backup og meta

COVID-19 က အကြိမ်ကြိမ် ပြန်ဖြစ်နိုင်သလား


Ye Zon Aung မှ ရေးသားသည်။ · 03/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID-19 က အကြိမ်ကြိမ် ပြန်ဖြစ်နိုင်သလား

    COVID-19 ကပ်ဘေးဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးတစ်ခုပါ။ ကုသနိုင်တဲ့ ကုထုံးရော၊ ကာကွယ်နိုင်တဲ့ ဆေးဝါးပါ မရှိသေးတဲ့ ရောဂါသစ်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်ပူပန်မှုအမျိုးမျိုးနဲ့ လူတိုင်းရဲ့ အကြောက်တရားတွေကလည်း တစ်နေ့တခြားတိုးပွားလို့လာနေပါတယ်။

    တစ်ကမ္ဘာလုံးမှာလည်း ကူးစက်ခံခဲ့ရသူပေါင်း သုံးသန်းကျော်သွားခဲ့ပြီဖြစ်သလို ရောဂါကူးစက်ခံရတာကြောင့် သေဆုံးခဲ့ရသူပေါင်းလည်း နှစ်သိန်းကျော်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပြန်လည်ပျောက်ကင်းသက်သာလာသူ အရေအတွက်ကလည်း ၁ သန်းပြည့်လုနီးပါးအထိ ရှိလာခဲ့ပါပြီ။ (30.4.2020)

    ဒါပေမယ့် တချို့သောတိုင်းပြည်တွေမှာ ရောဂါပျောက်ကင်းသက်သာသွားသူတွေအကြားမှာ ပိုးပြန်တွေ့တာမျိုး သတင်းတွေ ထွက်ပေါ်လာတာမို့ လူထုအကြားက စိုးရိမ်မှုဟာ ရေချိန်ပိုမိုမြင့်တက်လာခဲ့ပါတယ်။

    COVID-19 ဟာ ပျောက်ကင်းပြီးချိန်မှာ ထပ်ပြီး ဖြစ်ပေါ်လာနိုင်သလား

    ဧပြီလ လယ်လောက်တုန်းက တောင်ကိုရီးယားနိုင်ငံက ရောဂါပျောက်ကင်းသွားလို့ Negative ပြန်ဖြစ်နေပြီလို့ ကြေငြာခံထားရတဲ့ လူနာ ၁၁၆ ဦးဟာ ထပ်မံစစ်ဆေးချိန်မှာ ရောဂါပိုးပြန်လည်တွေ့ရှိခဲ့ရတာမို့ တစ်ကမ္ဘာလုံး ပွက်လောရိုက်ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်မျိုး တရုတ်မှာလည်း ဖြစ်ပျက်ခဲ့ပါသေးတယ်။

    ဒါပေမယ့် ဘာကြောင့်ဒီလိုပြန်ဖြစ်ရတယ်ဆိုတာကို အဖြေရှာမရခဲ့ပါဘူး။ ဒီပြဿနာနဲ့အတူ ကိုရိုနာဗိုင်းရပ်စ်ဟာ နောက်တစ်ကြိမ်ပြန်ပြီး ဖြစ်နိုင်သလားဆိုတဲ့ မေးခွန်းဟာလည်း ကမ္ဘာတစ်လွှားက သိပ္ပံပညာရှင်တွေအကြားမှာ ခေါင်းခဲစရာမေးခွန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

    ပြန်လည်သက်သာလာတဲ့ လူနာအရေအတွက်ဟာ သိသိသာသာတိုးမြင့်လာနေပြီး ကူးစက်ခံရသူအရေအတွက်ရဲ့ ၃၀% ကျော်ဟာ ပြန်လည်သက်သာကောင်းမွန်လာနေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါပြန်ဖြစ်နိုင်သလားဆိုတဲ့ မေးခွန်းကြောင့် ဒီပမာဏအပေါ် တိုးတက်မှုလို့ ရှုမြင်ယူဆနိုင်ကြခြင်းမရှိကြေသေးပါဘူး။

    WHO ကတော့ ဒီရောဂါဖြစ်ပြီးသူတွေ နောက်တစ်ကြိမ်ရောဂါပြန်ဖြစ်မဖြစ်အောင် ခန္ဓာကိုယ်ထဲက ကိုယ်ခံအားစနစ်နဲ့ antibodies တွေက ကာကွယ်တားဆီးပေးနိုင်တယ်ဆိုတဲ့ သက်သေမျိုးမရှိသေးဘူးလို့ ဆိုထားပါတယ်။ ဒါကြောင့် ရောဂါပျောက်ကင်းသွားတဲ့ လူနာတွေအနေနဲ့ ပိုးထပ်မံကူးစက်နိုင်ခြေရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပါ။

    တရုတ်နိုင်ငံ ပေကျင်းမြို့က China-Japan Friendship Hospital ရဲ့ လေ့လာချက်မှာတော့ ရောဂါပျောက်ကင်းသွားတဲ့ လူနာတွေဟာ ပြန်လည်ကူးစက်နိုင်ခြေနည်းပါးတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် Antibodies တွေက ဘယ်လောက်ကြာကြာ ဒီအခြေအနေကို တောင့်ခံထားနိုင်လဲဆိုတာကို ရှင်းလင်းစွာမသိရှိရသေးဘူးလို့ ဒါရိုက်တာဖြစ်သူ လီကျင်ဂျွမ်းက ဆိုခဲ့ပါတယ်။

    ရောဂါပိုး တစ်ခါကူးပြီးရင် နောက်တစ်ကြိမ် ထပ်ဖြစ်မဖြစ်

    အမေရိကန်အခြေစိုက် Penn Global Medicine က ဆေးပညာဆိုင်ရာဒါရိုက်တာဖြစ်သူ ဒေါက်တာ စတီဖင် ဂလက်မန်းရဲ့ အဆိုအရ ဆိုရင်လည်း လူသားမျိုးနွယ်တွေဟာ ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ ရင်ဆိုင်လာရတာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပြီးတော့ မျိုးစိတ်အသစ်တစ်ခုပေါ်လာတိုင်း ခန္ဓာကိုယ်က လိုအပ်တဲ့ အချက်အလက်ရရှိအောင် စောင့်ဆိုင်းဖို့ လိုအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

    အဆိုပါအချိန်ကာလကို ကျော်ဖြတ်နိုင်ပြီးရင် ရောဂါဒဏ်ကို ခန္ဓာကိုယ်က ခံနိုင်ရည်ရှိသွားတတ်တယ်လို့ ဆိုပါတယ်။ ဒေါက်တာ စတီဖင် ဂလက်မန်းကတော့ COVID-19 ဟာလည်း ဒီလိုမျိုးပဲဖြစ်လာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

    အမေရိကန် CDC ကလည်း လူ့ခန္ဓာကိုယ်ထဲက ကိုယ်ခံအားစနစ်ဟာ ရောဂါပိုးကို အပြည့်အဝနားမလည်သေးဘူးလို့ ဆိုထားပါတယ်။ CDC ကတော့ အချိန်တိုအတွင်း နောက်တစ်ကြိမ်ပြန်လည်ကူးစက်ခြင်းမရှိတဲ့ MERS ရောဂါကို ဥပမာပေးခဲ့ပြီး လူ့ကိုယ်ခံအားစနစ်ဟာ COVID-19 ကိုလည်း ဒီလိုမျိုး တွန်းလှန်နိုင်မလားဆိုတာ မသေချာသေးပေမယ့် အလားအလာတော့ ရှိနေတယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် တခြားသောမျိုးစိတ်တွေဟာ လအတန်ကြာကနေ တစ်နှစ်အထိ ရှိနေနိုင်တာမို့ သတိထားဖို့ လိုအပ်ကြောင်းနဲ့ ကာကွယ်ဆေးနဲ့ ကုသဆေးတွေ ဖော်ထုတ်နိုင်ဖို့လိုအပ်ကြောင်း သတိပေးမှုတွေကတော့ အမြောက်အများရှိနေပါတယ်။ ဒါပေမယ့် အမေရိကန်အခြေစိုက် ကျန်းမာရေးပညာရှင်အများစုကတော့ ဒီရောဂါအကြိမ်ကြိမ် ပြန်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို ကျေလည်စွာ လက်ခံကြခြင်း မရှိသေးပါဘူး။

    ဘာပဲဖြစ်ဖြစ် မပေါ့ပါနဲ့

    COVID-19 ဟာ ရောဂါပိုးအသစ်တစ်မျိုးဖြစ်ပါတယ်။ အသစ်အသစ်သော တွေ့ရှိမှုတွေရှိလာတိုင်း သူနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေဟာ မကြာခဏပြောင်းလဲသွားတတ်ပါတယ်။ ဒီနေ့မှာ နေရောင်ပူဆာလှုံဖို့ ပြောနေပေမယ့် နောက်နေ့ မလှုံဖို့ ဖြစ်လာသလိုပါပဲ၊ ခုချိန်မှာလည်း ရောဂါ အကြိမ်ကြိမ်ပြန်ကူးမကူးက အငြင်းပွားနေကြဆဲဖြစ်နေပါတယ်။

    ဒါကြောင့် ခုချိန်မှာ ကျန်းမာစွာနေထိုင်ပြီး ရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ကို လျှော့ချနေထိုင်တာဟာ အားလုံးအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ရောဂါကူးစက်ခြင်းမခံရအောင် ဂရုပြုနေထိုင်ခြင်းဟာ စိုးရိမ်ပူပန်မှုအားလုံးကို လျော့ပါးစေမယ့် အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။

    ဒါကြောင့်နေ့စဉ်

    • အာဟာရပြည့်ဝအောင် စားပါ
    • အိပ်ရေးဝဝ အိပ်ပါ
    • မလိုအပ်ဘဲ အပြင်မသွားပါနဲ့
    • လူစုလူဝေးရှောင်ပါ
    • လက်ဆေးပါ
    • မဖြစ်မနေ အပြင်သွားရမယ်ဆိုရင် နှာခေါင်းစည်းတပ်ပါ
    • လက်ဆေးပါ
    • တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။ဒီနည်းလမ်းတွေကို အသုံးချပြီး ရောဂါပိုး ကိုယ့်ဆီကို ရောက်ရှိမလာအောင် တားဆီးကာကွယ်ပြီး ကျန်းမာအောင် နေထိုင်ကြဖို့ အကြံပြုလိုပါတယ်။

    [covid_19]

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 03/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement