မင်္ဂလာပါ
ဟယ်လိုဆရာဝန် စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက် တင်ပြပေးမယ့် အကြောင်းအရာကတော့ Leptospirosisလို့ ခေါ်တဲ့ ကြွက်သေးပန်းရောဂါအကြောင်း ဖြစ်ပါတယ် ။ မှန်ပါတယ် ဒီရောဂါက အဖြစ်နည်းသေးတဲ့ရောဂါ တစ်ခုဖြစ်တဲ့အတွက် လူတော်တော်များများ ကြားဖူးကြမှာ မဟုတ်ပါဘူး။
ဒီရောဂါရဲ့ မူလအစကတော့ တိရစ္ဆာန်တွေမှာ မြစ်ဖျားခံပါတယ်။ တိရစ္ဆာန်တွေရဲ့ဆီး (အထူးသဖြင့် ကြွက်သေး) ကတဆင့် ကူးစက်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ် ။ ကြွက်နဲ့ အခြားသော တိရစ္ဆာန်တွေရဲ့ ဆီးကို ထိတွေ့မိတဲ့အရေပြားမှာ အပေါက်အပြဲတွေ ရှိရင် ပိုပြီး ကူးစက်လွယ်ပါတယ် ။ အများအားဖြင့် ကြွက်သေးတွေက ရေထဲမှာပါလာတတ်ပြီး ရေဆိုးရေညစ်တွေနဲ့ အမြဲလိုလိုထိတွေ့နေရတဲ့ မိုင်းလုပ်သားများ ၊ စည်ပင်လုပ်သားများ ၊ စစ်သားများ ၊ လယ်သမားတွေမှာ ပိုပြီး ဖြစ်နိုင်ချေ များပါတယ်။ တိရစ္ဆာန် ဆရာဝန်တေွမှာလည်း ကူးစက်နိုင်ခြေများပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ အများအားဖြင့် အသက်အန္တရာယ်စိုးရိမ်စရာ မရှိပေမဲ့ ရာသီတုပ်ကွေးလက္ခဏာတွေနဲ့ ဆင်တူပါတယ် ။ ခေါင်းကိုက်ခြင်း၊ မူးဝေအော့အန်ခြင်း ၊ အရေပြားမှာ အင်ပျဉ်ထခြင်း ၊ ချမ်းတုန် ဖျားခြင်း ၊ တကိုယ်လုံး ကိုက်ခဲခြင်း အထူးသဖြင့် ခြေသလုံး ကြွက်သားများ နာကျင်ခြင်း ၊ မျက်လုံးများ ဝါခြင်း ၊ နီရဲခြင်းများ ဖြစ်တတ်ပါတယ် ။ ကြွက်သေးပန်းရောဂါ လို့ ရောဂါနာမည်တပ်ဖို့အတွက်ကတော့ သွေးစစ်ဖို့ လိုအပ်ပါတယ် ။
ရောဂါကုသရာမှာတော့ ပိုးသတ်ဆေးတွေကို ဆရာဝန် ညွှန်းတဲ့အတိုင်း အတိအကျ လိုက်နာဖို့ လိုအပ်ပါတယ် ။ ရောဂါ အခြေအနေအလိုက် ကုသရမယ့် ပိုးသတ်ဆေး ပုံစံ ( သောက်ဆေး၊ထိုးဆေး) ၊ပမာဏ ၊ အမျိုးအစားကွဲသွားမှာ ဖြစ်ပါတယ် ။ အကိုက်အခဲ ပျောက်ဆေးများကိုလည်း လိုအပ်သလို အသုံးပြုမှာ ဖြစ်ပါတယ် ။
ဘယ်လိုကာကွယ်ရမလဲ
သောက်သုံးရေကိုတော့ ရေသန့်ကိုပဲ သောက်သုံးစေချင်ပါတယ် ။ ရေကတဆင့် ကူးစက်တတ်တဲ့ သဘာဝကြောင့် မြန်မာနိုင်ငံအနေအထားအရ ခက်ခဲနိုင်ပေမဲ့ ရေစပ်စပ်ရှိတဲ့၊ စိုစွတ်တဲ့နေရာတွေကိုတော့ တတ်နိုင်သမျှ မသွားသင့်ပါဘူး ။
ရောဂါတစုံတရာ ဖြစ်ပွားနေတဲ့ တိရစ္ဆာန်တွေနဲ့ ခပ်ကင်းကင်းနေထိုင်သင့်ပါတယ် ။ တကယ်လို့ ထိတွေ့ရရင်လည်း အကာအကွယ်အပြည့်အစုံ ဝတ်ဆင်ပါ ။
ပတ်ဝန်းကျင် ညစ်ညမ်းမှုရှိတဲ့နေရာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ ။ ဒါမှသာ ကြွက်သေးပန်းရောဂါပိုးနဲ့ မထိတွေ့နိုင်မှာ ဖြစ်ပါတယ် ။
အားလုံးကို ကျေးဇူးတင်ပါတယ်
ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmi]