ဆုံဆို့ရောဂါဟာ နှာခေါင်းနဲ့ လည်ချောင်းထဲမှာရှိတဲ့ အချွဲမြှေးတွေကို ထိခိုက်စေနိုင်တဲ့ ပြင်းထန် ဘက်တီးရီးယား ကူးစက်ရောဂါ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေ မှာတော့ ဒီရောဂါဟာ မဖြစ်သလောက်ကို ရှားပါးသွားပါပြီ။ ဒါဟာ ကာကွယ်ဆေးအစီအစဉ်တွေ လူထုအကြားကို ထိရောက်စွာ ရောက်ရှိထားပြီး ဖြစ်လို့ပါပဲ။
ဆုံဆို့ရောဂါကို ဆေးဝါးတွေနဲ့ကုသလို့ ရနိုင်ပါတယ်။ ပြင်းထန်တဲ့ အခြေအနေတွေမှာတော့ နှလုံး၊ ကျောက်ကပ်နဲ့ အာရုံကြောစနစ်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။ ဆုံဆို့ရောဂါဟာ သေစေနိုင်တဲ့ ရောဂါပါ။ အထူးသဖြင့် ကလေးတွေမှာဖြစ်ရင် ပိုဆိုးတတ်ပါတယ်။
ရောဂါလက္ခဏာတွေကတော့
- လည်ချောင်းနာခြင်းနှင့် အသံကွဲအက်ခြင်း၊
- လည်ပင်းအကျိတ်များ ရောင်ရမ်းခြင်း၊
- အသက်ရှူရ ခက်ခဲခြင်းနှင့် အသက်ရှူမြန်ခြင်း၊
- နှာရည်ယိုခြင်း၊
- ချမ်းတုန်ဖျားခြင်းနဲ့
- အားအင်ကုန်ခမ်း၍ မအီမသာဖြစ်ခြင်းတွေ ခံစားရတတ်ပါတယ်။
လက္ခဏာတွေဟာ ရောဂါပိုး ကူးစက်ပြီး နှစ်ရက်ကနေ ငါးရက်အကြာမှာ ပြလာမှာပါ။ အချို့လူတွေမှာတော့ ရောဂါလက္ခဏာ ထွေထွေထူးထူး မပြဘဲနဲ့ ပိုးကူးစက် သယ်ဆောင်သွားသူတွေအဖြစ် ရှိနေတတ်ပါတယ်။ ထိုသူတွေဆီကနေ အခြားသူဆီကို အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။
အရေပြားဆုံဆို့ရောဂါ (Skin cutaneous diphtheria)
ဆုံဆို့ရောဂါကို ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားဟာ အရေပြားကို ကူးစက်ပြီး အရေပြား ဆုံဆို့ရောဂါလည်း ဖြစ်နိုင်ပါသေးတယ်။ အရေပြားပေါ်မှာ နီရဲရောင်ရမ်း နာကျင်နိုင်ပြီး မီးခိုးရောင် အမြှေးပါးတွေနဲ့ ဖုံးအုပ်ထားတဲ့ အနာတွေလည်း ရှိနိုင်ပါသေးတယ်။ အပူပိုင်းနိုင်ငံတွေမှာ အဖြစ် များပြီး လူနေထူထပ်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်းတို့ကြောင့် အဖြစ်များပါတယ်။
ဆုံဆို့ရောဂါ ဘာကြောင့် ဖြစ်ရသလဲ
‘Corynebacterium diphtheriae’ ဆိုတဲ့ ဘက်တီးရီးယား ကူးစက်ခြင်းကြောင့် ရောဂါ စတင်ဖြစ်ပွားရတာပါ။ ကူးစက်နည်းတွေကတော့ ရောဂါပိုးရှိသူတွေက နှာချေ၊ ချောင်းဆိုးလိုက်တဲ့ အစက်အမှုန်တွေနဲ့ ထိတွေ့လိုက်တဲ့အခါ ကူးစက်ပါတော့တယ်။ နှာခေါင်းနဲ့ လည်ချောင်းကို စတင် တိုက်ခိုက်မှာပါ။ ဒါကြောင့် လူနေထူထပ်တဲ့ အခြေအနေတွေမှာ အဖြစ်များရခြင်းပါ။
ရောဂါပိုး ကပ်နေတဲ့ ပစ္စည်းတွေကနေ တဆင့်လည်း ကူးပါတယ်။ ရောဂါပိုးရှိတဲ့ တစ်သျှူး ဒါမှမဟုတ် လက်ကိုင်ပဝါတွေကို ထိတွေ့အသုံးပြုလိုက်ခြင်းမှတစ်ဆင့် ကူးစက်ပါတယ်။ ရောဂါပိုး ကူးစက်ပြီးသား အနာတွေကို ထိလိုက်ရင်လည်း ကူးနိုင်ပါတယ်။ ထိထားတဲ့လမ်းကြောင်းက ရောဂါပိုးဟာ နှာခေါင်း နဲ့ လည်ချောင်းဆီ ရောက်သွားနိုင်ပါတယ်။
ဘယ်သူတွေမှာ အဖြစ်များသလဲ
ကာကွယ်ဆေး ထိုးနှံကာ ကာကွယ်နိုင်တဲ့ ရောဂါပိုးဖြစ်တာမို့
- ကာကွယ်ဆေးမထိုးထားတဲ့ ကလေး၊ လူကြီးမရွေး ဖြစ်နိုင်ပါတယ်။
- လူနေထူထပ်ပြီး သန့်ရှင်းမှုမရှိတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နေသူတွေ၊
- ဆုံဆို့ရောဂါ အဖြစ်များနေတဲ့ နေရာဒေသသို့ ခရီးသွားထားတဲ့ သူတွေမှာလည်း အဖြစ်များပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ကာကွယ်ဆေးထိုးနှံတဲ့ အစီအစဉ်တွေ အားနည်းနေသေးတာမို့ ရောဂါဖြစ်ပွားမှုတွေ ရှိနေဆဲပါ။
နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်သလဲ
ဆုံဆို့ရောဂါကို မကုသပါက
- အသက်ရှူ လမ်းကြောင်းပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်။
လည်ချောင်း၊ နှာခေါင်းတွေကို ရောက်ရှိလာတဲ့ ဆုံဆို့ ဘက်တီးရီးယားဟာ အဆိပ်တစ်မျိုး ထုတ်လုပ်ပါတယ်။ ထိုအဆိပ်ဟာ မီးခိုးရောင်အချွဲမြှေး တစ်ခု ဖြစ်ပေါ်လာစေပြီးတော့ ထိုအမြှေးကြောင့်ပဲ အသက်ရှူကျပ်ရပါတယ်။
ဘက်တီးရီးယားက ထွက်လာတဲ့ အဆိပ်ဟာ သွေးကြောတလျှောက်ပါသွားပြီး နှလုံးကို ရောက်တဲ့အခါ နှလုံးကြွက်သား ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ရုတ်တရက် နှလုံးဟာ အလုပ်မလုပ်နိုင်တော့ဘဲ သေဆုံးရတဲ့အခြေအနေတွေ အထိ ဖြစ်နိုင်ပါတယ်။
အဆိပ်ဟာ လည်ချောင်းက အာရုံကြောတွေကို ပျက်စီးစေတာမို့ အစာမျိုချရာမှာ ခက်ခဲလာနိုင်ပါတယ်။ လက်မောင်းနဲ့ ခြေထောက်က အာရုံကြောတွေကိုထိရင်တော့ ရောင်ရမ်းပြီး ကြွက်သားနာကျင်ချည့်နဲ့မှု တွေခံစားရနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းက ကြွက်သားတွေကို ထိခိုက်လာရင်တော့ အကြောသေသွားပြီး အသက်မရှူနိုင်တော့တာမို့ အသက်ရှူအထောက်အကူပြုစက် လိုအပ်ပါမယ်။
ဆုံဆို့ရောဂါဟာ ကုသနိုင်တဲ့ ရောဂါပါ။
ပြန်လည်ကောင်းမွန်ချိန်ကတော့ ကြာနိုင်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းကြီး(WHO) ရဲ့ အဆိုအရ သေနှုန်းဟာ (၅)ရာခိုင်နှုန်းမှ (၁၀)ရာခိုင်နှုန်း ထိသာရှိပြီး ကလေးတွေမှာဆို သေနှုန်းမြင့်ပါတယ်။
ကာကွယ်နိုင်သလား။
ကုသလို့ ရရုံတင်မကပါဘူး။ ဆုံဆို့ရောဂါဟာ ကာကွယ်နိုင်တဲ့ရောဂါပါ။ ကာကွယ်ဆေးရှိပါတယ်။ ဆုံဆို့ရောဂါ၊ မေးခိုင်ရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါ၊ ဦးနှောက်အမြှေးရောင် ရောဂါနဲ့ အဆုတ်ရောဂါ စုစုပေါင်းရောဂါ (၅)မျိုးကို ကာကွယ်နိုင်တဲ့ “(၅)မျိုးစပ် ကာကွယ်ဆေး” အနေနဲ့ ထိုးနှံလို့ရပါတယ်။ လက်မောင်းနဲ့ ပေါင်တွေမှာ ထိုးလို့ရတာပါ။ (၂)လသား၊ (၄)လသား၊ (၆)လသားတွေမှာ ထိုးနှံပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆုံဆို့ရောဂါ ကာကွယ်ဆေးပါဝင်တဲ့ ကာကွယ်ဆေးတွေ ထပ်ရှိပါသေးတယ်။
ဆုံဆို့ရောဂါနဲ့ မေးခိုင်ရောဂါကာကွယ်ဆေး နှစ်မျိုး ပါဝင်တဲ့ DT/Td ကာကွယ်ဆေးနဲ့ ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုးရောဂါ (၃)မျိုး ကာကွယ် နိုင်တဲ့ DPT ကာကွယ်ဆေးဆိုပြီး ရှိပါသေးတယ်။ လက်ရှိပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်နဲ့ ထိုးနှံနေတာကတော့ (၅)မျိုးစပ် ကာကွယ်ဆေး (Pentavalent Vaccine)ပါပဲ။ ကာကွယ်ဆေးထိုးပြီး အချိန်မှာတော့ ဘေးထွက်ဆိုးကျိုးအနည်းငယ် ရှိတတ်ပါတယ်၊ ဥပမာ – ဖျားခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ မှိန်းခြင်းနဲ့ ဆေးထိုးတဲ့နေရာကနေ နာကျင်ခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ဆုံဆို့ ရောဂါအကြောင်း စုံစုံလင်လင် သိရှိပြီးတဲ့နောက်မှာ မိမိရဲ့ကလေးတွေကို ကာကွယ်ဆေးထိုး အစီအစဉ်တွေမှာ မပျက်မကွက် သွားရောက်ထိုးနှံပေးသင့်ပါပြီ။
ရေးသားသူ-ဒေါက်တာမှူးခင်
[embed-health-tool-bmi]