တစ်ကမ္ဘာလုံး လိုလားတောင့်တနေကြတဲ့ COVID-19 ကာကွယ်ဆေးတွေ လူတွေရဲ့လက်ထဲကို ရောက်ရှိလာဖို့ အလွန်ကိုနီးစပ်နေပြီဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းတိုင်းပြည်တစ်ချို့ရဲ့ ကာကွယ်ဆေးတွေဟာ ဆေးဝါးအဆင့်ကိုရောက်ရှိနေကြပြီဖြစ်သလို တချို့တိုင်းပြည်တွေမှာဆိုရင် ဆေးဝါးတွေကို စတင်အသုံးချထိုးနှံကြတော့မှာပါ။
ရောဂါကပ်ဘေးကြီးရဲ့ ဆိုးရွားလှတဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ထိခိုက်နစ်နာမှုတွေကြောင်း လူတိုင်းက ဒီအခြေအနေကနေ လွတ်မြောက်ချင်နေကြပြီး ကပ်ဘေးကို ကျော်လွှားချင်နေကြတာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း ဒီလိုမျိုး အမျိုးအမည်အမျိုးမျိုးနဲ့ပေါ်ထွက်လာနေတဲ့ ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအခြေစိုက် ကျန်းမာရေးအာဏာပိုင်အဖွဲအစည်းတစ်ခုဖြစ်တဲ့ ရောဂါထိန်းချုပ်ရေးနှင့် ကွပ်ကွဲရေးဌာန (CDC) ကတော့ သတိပေးစကားဆိုလိုက်ပါတယ်။
COVID-19 ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေဟာ လူတွေကို ဘေးထွက်ဆိုးကျိုးတွေ ယူဆောင်လာနိုင်တယ်လို့ CDC က သတိပေးစကားဆိုလိုက်တာဖြစ်ပါတယ်။ CDC ရဲ့ ကျွမ်းကျင်ပညာရှင်တွေက ကာကွယ်ဆေးဆိုင်ရာ အကြံပေးအစည်းအဝေးမှာ ခုလို သတိပေးစကားဆိုသွားခဲ့ကြတာပါ။ CDC ကိုယ်တိုင်ကလည်း ဘယ်လို COVID-19 ကာကွယ်ဆေးမျိုးကိုမှ တရားဝင် အသိအမှတ်ပြုထားခြင်းမရှိသေးပါဘူး။
CDC ရဲ့ သတိပေးချက်တွေအရ ကာကွယ်ဆေးတွေရဲ့ ကိုယ်ခံအားစနစ်ကို တုံ့ပြန်အောင် နှိုးဆော်မှုတွေကြောင့် အောက်ပါ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တယ်လို့ သိထားရပါတယ်။
- ဆေးထိုးထားတဲ့ နေရာတစ်ဝိုက်မှာ နာကျင်ကိုက်ခဲတာ၊
- မောပန်းနွမ်းနယ်တာ၊
- ခန္ဓာကိုယ်တစ်ခုလုံး ယားယံတာ၊
- ခေါင်းကိုက်တာ၊
- ဖျားနာတာတွေဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။
ရောဂါကာကွယ်ဆေးတွေဟာ ရောဂါပိုးဝင်ရောက်မလာအောင် ကာကွယ်ဖို့အတွက် ကိုယ်ခံအားစနစ်ကို ပိုမိုအလုပ်များစေတာမို့ အအေးမိ၊ တုပ်ကွေး၊ ဖျားနာလို လက္ခဏာမျိုးတွေ ပေါ်ထွက်လာတာဖြစ်တယ်လို့ CDC ရဲ့ ကိုယ်ခံအားစနစ်ဌာန၊ အကြံပေးကော်မတီဝင် ဒေါက်တာ ပက်ထရီစီယာ စတင့်ချ်ဖီးလ်ဒ်က ဆိုခဲ့ပါတယ်။ ကာကွယ်ဆေးကုမ္ပဏီတွေအနေနဲ့ ဒီအခြေအနေတွေနဲ့ ဓာတ်မတည့်မှုဖြစ်လာနိုင်ခြေတွေကို လူတွေဆီ ပွင့်ပွင့်လင်းလင်းပြောဆိုထားသင့်တယ်လို့လည်း သူမက အကြံပြုသွားခဲ့ပါတယ်။
CDC က ယခုရလဒ်တွေကို လက်ရှိမှ ဆေးဝါးထုတ်လုပ်ဖြန့်ချိတော့မယ့် Moderna ၊ Pfizer နဲ့ AstraZeneca တို့ရဲ့ စမ်းသပ်မှုမှတ်တမ်းတွေကို အခြေခံကာ ထောက်ပြသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါဆေးဝါးကုမ္ပဏီတွေအနေနဲ့လည်း ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လူတွေဆီ ကျယ်ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အသိပေးထားတာမျိုးမရှိတာကို ထူးခြားစွာ တွေ့မြင်နေရပါတယ်။ ကုမ္ပဏီတွေအနေနဲ့ လူတွေ ကာကွယ်ဆေးအပေါ် ယုံကြည်မှုမရှိတာမျိုးမဖြစ်အောင် အချက်အလက်တွေ ထိမ်ချန်ထားတယ်လို့ စွပ်စွဲတာမျိုးတွေလည်း ရှိနေပါတယ်။
CDC ရဲ့ လေ့လာချက်တွေအရ COVID-19 ကာကွယ်ဆေးထိုးနှံမှုကြောင့် ဘေးထွက်ဆိုးကျိုး ဒါမှမဟုတ် အစွန်းထွက်ခံစားချက်မျိုးတွေ ကြုံဆုံရမှုပမာဏက မြင့်မားတယ်လို့ဆိုထားပါတယ်။ လေ့လာချက်တွေအရ အဆိုပါ ဘေးထွက်ဆိုးကျိုးတွေကို ကနဦးစမ်းသပ်ခံခဲ့သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ တွေ့ခဲ့ရပါတယ်တဲ့။
လက်ရှိအချိန်မှာ COVID-19 ကာကွယ်ဆေး ဖြန့်ချိဖို့ စီစဉ်နေတဲ့ကုမ္ပဏီအများအပြားရှိနေပြီး Moderna ၊ Pfizer နဲ့ Oxford က AstraZeneca တို့အပြင် ရုရှားတို့ရဲ့ Sputnik V နဲ့ တခြားသောဆေးဝါးတချို့လည်း ဆက်လက်ထွက်ပေါ်လာဖို့ရှိနေပါတယ်။ ကုမ္ပဏီတိုင်းက သူတို့ရဲ့ ဆေးဝါးတွေဟာ စိတ်ချရပြီး ရောဂါကာကွယ်နိုင်စွမ်းလည်း ၉၀% ကျော်အစွမ်းထက်တယ်လို့ တက်ညီလက်ညီဆိုနေကြပေမယ့် ဘေးထွက်ဆိုးကျိုးရှိမရှိဆိုတာကိုတော့ ရှင်းလင်းစွာ ပြောဆိုထားကြခြင်းမရှိကြပါဘူး။
ဒါကြောင့်လည်း WHO လို အဖွဲ့အစည်းမျိုးတွေက လက်ရှိထွက်ပေါ်လာနေတဲ့ ကာကွယ်ဆေးတွေကို စိတ်ချရကြောင်း အသိအမှတ်ပြုတာမျိုးမရှိသေးသလို ခိုင်မာပြီးစိတ်ချရတဲ့ ကာကွယ်ဆေးမျိုးတွေ ပေါ်ထွက်လာရင်တောင်မှ COVID-19 နဲ့ရင်ဆိုင်နေရတဲ့ တိုက်ပွဲဟာ ပြီးဆုံးဖို့ အချိန်ယူတိုက်ပွဲဝင်ရဦးမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံးမှာ COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရသူပေါင်း ၆၇ သန်းကျော်ရှိထားပြီး ရောဂါကြောင့် သေဆုံးသွားသူပေါင်း ၁ သန်းခွဲကျော်အထိ ရှိထားပါတယ်။
ဘေးထွက်ဆိုးကျိုးတချို့ရှိနေနိုင်ပေမယ့်လည်း ကမ္ဘာတစ်ဝှမ်းလုံးက တိုင်းပြည်တွေနဲ့ လူထုတွေကတော့ ကာကွယ်ဆေးတွေကို အသုံးချဖို့ စိတ်ဆန္ဒပြင်းပြနေကြဆဲဖြစ်ပါတယ်။
[covid_19]
[embed-health-tool-bmi]