ခုနေ အနံ့ပျောက်ပြီဆိုတာနဲ့ အရင်ဆုံး စဉ်းစားမိတာက ကိုဗစ်ဖြစ်နေပြီဆိုတာလားပဲ။ ဒါတင်ပဲလားဆိုတော့ အနံ့ပျောက်ပြီးရင် ဘယ်တော့ အနံ့ပြန်ရမှာလည်းဆိုတာကလည်း ပြဿနာတစ်ခုပါပဲ။ တချို့ကလည်း ချက်ချင်းပြန်ရတယ်။ တချို့ကလည်း ဆေးရုံကတောင် ဆင်းလာပြီ။ အနံ့ပြန်မရသေးလို့ စိတ်သောကရောက်နေတာတွေလည်း ရှိပါတယ်။
အနံ့ခံတယ်ဆိုတာ အာရုံ၅ပါးမှာ တစ်ပါးအပါအဝင် ဖြစ်တာကြောင့် အနံ့ပျောက်သွားရင် ရှိပြီးသားစွမ်းရည်တစ်ခုဆုံးရှုံးသွားသလို ခံစားရမှာပါ။ ကြာလာရင် စိတ်ဖိစီးမှုတွေ ဖြစ်လာပြီး စိတ်ရောဂါတွေပါ ခံစားလာရနိုင်ပါတယ်။ ဒါကြောင့် အနံ့ပြန်ရနိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုပါတယ်။
အနံ့ပျောက်မှန်း ဘယ်လိုသိနိုင်မလဲ။
အများစုကတော့ ဟင်းချက်ရင်း အနံ့မရတော့ဘူးလို့ ဆိုကြပါတယ်။ ဒါဆိုရင်တော့ သိသာနေတော့ သိပ်ရှင်းစရာ မလိုပါဘူး။ တချို့က ရသလို မရသလို ဖြစ်နေတတ်ပါတယ်။ ဒါဆိုရင်တော့ ဒီနည်းနဲ့ စမ်းကြည့်ပါ။
ဒါကြီးကို မလုပ်တတ်ပါဘူးဆိုရင်လည်း အိမ်မှာရှိတဲ့ အနံ့နည်းနည်း ပြင်းတဲ့ဟာ ( ဥပမာ – ရေမွှေး၊ ပရုတ်ဆီ)နဲ့ စမ်းကြည့်ပါ။ အရင်ဆုံး နှာခေါင်းမှာ နှာရည်တွေ ပိတ်နေရင် ရှင်းထားပါ။ ပြီးရင် နှာခေါင်းတစ်ဖက်ကိုပိတ် နောက်တစ်ဖက်နဲ့ ရှူကြည့်ပါ။ ရှူတဲ့အခါ ဒီတိုင်း အနံ့ခံတာမဟုတ်ဘဲ ရှိုက်ရှူကြည့်ပါ။ ဒါမှ အထဲက အာရုံခံဆဲလ်တွေဆီကို အနံ့ရောက်မှာပါ။ ပြီးရင် နောက်တစ်ဖက်ကို စမ်းကြည့်ပါ။
မျက်လုံးမှိတ်ပြီး စမ်းရင် ပိုကောင်းပါတယ်။ ဆိုလိုတာက မြင်နေရရင် အရင်က ရဖူးတဲ့ အနံ့တွေ အာရုံထဲပြန်ပေါ်လာပြီး ထင်ယောင်ထင်မှား ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်ရဲ့ အကူအညီနဲ့ မျက်လုံးမှိတ်ပြီး စမ်းပါ။ ဘာရှူရမလဲဆိုတာ ကြိုမသိရင် ပိုကောင်းပါတယ်။
အနံ့ပျောက်တာက အမျိုးသမီးနဲ့ လူငယ်တွေမှာ ပိုသိသာပါတယ်။ အမျိုးသမီးတွေက နဂိုတည်းက အမျိုးသားတွေထက် အနံ့ခံကောင်းပါတယ်။ အသက်ကြီးတဲ့သူတွေက အာရုံခံဆဲလ်တွေ သိပ်မကောင်းတာကြောင့် အနံ့ရော၊ အရသာ သိပ်မသိတော့ပါဘူး။ ဆေးလိပ်သောက်တဲ့သူတွေက အနံ့ခံမကောင်းပါဘူး။ ဒါကြောင့်လည်း အမျိုးသားတွေက အနံ့ပျောက်သွားမှန်း သိပ်သတိမထားမိတာ ဖြစ်နိုင်ပါတယ်။
အနံ့ပျောက်တိုင်း ကိုဗစ်လား။
သေချာပေါက် မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုအချိန်မှာတော့ အနံ့ပျောက်ပြီဆိုတာနဲ့ ကိုဗစ်ကိုပဲ စဉ်းစားရမှာပါ။ အဖြစ်အများဆုံးနဲ့ ကူးစက်မှု အမြန်ဆုံးမို့လို့ပါ။ ဒါကြောင့် ခုချိန် အနံ့ပျောက်ပြီဆိုတာနဲ့ ကိုဗစ်ကို အရင်စစ်ဆေးရမှာပါ။ ကိုဗစ်မဟုတ်ဘူးဆိုမှ တခြားရောဂါတွေကို ဆက်စဉ်းစားမှာပါ။ နောက်ပြီး တခြားရောဂါတွေမှာ အနံ့က တဖြည်းဖြည်းပျောက်သွားပေမယ့် ကိုဗစ်မှာတော့ တစ်နေ့တည်း တစ်ညတည်းနဲ့ ပျောက်သွားပါတယ်။
ကိုဗစ်မှာ ဘာကြောင့် အနံ့ပျောက်တာလဲ။
ရှင်းအောင် ပြောရရင် ကိုဗစ်ပိုးက နှာခေါင်းထဲမှာရှိတဲ့ ဆဲလ်တွေ၊ အနံ့အာရုံခံတဲ့ ဆဲလ်တွေကို ရောင်ရမ်းစေပြီး ပျက်စီးစေလို့ အနံ့မရတော့တာပါ။
တစ်သက်လုံး အနံ့ပြန်မရတော့ဘူးလား။
မဟုတ်ပါဘူး။ ဒါက ယာယီပါပဲ။ အနံ့အာရုံကြောထိသွားတာ မဟုတ်တဲ့အတွက်ကြောင့် အနံ့ပြန်ရမှာပါ။ ဒါပေမယ့် ခုနကပြောတဲ့ ဆဲလ်တွေ ပြန်ကောင်းလာတဲ့ အထိတော့ စောင့်ရပါမယ်။ ဆဲလ်တွေ ဘယ်လောက်ပျက်စီးသွားလဲ။ ဘယ်တော့လောက် ပြန်ကောင်းမှာလဲက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ဒါကြောင့် တချို့က ရက်ပိုင်းလောက်နဲ့ အနံ့ပြန်ရပေမယ့် တချို့က လပိုင်းလောက်ကြာနေတာပါ။
အနံ့ပြန်ရအောင် လုပ်လို့ရနိုင်မယ့် နည်းလမ်း မရှိဘူးလား။
ကိုဗစ်ကိုတောင် ကုလို့ရတဲ့ ဆေးအတိအကျမရှိတာ၊ ကိုဗစ်ကြောင့် ပျောက်သွားတဲ့ အနံ့ပြန်ရအောင်လည်း ကုသလို့ ရတဲ့ နည်းလမ်း မရှိပါဘူး။ ဆဲလ်တွေ ပြန်ကောင်းလာတာကိုသာ စောင့်ရမှာပါ။
ဒါပေမယ့် ဒီကြားထဲမှာ အနံ့ပြန်ရအောင် လေ့ကျင့်ပေးလို့ရပါတယ်။ သေချာပေါက် ပြန်ရကို ရမယ်လို့ အာမမခံနိုင်ပေမယ့် ဒီတိုင်း ထိုင်စောင့်တာထက်စာရင် စမ်းကြည့်တာတော့ မမှားပါဘူး။
ဒါကို ဆေးပညာမှာ Olfactory trainingလုပ်တယ်လို့ ခေါ်ပါတယ်။ လုပ်ရမှာကလည်း လွယ်လွယ်လေးပါပဲ။ အနံ့ထွက်တဲ့ ပစ္စည်းလေးမျိုး (အသုံးများတာတော့ နှင်းဆီ၊ သံပုရာ၊ လေးညှင်း၊ ယူကလစ်ဆီ) ကို တစ်မျိုးစီကို စက္ကန့် ၂၀ဆီရှူပေးပါ။ အနံ့ဝင်အောင် ရှိုက်ရှူပေးရပါမယ်။ တစ်နေ့ကို ၂ကြိမ် လေ့ကျင့်ပါ။ အနည်းဆုံး ၃လလောက် လေ့ကျင့်ကြည့်ပါ။
၃လကျော်လို့မှ မကောင်းသေးရင်တော့ ကိုဗစ်ကြောင့် အနံ့ပျောက်တာအပြင် တခြားရောဂါတစ်ခုခုတွဲနေတာ (ဥပမာ နှာခေါင်းအသားပို၊ ထိပ်ကပ်နာ)ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်နဲ့ ပြသပြီး စစ်ဆေးကြည့်ပါ။
အနံ့ပြန်ရရင် ကိုဗစ်ပျောက်ပြီလား။
လူနာတချို့ရဲ့ လွဲမှားနေတဲ့ အယူအဆတစ်ခုကို ဖြေရှင်းပေးချင်ပါတယ်။ ဒါကတော့ စစချင်းအနံ့ပျောက်သွားတာနဲ့ အနံ့ပြန်ရဖို့ကို ကြိုးစားတာပါပဲ။ အနံ့ပျောက်သွားရင် အရင်ဆုံးလုပ်ရမှာ ကိုဗစ်ရှိမရှိ စစ်ဆေးရမှာပါ။ ကိုယ့်ကိုယ်ကို ကိုဗစ်လူနာလို့ သတ်မှတ်ပြီး အိမ်သားတွေနဲ့ ဝေးဝေးနေ၊ ဆေးစစ်ဖို့ စောင့်ဆိုင်းရမှာပါ။
ကိုဗစ်ရှိရင် အနံ့ပျောက်သွားတာ မှန်ပေမယ့် အနံ့ပြန်ရရင် ကိုဗစ်ပျောက်သွားတာ မဟုတ်တာကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့က အနံ့ပျောက်ပြီး ရက်ပိုင်းလောက်မှာ အနံ့ပြန်ရတဲ့အတွက် ကိုဗစ်ပျောက်သွားပြီလို့ အထင်မှားတတ်ကြပါတယ်။
ဒါကြောင့် ချုပ်ပြောရရင် အနံ့ပျောက်သွားရင် အနံ့ပြန်ရဖို့ကို အရင်မကြိုးစားပါနဲ့။ ကိုဗစ်စစ်ဖို့ကို အရင်လုပ်ပါ။ သူများက ကိုယ့်ကို အနံ့ပျောက်သွားပြီလို့ လာပြောရင်လည်း ကြက်သွန်နီအရင်မငုံခိုင်းပါနဲ့။ ကိုဗစ်အရင် စစ်ခိုင်းပါ။
အနံ့ပြန်ရဖို့ အရေးကြီးသလား။
လူသားတွေ အသက်ရှင်ဖို့ အနံ့ရတာကလည်း တစ်စိတ်တစ်ပိုင်း လိုအပ်ပါတယ်။ အနံ့ပျောက်သွားတဲ့ လူနာက သူ့မှာရှိပြီးသား စွမ်းရည် တစ်ခုဆုံးရှုံးသွားတဲ့အတွက် စိတ်ဖိစီးပြီး ကြာလာရင် စိတ်ရောဂါပါ ဖြစ်လာပါလိမ့်မယ်။
အိမ်ထဲမှာ တစ်ခုခုလောင်နေ၊ ညှော်နေမှာ သူသိမှာ မဟုတ်ပါဘူး။ ဒါကြောင့် အနံ့မရခင် စပ်ကြားမှာ မီးရေး ထင်းရေး ဂရုစိုက်ပါ။ ထမင်းဟင်းတွေလည်း သိုးမှန်း ချဉ်မှန်း သိမှာမဟုတ်တော့ပါဘူး။ တချို့က အနံ့နဲ့ အတူ အရသာ ပျောက်သွားတတ်လို့ပါ။ ဒါကြောင့် တစ်နေ့စာ တစ်နေ့ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားပါ။ အပြင်က မုန့်တွေကိုလည်း ရက်လွန်နေလား စစ်ပြီးမှ စားပါ။
[covid-19]
[embed-health-tool-bmi]