မယ်
  • ချမ်းတုန်မယ်
  • ကိုယ်ပူမယ်
  • နှာရည်ယို နှာပိတ်မယ်
  • သီတင်းပတ် (၂) ပတ်လောက်အထိ နေလို့မကောင်းဖြစ်နေမယ်
  • မအီမသာဖြစ်မယ်၊ အော့အန်မယ်
  • ကိုယ်လက်ကိုက်ခဲမယ်

COVID-19 နဲ့ သာမန်တုပ်ကွေးတို့အကြား ခြားနားချက်က ရိုးရိုးတုပ်ကွေးဝေဒနာခံစားရသူတွေမှာ အသက်ရှူမဝဖြစ်တာ၊ အသက်ရှူရခက်တာတွေ ဖြစ်လေ့ဖြစ်ထမရှိတာပဲဖြစ်ပါတယ်။ ကလေးငယ်တွေ တုပ်ကွေးဝေဒနာခံစားရတဲ့အခါမျိုးမှာ ဝမ်းသွားတာနဲ့ အော့အန်တာမျိုးတွေ ကြုံရတတ်ပါတယ်။

အိမ်မှာတစ်စုံတစ်ယောက်များ တုပ်ကွေးဖြစ်ပီဆိုတာနဲ့ ကျန်တဲ့ အိမ်သားတွေပါ ကူးစက်ဖို့ အလားအလာများတာကြောင့် တုပ်ကွေးဟာ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ထားဖို့လိုအပ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

COVID-19 လက္ခဏာများ

အများသိတဲ့အတိုင်းပဲ COVID19 ရဲ့ ရောဂါလက္ခဏာတွေက ဖျားမယ် ၊ ချောင်းဆိုးမယ် ၊ ပင်ပန်းနွမ်းနယ်တာတွေက အများစုမို့ ရုတ်တရက်ဆိုရင် သာမန်နေမကောင်းဖြစ်ခြင်းနဲ့ နီးစပ်နေတတ်ပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေကလည်း COVID-19 တစ်ခုတည်းမှာ ပြသတတ်တာမဟုတ်ဘဲ မြန်မာနိုင်ငံမှာ အတွေ့များတတ်တဲ့ အဆုတ်ရောင်တာ၊ တီဘီဖြစ်တာလို ဝေဒနာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဒါကြောင့် တကယ်လို့ မသင်္ကာစရာ အခြေအနေတစ်ရပ်ရပ်ကြုံလာပြီဆိုရင် ဘယ်လိုရောဂါရဲ့ လက္ခဏာမျိုးလဲဆိုတာကို ကွဲကွဲပြားပြားသိရှိထားဖို့ လိုအပ်လာပါတယ်။ လူတစ်ယောက်မှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် အဓိကအားဖြင့် ပြသလာမယ့် ရောဂါ လက္ခဏာတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။

ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီဆိုရင်

  • ကိုယ်အပူချိန်မြင့်မယ် (၂ ရက် ၃ ရက်လောက်အထိ ကိုယ်အပူချိန်က မကျဘဲ ဖြစ်နေမယ်)
  • ချောင်းခြောက်ဆိုးမယ်
  • အသက်ရှူရခက်မယ်
  • အသက်ရှူ မဝဖြစ်မယ်
  • လည်ချောင်းနာမယ်
  • ပင်ပန်းနွမ်းနယ်နေမယ်
  • အစားအသောက်ပျက်မယ်
  • အနံ့ အရသာခံစားမှု အာရုံပျက်မယ်
  • ခြေချောင်းတွေမှာ ယားနာတွေ ပေါက်မယ်
  • ကြွက်သားတွေ နာကျင်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဒီလက္ခဏာတွေဟာ ပိုးကူးစက်ခံရပြီး ၅ ရက်နေကနေ ၁၄ ရက်အတွင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ အဖြစ်နည်းပေမယ့် ကြုံလာရနိုင်တဲ့ တခြားလက္ခဏာတွေကတော့ ဝမ်းပျက်တာ၊ ဗိုက်အောင့်တာနဲ့ အော့အန်တာတွေပဲဖြစ်ပါတယ်။

ကိုဗစ်လား၊ ရာသီတုပ်ကွေးလား

COVID-19 နဲ့ ရာသီတုပ်ကွေးကို အဓိက ခွဲခြားပေးတာက ရောဂါပျိုးချိန်နဲ့ ရောဂါကူးစက်နှုန်းလို့ WHO က ဆိုထားပါတယ်။ တုပ်ကွေးက အဖျားစတင်ပြီး ၃ ရက်ကနေ ၅ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေကို ပြသလေ့ရှိပြီးတော့ ကိုဗစ်ကတော့ ၂၄ နာရီ ကနေ ၄၈ နာရီအကြားကာလမှာတင် အဓိက လက္ခဏာတွေ ပြသမှာဖြစ်ပါတယ်။ Secondary Infection ဖြစ်နှုန်းမှာလည်း ကိုဗစ်က ၂.၅ ကြိမ်လောက်ဖြစ်နိုင်ခြေရှိပြီး ရာသီတုပ်ကွေးက ၁ ကြိမ်သာရှိပါတယ်။

ရာသီတုပ်ကွေးဟာ ဖြစ်ပြီး ၃ ရက်အတွင်းမှာ သူများကို စကူးစက်ပြီး ကိုဗစ်ကတော့ ရောဂါပိုးဝင်ပြီး ၅ရက် ၆ရက်လောက်နေမှ သူများကို စကူးတာပါ။

နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ ရာသီတုပ်ကွေး ကူးစက်မှုမှာ ကလေးတွေဟာ ရောဂါပြန့်ပွားစေဖို့ အဓိကကျတဲ့အချက်ဖြစ်တယ်လို့ ဆိုထားတာပါပဲ။ ကိုဗစ်မှာကတော့ ကလေးတွေမှာ ရောဂါကူးစက်မှုနှုန်းနဲ့ ရောဂါကြောင့်ထိခိုက်မှုနှုန်းအလွန်နည်းပါးလှပါတယ်။

ဒါ့အပြင် ရာသီတုပ်ကွေးဟာ ကာကွယ်ဆေးရှိပါတယ်။ ကိုဗစ်ကတော့ ကာကွယ်ဆေးရော၊ ကုသဆေးပါ ဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ ရောဂါသစ်တစ်မျိုးဖြစ်တာပါပဲ။

နောက်တစ်ချက်ကတော့ သေဆုံးနှုန်းပါ။ ကိုဗစ်ကြောင့် သေဆုံးနှုန်းဟာ ၃%-၄% ဝန်းကျင်ရှိပေမယ့် ရာသီတုပ်ကွေးကြောင့်သေဆုံးနှုန်းကတော့ ဝ.၁% အောက်မှာသာရှိတာဖြစ်ပါတယ်။

မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ပါ

တုပ်ကွေးပဲဖြစ်ဖြစ် ကိုဗစ်ပဲဖြစ်ဖြစ် ကိုယ်ခံအားစနစ် အားနည်းနေချိန်မှာ ဝင်လာတတ်တာမို့ ခုခံအားကောင်းအောင် နေထိုင်၊ စားသောက်သင့်ပါတယ်။

အိပ်ရေးဝဝအိပ်တာ၊ အာဟာရပြည့်ဝတာတွေ စားတာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ လက်ကိုသေချာ သန့်ရှင်းစင်ကြယ်အောင် ဆပ်ပြာနဲ့ဆေးတာ၊ တတ်နိုင်သမျှ အပြင်မထွက်ပဲနေတာ၊ အပြင်ထွက်ရရင် Mask တပ်တာတွေက ကိုဗစ်အတွက်ရော၊ ရာသီတုပ်ကွေးကိုပါ ကာကွယ်ရာမှာ အထောက်အကူဖြစ်စေမှာပါ။

တုပ်ကွေးဝေဒနာကို တားဆီးဖို့အတွက် ကာကွယ်ဆေးတွေလည်းရှိနေပြီမို့ ဖြစ်နိုင်ရင် တုပ်ကွေးကာကွယ်ဆေးကို တစ်နှစ်တစ်ခါ ထိုးထားသင့်ပါတယ်။

တကယ်လို့ ကိုယ်က ဖျားနာနေပြီး ဘာဝေဒနာမှန်းမသိဘူးဆိုရင် ကိုယ့်မှာရှိတဲ့ ရောဂါအခံနဲ့ လက်ရှိပြသနေတဲ့ ရောဂါလက္ခဏာကို အရင်ဆုံးတိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။ ဥပမာ ကိုယ့်မှာ သွေးတိုး ဆီးချိုရှိသလား။ ရင်ကြပ်ရှိသလားဆိုတာမျိုးပေါ့။

ပြီးရင်တော့ ကိုယ့်ရဲ့ ရောဂါလက္ခဏာတွေနဲ့ အခံရောဂါ အခြေအနေအားလုံးကို သက်ဆိုင်ရာ ကျန်းမာရေးဌာနထံ အသိပေးပြီး စစ်ဆေးကုသတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

[covid_19]

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Ye Zon Aung မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement