backup og meta

မိုး အေးအေးမှာ ထိခိုက်ပေါက်ပြဲဒဏ်ရာ ကျက်ဖို့ နှေးနေသလား


Yun Sandi Nan Mon မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုး အေးအေးမှာ ထိခိုက်ပေါက်ပြဲဒဏ်ရာ ကျက်ဖို့ နှေးနေသလား

    အေးတဲ့ ရာသီဆို အနာကျက်နှေးတယ် တဲ့။ ဒါဟာ ဆောင်းရာသီမှာ အအေးဓာတ်နဲ့ အရေပြားခြောက်သွေ့မှုကြောင့် ဆိုပေမယ့် မိုး ရာသီမှာတော့ အအေးဓာတ်နဲ့ စိုစွတ်မှုကြောင့် ဖြစ်ပါလိမ့်မယ်။

    မိုး ကြောင့် ဖြစ်ဖြစ် ဆောင်းကြောင့် ဖြစ်ဖြစ် ရာသီဥတု အေးတဲ့အခါ သွေးလည်ပတ်မှု ကိုလည်း နှေးစေနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းဖို့ က အနာကျက်ခြင်း အတွက် အရေးပါတဲ့ အချက်ပါ။ သွေးလည်ပတ်မှု မကောင်းရင် အနာတစ်ဝိုက် ဧရိယာကို အောက်ဆီဂျင် မရောက်နိုင်တော့ဘဲ အနာကျက်ဖို့ နှေးစေပါတယ်။

    နောက်ပြီး သွေးလည်ပတ်မှု မကောင်းတဲ့ အခါ အနာတစ်ဝိုက်က အရေပြားတစ်ရှူးအသစ် ဖြစ်ပေါ်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်။

    တုပ်ကွေး ရာသီ ဖြစ်တာကြောင့်လည်း လူတွေကြားမှာ အအေးမိ ဗိုင်းရပ်စ် နဲ့ တုပ်ကွေး ဗိုင်းရပ်စ်တွေ အတော် လမ်းသလားတဲ့ အချိန်ပါ။ ဒီလိုအချိန်မှာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ဖို့ ကိုယ်ခံအားစနစ်က ဗျာများနေရတဲ့အတွက် ထိခိုက်ဒဏ်ရာ တွေ အတွက် လုပ်ဆောင်ပေးနိုင်စွမ်းမှာ အားနည်းသွားတတ်ပါတယ်။

    တုပ်ကွေး ရာသီမှာ ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်က ဒီအတွက်ပဲ အဓိက ကာကွယ်နေမှာ ဖြစ်လို့ အနာကျက်ဖို့၊ ပိုးမဝင်အောင် ကာကွယ်ဖို့ မှာ အားလျော့သွားနိုင်ပါတယ်။ တချို့တွေမှာ နေမကောင်းဖြစ်နေရင် အနာကျက်ဖို့နှေးတယ်ဆိုတာ ဒီအချက်ကြောင့် ဖြစ်နိုင်ပါတယ်။

    နောက်ဆုံးတစ်ချက် ကတော့ မိုးတွင်းမှာ အနာကို ရေမထိအောင် ကာကွယ်နိုင်ဖို့မလွယ်တာကလည်း တစ်ချက်ပါ။ ပလာစတာ နဲ့ ဖုံးအုပ်ထားတယ် ဆိုလည်း ရေထိတာနဲ့ အရေပြား နူးပြီး အနာကျက်ခြင်း ဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

    ရေစိုခံ ပလာစတာတွေ ရှိနေပေမယ့် တစ်ခါတစ်လေ ပြင်ပလေနဲ့ ထိတွေ့အောင် အနာကို ဖွင့်ထားဖို့ သိပ်မလွယ်တဲ့ ရာသီပါ။ ပိုးမဝင်အောင် အတော်လေး ဂရုစိုက်ရပါလိမ့်မယ်နော်။

    ဒီတော့ မိုးအေးတဲ့ ရာသီမှာ အနာကျက်မြန်အောင် ဒီအချက်တွေ သိထားသင့်ပါတယ် –

    (၁) သွေးလည်ပတ်မှု ကောင်းအောင် နေပါ 

    သွေးလည်ပတ်မှု အတွက် လှုပ်ရှားမှုက အရေးကြီးတဲ့ အတွက် လှုပ်လှုပ်ရှားရှား နေဖို့ အကြံပြုတယ်ဆိုပေမယ့် အနာကို နွေးထွေးအောင်၊ လုံခြုံအောင် ဖုံးအုပ် ကာကွယ်ဖို့ လိုပါတယ်။ လမ်းလျှောက်တာ၊ ယောဂ ကစားတာလိုမျိုး သွေးလည်ပတ်မှု ကောင်းစေမယ့် လှုပ်ရှားမှုမျိုးဆို ရပါတယ်။

    (၂) ပလာစတာ ကပ်ပါ

    ထိခိုက်ဒဏ်ရာရှိတဲ့ နေရာကို ရောဂါပိုးအန္တရာယ်ကို ကာကွယ်ဖို့နဲ့ အစိုဓာတ် ထိန်းနိုင်ဖို့ သန့်စင်တဲ့ ပလာစတာ သို့မဟုတ် ပတ်တီး နဲ့ ဖုံးအုပ်ကာကွယ်သင့်ပါတယ်။ ခြောက်သွေ့ မသွားရအောင် အနာကျက်ဆေး သို့မဟုတ် moisturizer တစ်ခုခု လိမ်းထားပေးလို့ ရပါတယ်။လေ့လာမှုတွေ အရ အစိုဓာတ် ထိန်းထားနိုင်ရင် ၅၀% အနာကျက် ပိုမြန်တယ်လို့ ဆိုပါတယ်။

    (၃) အနာကို ရေမစိုတာ ကောင်းပါတယ်

    ထိခိုက်ဒဏ်ရာ မှန်သမျှဟာ ခြောက်သွေ့လွန်းရင် အနာကျက်နှေးစေနိုင်သလို ရေစိုနေရင်လည်း အနာရင်းတတ်ပါတယ်။ အစိုဓာတ် ရှိနေဖို့ လိုပေမယ့် ရေတော့ မစိုပါစေနဲ့။ ရေစိုနေရင် အနာကျက်ခြင်း ဖြစ်စဉ်ကို နှောင့်နှေးစေပြီး အနာပိုးဝင်လွယ်ပါတယ်။

    (၄) အနာဖေး တွေကို မခွာပါနဲ့

    အနာဖေး တက်တယ် ဆိုတာ အနာမှာ လိုအပ်သလောက် အစိုဓာတ် မရတဲ့ အခါ ခြောက်သွေ့လာတာပဲ ဖြစ်ပါတယ်။ အနာဖေးတွေက အနာမကျက်ခင် ကာလ အတွင်းမှာ မလိုလားအပ်တဲ့ ဘက်တီးရီးယားတွေ မဝင်ဖို့ ကာပေးထားတာပဲ ဖြစ်ပါတယ်။ အနာမကျက်ခင် အနာဖေးတွေ ကွာတဲ့အခါ အနာပေါက် အသစ် ဖြစ်ကျန်ခဲ့ပြီး အနာကျက် နှေးစေနိုင်တဲ့အပြင် အမာရွတ်ပါ ဖြစ်စေနိုင်ပါတယ်။

    ရေချိုးတဲ့အခါ သို့မဟုတ် မိုးရေစိုတဲ့အခါ အနာဖေးတွေကို ရေနူးပြီး ပဲ့မထွက်စေဖို့ သတိပြုပါ။ သွေးပြန်ထွက်ပြီး အနာပြန်ဖြစ်တဲ့အခါ ပိုးဝင်နိုင်ခြေ နဲ့ အမာရွတ်ဖြစ်ကျန်နိုင်ခြေ ပိုများစေပါတယ်။

    (၅) အနာမှာ ယားလာရင် မကုတ်ပါနဲ့

    အနာတစ်ခုခု ဖြစ်ပြီဆို တင်းတင်းလေး ဖြစ်လာပြီး ယားသလိုလို ဖြစ်တတ်တာမျိုး ကြုံဖူးမှာပါ။ အထူးသဖြင့် အပေါ်ယံအနာ တွေမှာ ဖြစ်လေ့ရှိပါတယ်။ ဟုတ်ပါတယ်။ အသားတက်လာတာ၊ ပုံမှန်အတိုင်း အနာကျက်လာတာ ဆိုတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

    ဒါပေမယ့် သတိထားဖို့က အနာမှာ ယားတာအပြင် နီလာတာ၊ ပြည်တည်လာတာ၊ တဒိတ်ဒိတ် သွေးခုန်တိုးသလို ခံစားရတာတွေ ဖြစ်လာရင် အနာပိုးဝင်တဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ အနာက ယားလာပြီဆို အနာတဝိုက် အခြေအနေ နဲ့ သန့်ရှင်းမှုကို သတိထားကြည့်ဖို့ လိုပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement