ရောဂါကူးစက်နည်းတွေနဲ့ ပတ်သက်ပြီး အမျိုးမျိုး ကြားဖူးမှာပါ။ လိင်ကတဆင့် ကူးစက်တာတို့၊ ထိတွေ့ရုံနဲ့ ကူးစက်တာတို့၊ သွေးကနေကူးစက်တာတို့ စသဖြင့်င့် နည်းလမ်းပေါင်းစုံရှိပါတယ်။ ဒီထဲမှာ လေထဲကနေ ကူးစက်တယ်ဆိုတာလည်း ရှိပါတယ်။
ရောဂါပိုးရှိတဲ့သူတစ်ယောက်ယောက်ယောက်က နှာချေ၊ ချောင်းဆိုးမယ်၊ စကားပြောမယ်ဆိုရင် ပါးစပ်နဲ့ လည်ချောင်းထဲက အမှုန်အမွှားတွေ လေထဲကို ရောက်သွားနိုင်ပါတယ်။ ဒါတွေနဲ့အတူ ပါလာတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေက လေထဲမှာ အချိန်တစ်ခုကြာအောင် ရှိနေနိုင်ပါတယ်။ မျက်နှာပြင်ပေါ်ကို ကျသွားပြီး ပစ္စည်းတွေမှာ ကပ်နေတာမျိုးလည်း ရှိနေနိုင်ပါတယ်။
တစ်ယောက်ယောက်က ပိုးရှိတဲ့ လေကို ရှူသွင်းမိမယ် ဒါမှမဟုတ် ပိုးရှိတဲ့ ပစ္စည်းတွေကို ကိုင်ပြီး မျက်လုံး၊ နှာခေါင်း၊ ပါးစပ် စတာတွေကို ပွတ်သပ်မိမယ်ဆိုရင် ပိုးတွေက ကိုယ်ထဲကို ဝင်သွားနိုင်ပါတယ်။ လေထဲက ကူးစက်တဲ့ ရောဂါတွေဟာ အကူးလွယ်တာကြောင့် ကိုင်တွယ်ရခက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီလိုကူးနိုင်တဲ့ ရောဂါတွေ အများကြီးရှိပါတယ်။
လေထဲကနေ ကူးစက်နိုင်တဲ့ ရောဂါများ
ရောဂါတွေ အများကြီး ရှိပေမယ့် မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ရောဂါတွေကို ဦးစားပေးဖော်ပြသွားပါမယ်။
တီဘီရောဂါဟာ နာမည်ကြီး လေကတဆင့် ကူးစက်တဲ့ရောဂါပါ။ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ အခန်းထဲမှာ တီဘီရှိတဲ့ လူတစ်ယောက်နေသွားပြီး နှာချေချောင်းဆိုးခဲ့ရင် ပိုးတွေက လေထဲမှာ အချိန်တစ်ခုကြာအောင် နေနိုင်ပါတယ်။ နောက်လူဝင်လာရင် ကူးနိုင်ခြေရှိပါတယ်။
ဒါပေမယ့် ကံကောင်းတာက တီဘီက အဲ့ဒီလောက် မကူးလွယ်ပါဘူး။ တီဘီရောဂါရှိသူနဲ့ အချိန်အတော်ကြာ အနီးကပ်နေမှသာ ကူးနိုင်တာပါ။ တီဘီပိုးရှိသူက ရောဂါလက္ခဏာ ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ သူများကို ကူးနိုင်ပါတယ်။
အများစုကတော့ ကူးခဲ့ရင်တောင် ခုခံအားက တိုက်ထားလို့ ရောဂါမကြွနိုင်ပါဘူး။ ခုခံအားကျလာမှပဲ ရောဂါကြွတာပါ။ ရောဂါကြွလာခဲ့ရင် ပိုးတွေ အပွားမြန်လာပြီး အဆုတ်ကို ဖျက်ဆီးပါတယ်။ သွေးထဲကနေတဆင့် တခြားကိုယ်တွင်းအင်္ဂါတွေဆီကိုပါ ရောက်သွားနိုင်ပါတယ်။
အရွယ်ရောက်ပြီးသား လူတစ်ယောက်က တစ်နှစ်ကို ၂ခေါက်၊ ၃ခေါက်လောက် အအေးမိတတ်ပါတယ်။ ကလေးတွေကတော့ ဒီထက် ပိုဖြစ်ပါတယ်။ တစ်နှစ်တစ်နှစ် အအေးမိတာကြောင့် အလုပ်ပျက်၊ ကျောင်းပျက်ရတဲ့ သူတွေ အများကြီးရှိပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာများပြီး rhinovirusက အတွေ့ရအများဆုံးပါ။
နှစ်တိုင်း တုပ်ကွေးကတော့ ဖြစ်မြဲဖြစ်ဆဲပါပဲ။ ကူးတာလည်း မြန်ပါတယ်။ လက္ခဏာမပေါ်ခင် တစ်ရက်ကစလို့ ပေါ်ပြီး ၅ရက် တစ်ပတ်ကြာတဲ့အထိ သူများကို ကူးနိုင်ပါတယ်။ ခုခံအားကျနေရင် ပိုးထဲက ကိုယ်ထဲမှာ ကြာကြာနေလို့ သူများကို ကြာကြာကူးနိုင်ပါတယ်။
တုပ်ကွေးဗိုင်းရပ်စ်က နှစ်တိုင်း အသစ်ပြောင်းနေတဲ့အတွက် ခုခံအားက ပိုးကို မမှတ်မိပါဘူး။ ဒါကြောင့် နှစ်တိုင်း ကာကွယ်ဆေး ထိုးရတာပါ။
ရေကျောက်က varicella-zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ပိုးဝင်ပြီး ၃ပတ်လောက်နေမှ လက္ခဏာစပြပါတယ်။ လက္ခဏာမပြခင် ၂ရက်လောက်တည်းက သူများကို ကူးနိုင်ပါပြီ။
ရေကျောက်က တစ်ခါဖြစ်ရုံနဲ့ ခန္ဓာကိုယ်မှာ တစ်သက်လုံး အောင်းနေနိုင်ပါတယ်။ နောက်တစ်ခါရောဂါပြန်ကြွရင် ဆင်ရေယုန်(ခါးပတ်ရေယုန်) ဖြစ်တတ်ပါတယ်။ အာရုံကြောထိတာကြောင့် အရမ်းနာပါတယ်။ နံရိုးအောက်တစ်လျှောက်မှာ ပေါက်တတ်ပါတယ်။
ရေကျောက်မပေါက်ဖူးသည့်တိုင် ဆင်ရေယုန်ရှိသူနဲ့ အနီးကပ်နေရင် ပိုးကူးခံရပြီး ဆင်ရေယုန် တန်းဖြစ်နိုင်ပါတယ်။
ပါးချိတ်ရောင်ဗိုင်းရပ်စ်ကလည်း အင်မတန် အကူးမြန်ပါတယ်။ လက္ခဏာမပြခင်က စလို့ ပြပြီး ၅ရက်ကြာတဲ့အထိ ကူးနိုင်ပါတယ်။ နားနဲ့ မေးရိုးနားမှာ အကျိတ်တွေ ဖြစ်စေပါတယ်။ ပြင်းထန်လွန်းရင် နားမကြားတာဖြစ်တတ်ပါတယ်။ အမျိုးသားတွေမှာ ဝှေးစေ့ရောင်တတ်ပါတယ်။
ဝက်သက်ကလည်း လူစုလူဝေးနဲ့ဆို သိပ်ကို အကူးမြန်ပါတယ်။ ဝက်သက်ဗိုင်းရပ်စ်က လေထဲမှာ၊ မျက်နှာပြင်ပေါ်မှာ ၂နာရီလောက် နေနိုင်ပါတယ်။ ဒါ့ပြင် ပိုးရှိသူက လက္ခဏာမပြခင် ၄ရက်ကနေ ပြပြီး ၄ရက်လောက်အထိ သူများကို ကူးနိုင်ပါတယ်။ ကံကောင်းတာက ဝက်သက်ကို ခုခံအားက ကောင်းကောင်းမှတ်မိအတွက် တစ်ခါဖြစ်ဖူးရင် နောက်တစ်ခါပြန်ဖြစ်ခဲပါတယ်။
ရက်တစ်ရာချောင်းလို့လည်း ခေါ်ကြပါတယ်။ လေပြွန်တွေရောင်နေတာကြောင့် အဆင်မပြတ် မျက်နှာတွေရဲတဲ့အထိ ချောင်းဆိုးပါတယ်။ ချောင်းဆိုးပြီး ၂ပတ်လောက်ကြာတဲ့အထိ သူများကို ကူးနိုင်ပါတယ်။
ကလေးတွေမှာ အခန့်မသင့်ရင် အသက်သေဆုံးတဲ့အထိ အန္တရာယ်များပါတယ်။ လူနေထူထပ်တဲ့ နေ့ကလေးထိန်းကျောင်း၊ မိဘမဲ့ဂေဟာ စတာတွေမှာ တစ်ယောက်ဖြစ်ရင် နောက်လူတွေကို အလွယ်တကူကူးသွားနိုင်ပါတယ်။ လေပြွန်အဆုံမှာ အမြှေးပါးနဲ့ ဆို့ထားသလိုဖြစ်တဲ့အတွက် အသက်ရှူမရဖြစ်ပြီး အန္တရာယ်ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ နှလုံး၊ ကျောက်ကပ်နဲ့ အာရုံကြောတွေ ထိခိုက်နိုင်ပါတယ်။
လေထဲကနေ ကူးစက်နိုင်တဲ့ ရောဂါတွေကို ဘယ်လိုကုသနိုင်သလဲ။
အဓိကကတော့ ရေဓာတ်ဖြည့်၊ ကောင်းကောင်းအနားယူဖို့ပါပဲ။ ကုသနည်းတွေကတော့ ရောဂါပေါ်လိုက်ပြီး ကွာခြားသွားနိုင်ပါတယ်။
ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရေကျောက်တို့၊ အအေးမိ၊ တုပ်ကွေး၊ ဝက်သက်၊ ပါးချိတ်ရောင် စတာတွေကတော့ ပိုးသတ်ဆေးပေးလို့မရတဲ့အတွက် လက္ခဏာတွေ သက်သာအောင် ကုသပေးပါတယ်။ ခုခံအားတက်အောင် လုပ်ပေးပါတယ်။
ကြက်ညှာချောင်းဆိုးဆိုရင်တော့ လိုအပ်ရင် ဆေးရုံတက်ပြီး ပိုးသတ်ဆေးသွင်းရပါမယ်။ ဆုံဆို့နာဆိုရင် စောစောသိရင် အဆိပ်ဖြေဆေး ပေးလို့ရပါတယ်။
တီဘီဆိုရင်တော့ ပိုးသတ်ဆေးတွေပေးပြီး အနည်းဆုံး ၆လကုရပါတယ်။ ဆေးယဉ်ပါးမဖြစ်အောင် စနစ်တကျ သောက်ဖို့ လိုပါတယ်။
လေထဲကနေ ကူးစက်တဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်နိုင်သလဲ။
လေထဲကတဆင့် ကူးစက်တဲ့ ရောဂါတွေက ကူးတာမြန်ပေမယ့် အများစုက ကုသလို့ရပါတယ်။ ခက်တာက ကာကွယ်နည်းပါ။ လေထဲက ကူးတာဖြစ်တဲ့အတွက် ကာကွယ်ရ နည်းနည်းခက်ပါတယ်။ ရာနှုန်းပြည့်ကာကွယ်နိုင်တာ မဟုတ်ပေမယ့် ကူးနိုင်ခြေကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။
- လက်ဆေးပါ။ ပိုးရှိနေတဲ့ ပစ္စည်းတွေကို ကိုင်တွယ်ပြီး မျက်နှာကို ထိရင် ကူးနိုင်တဲ့အတွက် မကြာခဏ လက်ဆေးဖို့လိုပါတယ်။
- နှာချေ၊ ချောင်းဆိုးရင် အုပ်ဆိုးပါ။ သူများကို ရောဂါမကူးအောင် တတ်နိုင်သမျှ ကာကွယ်ရပါမယ်။
- ကာကွယ်ဆေးထိုးပါ။ တော်တော်များများက ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်ပါတယ်။ ဥပမာ ရေကျောက်၊ ဝက်သက်၊ ပါးချိတ်ရောင်၊ ကြက်ညှာချောင်းဆိုး၊ ဆုံဆို့နာ စတာတွေအားလုံး ကာကွယ်ဆေးရှိပါတယ်။ ရာသီတုပ်ကွေးကလည်း နှစ်တိုင်း ကာကွယ်ဆေးထွက်ပါတယ်။ တီဘီရောဂါအတွက်လည်း ဦးနှောက်အမြှေးရောင်တီဘီနဲ့ ပြင်းထန်တီဘီမဖြစ်အောင် ကာကွယ်ဆေးထိုးလို့ရပါတယ်။ ကာကွယ်ဆေးတွေက ရောဂါကို ရာနှုန်းပြည့် ကာကွယ်နိုင်မယ်လို့ အာမမခံနိုင်ပေမယ့် ဖြစ်လာရင်တောင် ပြင်းထန်မှု မရှိတော့ပါဘူး။
Takeaways
လေထဲကနေ ကူးစက်တတ်တဲ့ ရောဂါတွေက အဖြစ်များပါတယ်။ အကူးလည်း လွယ်ပါတယ်။ တချို့ရောဂါတွေဆို အသိနောက်ကျရင် အသက်အန္တရာယ်ရှိပါတယ်။ ကံကောင်းတာက ကုသလို့ရသလို ကာကွယ်ဆေးတွေနဲ့လည်း ကာကွယ်လို့ရပါတယ်။
[embed-health-tool-bmi]