၁၅မိနစ် တစ်ခါလောက် ရေ (အရည်) ၂-၄ အောင်စလောက် ဝင်ပါစေ။ ဒါက ခွက်ရဲ့ ၄ပုံ ၂ပုံကနေ ခွက်တစ်ဝက် ပမာဏလောက်ထိ ရှိပါတယ်။ ရိုးရိုးရေ၊ ထမင်းရည်၊ အာဟာရမှုန့်ကို ဖျော်ထားတဲ့အရည်၊ ဓာတ်ဆား၊ ကြက်ပြုတ်ရည် အကုန်ရပါတယ်။ ကယ်လိုရီနဲ့ ပရိုတင်းများတာဆို ပိုကောင်းပါတယ်။ လူနာက ခဏခဏစားဖို့ အဆင်မပြေဘူးဆိုရင် စားတိုင်း စားတိုင်းမှာ အာဟာရပါနေဖို့ လိုပါတယ်။ ရေများများသောက်တာက သွေးမခဲဖို့ကိုလည်း အထောက်အကူပြုပါတယ်။
- ကယ်လိုရီများများ၊ ပရိုတင်း များများ
-ဆာဆာ၊ မဆာဆာ ၂-၃နာရီခြားတစ်ခါ ကျွေးပါ။ လူနာ ဆာမှ မကျွေးပါနဲ့။ လူနာက ရောဂါကြောင့် နုံးပြီး မဆာဘူးပဲ ပြောမှာပါ။ ဆေးကို အချိန်နဲ့ သောက်သလို အစာကို အချိန်နဲ့သာ ကျွေးပါ။
-အစားမဝင်ဘူးဆိုရင် အားရှိဖို့ ခန္ဓာကိုယ်က ကြွက်သားတွေကို ဖြိုသုံးပါလိမ့်မယ်။ ဒါကြောင့် လူနာတွေက ကိုဗစ်ဖြစ်ပြီးရင် ပိန်ကျသွားတာပါ။ ဒါ ကောင်းသော ကြွက်သားတွေ ဆုံးရှုံးတာဖြစ်တဲ့အတွက် ကောင်းသော ပိန်ခြင်း မဟုတ်ပါဘူး။ ကိုဗစ်မှာ ဖိစီးမှုလည်း ပိုများတဲ့အတွက် သာမန်အချိန်ထက် ကယ်လိုရီပိုစားဖို့ လိုပါတယ်။
-တစ်ရက်ကို ပရိုတင်း ၇၅- ၁၀၀ ဂရမ်လောက် ဝင်အောင် ကျွေးပါ။ ဒါက အသား ၅-၆ ကျပ်သားလောက်ရှိပါတယ်။ ကြက်သား ကျွေးလို့ရပါတယ်။ အနီရောင်အသားဆို အဆီမပါတာ ဖြစ်ရပါမယ်။ အသားမစားတဲ့သူဆို မြေပဲ၊ နို့၊ ကြက်ဥ၊ ဒိန်ချဉ်၊ ချိစ်၊ ပရိုတင်းအမှုန့်တွေ ဖျော်တိုက်နိုင်ပါတယ်။
-ကိုဗစ်ဖြစ်နေချိန်မှာ ကယ်လိုရီကို မလျှော့ပါနဲ့။ ပါးစပ်ပျက်လို့ အစားမဝင်တဲ့အတွက် တိုးပြီး စားသင့်ပါတယ်။ နို့၊ သစ်သီးဖျော်ရည် ဒီလိုမျိုး နည်းနည်းစား၊ များများကယ်လိုရီတက်တာတွေ စားပေးပါ။
–ကျန်းမာရေးနဲ့ ညီတဲ့အဆီတွေ ပိုစားပေးပါ။ ဥပမာ ထောပတ်သီး။
-ထမင်းကြီးတွေ ကြားမှာ အာဟာရမှုန့်တွေ ဖျော်တိုက်ပါ။ ကိုဗစ်လူနာတွေမှာ အောက်ဆီဂျင်ကျလို့ ရှူနေရရင် လူကောင်းတွေလို မဝါးနိုင်ကြပါဘူး။ အာဟာရအရည်တွေ၊ အမှုန့်တွေ ဖျော်တိုက်ပြီး ကယ်လိုရီ ဖြည့်ပေးရမှာပါ။
-သာမန်အချိန်တွေလို မနက်စာ၊ နေ့လယ်စာ၊ ညစာ သုံးနပ် ကျွေးဖို့ လွယ်မှာ မဟုတ်ပါဘူး။ နာရီပိုင်းလောက် ခြားပြီး နည်းနည်းနဲ့ ခဏခဏ ကျွေးပေးပါ။
- အသီးအရွက်၊ အသီးအနှံတွေ ပါအောင်ကျွေးပါ။
တစ်ရက်ကို အသီးအနှံ တရုတ်ထမင်းပန်းကန် ၂လုံးစာ၊ အသီးအရွက်ဆို တရုတ်ထမင်းပန်းကန် ၂လုံးခွဲ စားပေးပါ။ ဆီးချိုရှိတဲ့သူက အသီးတွေကို ထမင်းကြီးနဲ့ အချိန်ခွာစားပါ။ ဒါမှမဟုတ် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။
အသီးအရွက်တွေကို မီးပြင်းပြင်းနဲ့ ကြော်တာ၊ ပြုတ်တာက ဗီတာမင်တွေကို ဆုံးရှုံးစေပါတယ်။ ပေါင်းတာ၊ မီးမပြင်းဘဲ ကြော်ပြီး ကျွေးနိုင်ပါတယ်။
- အဆီကို အသင့်အတင့် စားပေးပါ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပြည့်ဝဆီကို စားပေးပါ။ ဥပမာ ငါးဗိုက်သား၊ ထောပတ်သီး၊ မြေပဲလို အစေ့အဆန်တွေ၊ သံလွင်ဆီ၊ နေကြာဆီ။ ပြည့်ဝဆီ၊ တိရိစ္ဆာန်က ရတဲ့ အဆီကို ရှောင်ပါ။ တာရှည်ခံ အသားတွေ ရှောင်ပါ။ ဥပမာ စဉ်သွပ်ဘူး၊ ဝက်အူချောင်း၊ ကြက်အူချောင်း။
ဟင်းချက်တဲ့အခါ ငံပြာရည်၊ အကြည်ရည်၊ အနောက်ရည်၊ ခရုဆီ စတာတွေ လျှော့ပါ။ ဆားဆို လူနာတစ်ယောက်အတွက် တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၁ဇွန်းထက် မပိုပါစေနဲ့။ အသင့်စား မုန့်တွေ မကျွေးပါနဲ့။ အချိုရည်တွေ၊ ဂတ်စ်ပါတဲ့ အအေးတွေကို တတ်နိုင်သမျှ လျှော့ပါ။
အပြင်စာကို အားမကိုးဘဲ အိမ်မှာပဲ တတ်နိုင်သမျှ ချက်စားပါ။ လတ်လတ်ဆတ်ဆတ် စားစရာတွေကို အိမ်မှာ ပူပူနွေးနွေး၊ သန့်သန့်ရှင်းရှင်း ချက်ပြုတ်စားသောက်ပါ။
- အားဆေးတွေ အလွန်အကျွံ မသောက်ပါနဲ့။
ဗီတာမင်တွေနဲ့ ကိုဗစ်ကို သက်သာစေသလားဆိုတာ လေ့လာချက်တွေက အနည်းငယ်သာ ရှိပြီး တိကျတဲ့ အဖြေမထွက်သေးပါဘူး။ ဒါကြောင့် အားဆေးတွေကို အလွန်အကျွံ မသောက်ပါနဲ့။ သောက်ချင်ရင် ဗီတာမင်အစုံ ပါတာကို တစ်မျိုးသောက်ရင် ရပါပြီ။ အစားဝင်အောင် ကျွေးပါ။ အစားမဝင်တဲ့ လူနာဆို အာဟာရဆရာဝန်နဲ့ ပြပါ။ အစားနည်းတဲ့၊ မဝင်တဲ့ လူနာကို အားဆေးတွေပဲ မတိုက်သင့်ပါဘူး။
ကိုဗစ်လူနာ တွေအတွက် အစာက ဆေးပါ။ ဆေးလို သဘောထားပြီး အချိန်မှန်မှန်၊ ပမာဏမှန်မှန် အာဟာရပြည့်အောင် စားမှသာ ရောဂါအမြန်သက်သာပြီး နာလန်ထမြန်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။