brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မျက်နှာအကာအကွယ် (Face Shield) တစ်မျိုးတည်း တပ်ခြင်းက စိတ်ချရပါ့မလား

COVID-19 ကပ်ရောဂါကြီးကို ရင်ဆိုင်နေရတဲ့အချိန်မှာ Stay at Home ဆိုတဲ့အစီအစဉ်အတိုင်းမလိုအပ်ဘဲနဲ့အပြင်ကိုမထွက်တာဟာအကောင်းဆုံးပါ။ သို့သော်လည်း မသွားမဖြစ်အကြောင်းအရာတွေဟာ ရှိနေပါတယ်။ ဥပမာ အစားအသောက်အတွက် စျေးသွား ရတာမျိုး၊နေထိုင်မကောင်းတဲ့အခါဆေးရုံဆေးခန်းသွားရတာမျိုးစတာတွေတော့ရှိနိုင်ပါတယ်။ ထိုအခါ နှာခေါင်းစည်း(Mask)နဲ့မျက်နှာအကာအကွယ်(FaceShield)ကိုတော့မဖြစ်မနေတပ်သွားသင့်ပါတယ်။ နှာခေါင်းစည်းကတော့ အလိုအပ်ဆုံးပါပဲ။ မပါမဖြစ်ပါ။ အချို့လူတွေကတော့ Face Shieldတစ်ခုတည်းသာ တပ်ဆင်သွားလာနေတာကိုတွေုရပါတယ်။ အကြောင်းပြချက်ကတော့ ပူအိုက်ခြင်းတွေနဲ့ အသက်ရှူရအဆင်မပြေခြင်းတို့ကြောင့် ပလတ်စတစ် Face Shield တွေကို အစားထိုးတပ်ကြတာပါ။ မျက်နှာအကာအကွယ်(Face Shield) တွေဟာ နှာခေါင်းစည်းတွေလောက် ကာကွယ်မှုပေးနိုင်ရဲ့လား။ ဘယ်လောက်ထိလုံခြုံစိတ်ချရသလဲဆိုတာကိုတော့ဘယ်သူမှမပြောနိုင်သေးပါဘူး။

မျက်နှာအကာအကွယ် (Face Shield) တစ်မျိုးတည်း တပ်ခြင်းက စိတ်ချရပါ့မလား

Face Shieldတွေက အမှန်တကယ်ရော Covid19ရောဂါကူးစက်မှုကိုကာကွယ် ပေးနိုင်ရဲ့လား ဆိုတာမေးစရာရှိလာပါပြီ။

COVID-19 ရဲ့ကူးစက်မှုပုံစံဟာ နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာတဲ့ အစက်အမှုန်တွေ အသက်ရှူလမ်းကြောင်းထဲဝင်ရောက်ကာ ကူးစက်ရတာပါ။ ပလတ်စတစ် မျက်နှာအကာတွေဟာ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကိုဖုံးအုပ်ပေးထားတာကြောင့် ဗိုင်းရပ်စ်ကူးစက်မှုကိုအတော်အသင့်ကာကွယ်ပေးနိုင်တယ်ဆိုတာတော့အမှန်ပါပဲ။ ဒါပေမဲ့ လေ့လာခဲ့သမျှထဲမှာတော့ Face Shield တစ်ခုတည်းတပ်ဆင်ထားခြင်းဟာ ဗိုင်းရပ်စ် ကူးစက်မှုကို ဘယ်လောက်အတိုင်းအတာထိကာကွယ်ပေးနိုင်တယ်ဆိုတာကိုတော့ဖော်ပြထားခြင်းမရှိသေးပါဘူး။ Mask နဲ့ အတူတကွသုံးခြင်းကတော့ အသင့်တော်ဆုံးပါပဲ။

ဆွစ်ဇာလန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ COVID-19 ကပ်ဘေးကြီးမှာဆိုရင် Face Shield တစ်ခုတည်းကိုသာ ဝတ်ဆင်ခဲ့သူတွေမှာ ပိုးကူးစက်မှုရှိတာကိုတွေ့ရှိခဲ့ရပါတယ်။ COVID-19 ကို ကာကွယ်ဖို့ ကျွန်မတို့ဆီမှာလက်နက်တွေအများကြီးရှိမနေပါဘူး။ ရှိတဲ့လက်နက်လေးတွေကိုပဲ လစ်ဟာမှု မရှိအောင်အသုံးချတိုက်ထုတ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

  • တတ်နိုင်သမျှ အိမ်မှာပဲနေမယ်
  • လက်ကို မကြာခဏဆေးမယ်၊ နည်းစနစ်မှန်မှန်ဆေးမယ်။
  • တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေမယ်။
  • အပြင်ထွက်ရင် Mask နဲ့ Face Shield သေချာတပ်သွားမယ်။ ဒီအကျင့်လေးတွေကို များများလေ့ကျင့်နိုင်လေ ရောဂါဆိုးကြီးရဲ့ရန်က ကင်းဝေးလေပါပဲ။

Face Shieldကို ဘယ်လိုမျိုးအကျိုးရှိရှိသုံးနိုင်မလဲ။

(၁) နှာခေါင်းစည်းနဲ့ အမြဲတွဲတပ်ပါ။

နှာခေါင်းစည်းနဲ့ တွဲတပ်ခြင်းသည် ပိုမိုလုံခြုံစိတ်ချရပါတယ်။ အခြား သူတစ်ယောက် နှာခေါင်းစည်းတွေ၊ မျက်နှာအကာတွေဝတ်ဆင်ထားခြင်းဟာ သူ့အတွက် ပိုးကူးစက်မှုကိုဟန့်တားနိုင်သလိုသင့်ဆီကိုလည်းပိုးမွှားဝင်ရောက်ခြင်းမရှိအောင်ကာကွယ်ပေးထားခြင်းပါ။ သင်ကိုယ်တိုင်လည်း နှာခေါင်းစည်းနဲ့ မျက်နှာအကာတပ်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုသာမက အခြားသူများအတွက်ပါကာကွယ်လိုက်ပါ။

(၂) Face Shield ဟာသင်နဲ့ အံဝင်ခွင်ကျဖြစ်နေပါစေ။

တပ်ဆင်ထားတဲ့ Face Shield ဟာ မေးစေ့အောက်ထိရှိရပါမယ်။ မျက်နှာ(နဖူး) နဲ့ Face Shield ကြားထဲမှာလည်း နေရာလစ်လပ်နေခြင်း၊ ကွာနေခြင်းမရှိရပါဘူး။ ကွာနေခဲ့ရင်လည်း ဖော့တုံး၊ ပလတ်စတစ်အကာ စတာတွေခံထားပေးရပါမယ်။ ဒါမှသာ ပြင်ပက အစက်အမှုန်တွေ သင့်မျက်နှာဆီကိုမဝင်လာမှာပါ။ အရည်အသွေးစိတ်ချရတဲ့ Face Shield ကိုသာ ဝယ်ယူတပ်ဆင်ဖို့ အင်မတန်အရေးကြီးပါတယ်။

(၃) သုံးပြီးတဲ့ အကြိမ်တိုင်းမှာပြန်လည်ပိုးသတ် သန့်စင်ပါ။

ပလတ်စတစ်ဖြစ်တဲ့အတွက် အရက်ပြန်၊ Hand Gel တို့နဲ့ သန့်စင်ခြင်းဟာ ကြိမ်ဖန်များလာတဲ့အခါ ပလတ်စတစ်ရဲ့အရည်အသွေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင် အမြင်ကြည်လင်မှုကိုလည်း နှောင့်ယှက်လာနိုင်ပါတယ်။ မကြာခဏ အသစ်လဲလှယ်အသုံးပြုနိုင်ရင်တော့ ပိုအဆင်ပြေပါတယ်။ ဆပ်ပြာရည်နဲ့ အရင်ဆေးကြောကာ ပြီးမှရေနဲ့ပြန်ဆေး သန့်စင်ခြင်းဟာ ပလတ်စတစ်အတွက် အကောင်းဆုံးနဲ့ အလွယ်ကူဆုံး ဆေးကြောရန် နည်းလမ်းပါ။ ပြီးရင်တော့ သန့်စင်တဲ့အဝတ်စ(သို့မဟုတ်) တစ်ရှူးတို့ကိုအသုံးပြုကာ ရေအခြောက်ခံပါ။ ဤနည်းနဲ့ နောက်တစ်ခေါက်ပြန်သုံးနိုင်ပါတယ်။ မသန့်စင်ဘဲ ပြန်သုံးခြင်း လုံးဝမပြုလုပ်သင့်ပါ။

COVID-19 ကပ်ရောဂါကို ရှိသမျှလက်နက်တွေထုတ်သုံးရင်း ကာကွယ် ကြရအောင်။ ကပ်ရောဂါကြီးရဲ့ အဆုံးမှာ အားလုံးကျန်းကျန်းမာမာနဲ့ အလုပ်တာဝန်တွေပြန်လည်ထမ်းဆောင်နိုင်ကြပါစေ။

ရေးသားသူ- ဒေါက်တာမှူးခင်

[covid_19]

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/01/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။