brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရုရှားကိုဗစ်ကာကွယ်ဆေးထိုးဖို့ အရက်ရှောင်ရတော့မှာလား။

ဒီနှစ်ကုန်ပိုင်းမှာ ကိုဗစ်ကာကွယ်ဆေး တွေ တန်းစီပြီးထွက်လာခဲ့ပြီး တချို့တွေဆိုရင် အရေးပေါ်သုံးခွင့်တောင် ရနေပါပြီ။ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး လုံလုံလောက်လောက် ရမရ၊ ဘေးထွက်ဆိုးကျိုး စတဲ့အချက်တွေ ပူပန်နေရတဲ့ ကြားထဲမှာ ထူးခြားစွာနဲ့ ထွက်လာခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ ရုရှားကိုဗစ်ကာကွယ်ဆေးထိုးမယ်ဆိုရင် ၂လအရက်ရှောင်ရမယ်ဆိုတဲ့ သတင်းပါပဲ။

ရုရှားကိုဗစ်ကာကွယ်ဆေးထိုးဖို့ အရက်ရှောင်ရတော့မှာလား။

ရုရှား Sputnik V ကိုဗစ်ကာကွယ်ဆေး

ဒီကာကွယ်ဆေးအကြောင်း အကျဉ်းချုပ်ပြန်ပြောရမယ်ဆိုရင် ရုရှားနိုင်ငံ Gamaleya Research Institute of Epidemiology and Microbiology က ဖန်တီးထားတာ ဖြစ်ပြီး လက်ရှိရုရှားနိုင်ငံမှာ စတင်ထိုးနှံဖို့ ပြင်ဆင်နေပါပြီ။ ဗိုင်းရပ်စ်vectorကနေ ထုတ်လုပ်ထားတာ ဖြစ်ပြီး ၂၁ရက်ခြား နှစ်ကြိမ်ထိုးရမှာပါ။ နှစ်ကြိမ်ထိုးပြီး ၇ရက်နေလို့ စမ်းသပ်ကြည့်တဲ့အခါ ၉၁.၄ ရာခိုင်နှုန်းထိ အစွမ်းထက်တာကို တွေ့ရပါတယ်။ ခုဆိုရင် ၉၅ ရာခိုင်နှုန်းထိ တက်လာပြီလို့ ရုရှားအာဏာပိုင်တွေက ဆိုပါတယ်။

အားသာချက်တွေက ၂-၈ ဒီဂရီ ဆဲစီးယပ်စ်မှာ သိုလှောင်ထားနိုင်ပါတယ်။ ဒါဟာ အိမ်သုံးရေခဲသေတ္တာအပူချိန်နဲ့ အတူတူပါပဲ။ ဒါ့ပြင် စျေးနှုန်းကလည်း တစ်လုံးကို ၁၀ဒေါ်လာသာသာလောက်ပဲ ကျပါတယ်။ နှစ်ခါထိုးရမယ်ဆိုတော့ ဒေါ်လာ ၂၀ဝန်းကျင်လောက်ပဲ ကျမှာပါ။

ရုရှား Sputnik V ကိုဗစ်ကာကွယ်ဆေးနဲ့ အရက်ရှောင်ခြင်း မရှောင်ခြင်း

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ရက်နေ့က ရုရှားကျန်းမာရေးတာဝန်ရှိသူက Sputnik Vကာကွယ်ဆေး ထိုးမယ်ဆိုရင် ၂လလောက် အရက်ရှောင်ရမယ်လို့ ဆိုပါတယ်။ ဒါဟာ အရိုးခိုက်မတတ်အေးတဲ့ ရုရှားနိုင်ငံက လူတွေအတွက်တော့ ကျိန်စာပါပဲ။

ကာကွယ်ဆေး မထိုးခင် ၂ပတ်နဲ့ ဒုတိယအလုံးထိုးပြီး ၄၂ရက်ကြာတဲ့အထိ ရှောင်ရမယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရုရှား ပြည်သူတွေက သိပ်တော့ ကျေလည်ခြင်းမရှိပါဘူး။ခရစ်စမတ်ရော၊ နယူးရီးယားပါရှိနေတဲ့ ဒီဇင်ဘာလကြီးမှာ အရက်ရှောင်ဖို့ ဆိုတာ သူတို့အတွက်တော့ အိပ်မက်ဆိုးပါပဲ။ မကြာခင်မှာ ကာကွယ်ဆေးထိုးဖို့ အစီအစဉ်တွေကလည်း စတော့မှာဆိုတော့ တကယ်ကို ကျဉ်းထဲကျပ်ထဲက ကိစ္စပါပဲ။

ဘာကြောင့် အရက်ရှောင်ခိုင်းတာလဲ။

စားသုံးသူ ကျန်းမာရေး စောင့်ကြည့်ရေး ဦးဆောင်သူ Anna Popovaက အရက်က Covid-19ကို တိုက်ခိုက်ပေးမယ့် ကိုယ်တွင်းခုခံအားကို ကျဆင်းစေနိုင်တယ်။ အရက်က ခန္ဓာကိုယ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့အတွက် ကျန်းကျန်းမာမာနဲ့ ခုခံအားတက်လာဖို့ဆိုရင် အရက်ရှောင်တာက ပိုကောင်းတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကာကွယ်ဆေး ထုတ်လုပ်သူ Alexander Gintsburgကတော့ ဒီအမြင်ကို သဘောမကျပါဘူး။ ရှန်ပိန်လေး တစ်ခွက်လောက်က ခုခံအားအပါအဝင် ဘယ်သူ့ကိုမှ ထိခိုက်စေနိုင်မှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ အရက်က ခုခံအားကို ထိခိုက်နိုင်တယ်ဆိုတာ မှန်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးစဉ်နဲ့ ထိုးအပြီးမှာ အလွန်အကျွံ မမော့မိရင် ရပါပြီ။ လုံးဝရှောင်စရာလောက်ထိတော့ မလိုဘူးလို့ ၄င်းက ဆိုပါတယ်။

ကာကွယ်ဆေးထိုးမယ်ဆိုရင် မထိုးခင် ၃ရက်၊ ထိုးပြီး ၃ရက်မှာ အရက်ရှောင်နိုင်ရင် ရပါပြီ။ ဒါက Sputnik Vအတွက်တင်မဟုတ်ပါဘူး။ ဘယ်ကာကွယ်ဆေးအတွက်ဖြစ်ဖြစ် လိုက်နာသင့်ပါတယ်လို့ ထပ်ဆောင်းပြောကြားသွားပါတယ်။

မြန်မာနိုင်ငံကို ရောက်လာနိုင်တဲ့ Sputnik V

ကိုဗစ်ကာကွယ်ဆေးတွေကို ဝယ်ယူစုဆောင်းတဲ့ နေရာမှာ ရုရှားကာSputnik Vက မြန်မာနိုင်ငံကို ရောက်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ Sputnik Vပဲ ဖြစ်ဖြစ်၊ တခြား ကာကွယ်ဆေးပဲ ဖြစ်ဖြစ် ထိုးတာကတော့ ထိုးရမှာပါပဲ။ ဒီအခါမှာ ခုခံအားကို ထိခိုက်စေမယ့် အပြုအမူတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။

အရက်သောက်တာ အပါအဝင် အိပ်ရေးပျက်ခံတာ၊ အာဟာရပြည့်အောင် မစားတာ၊ ဆေးလိပ်တွေ သောက်တာ၊ ကိုယ်အလေးချိန် အပြင်းအထန်ချတာ စတာတွေကို ကာကွယ်ဆေး ထိုးခါနီးနဲ့ ထိုးပြီးစမှာ မလုပ်ဖို့ အကြံပြုလိုပါတယ်။ ကိုယ်တွင်းခုခံအားတက်နေမှသာ ကာကွယ်ဆေးထိုးတဲ့အခါ အကောင်းဆုံး တုံပြန်နိုင်ပြီး ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

[covid_19]

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။