backup og meta

မျှဝေပါ။

ဝက်သက်နဲ့ပတ်သက်ပြီး မှားတတ်တဲ့အတွေးများ

ဝက်သက်ရောဂါက ကူးစက်ပြန့်ပွားနှုန်းမြင့်မားလိုက်ပုံများချောင်းဆိုးတာ၊ နှာချေတာလောက်နဲ့လေထဲကနေကူးနိုင်တာပါ။ ဝက်သက်လက္ခဏာတွေက ဖျားတယ်၊ချောင်းဆိုးတယ်၊ နှာစေးတယ်၊ မျက်စိတွေနီတယ်၊ လည်ချောင်းနာတယ်။ ခုချိန်မှာ ကူးစက်မှုကိုထိန်းထားနိုင်ပေမယ့် အရင်ကဆို ဝက်သက်ပေါက်တယ်ဆိုတာ တစ်သက်မှာတစ်ခါကြုံကိုကြုံဖူးကြမယ့် အခြေအနေတစ်ခုအဖြစ် လူကြီးတွေပြောလေ့ရှိပါတယ်။ ကလေးတွေမှာ ဝက်သက်ပေါက်မယ်၊ ရေများများချိုးပေးမယ်၊ ငယ်တုန်းတစ်ကြိမ် ပေါက်ပြီးရင်ပြီးရော၊ တစ်သက်လုံးအေးဆေးပဲ သူတို့အပြောက။

ဒါပေမယ့် ဝက်သက်မပေါက်အောင်ကာကွယ်တာပိုကောင်းတယ်ဆိုတာ၊ ဝက်သက်က အခန့်မသင့်ရင် အသက်ဆုံးရှုံးရနိုင်တယ်ဆိုတာ လူတိုင်းသိဖို့လိုပါတယ်။နောက်ပြီးတော့ရော ဘာတွေအသိမှားနေသေးလဲ။ ဟိုးအရင်တည်းက အဖြစ်များတဲ့ အတွေးမှားတချို့ကို ဒီကနေပြောပြမယ်နော်။

(၁) ဝက်သက်က ကလေးတွေမှာပဲဖြစ်တတ်တယ်

ဖြစ်နိုင်ခြေနည်းတယ်ဆိုပေမယ့်လူကြီးတွေမှာလည်းဖြစ်တတ်ပြီး ပိုပြင်းထန်တတ်ပါတယ်။ ကာကွယ်ဆေးမထိုးထားဘဲ ငယ်စဉ်မှာလည်း ဝက်သက်မပေါက်ဖူးသေးဘူးဆိုရင် အသက်ကြီးမှ ကူးစက်ခံရတဲ့အခါ ခံစားရတာပိုပြင်းထန်ပြီး အသက်အန္တရာယ်ပါရှိနိုင်ပါတယ်။

(၂) သဘာဝနည်းတွေနဲ့ ကြိုကာကွယ်လို့ရတယ်၊ ကာကွယ်ဆေးမလိုဘူး

ဝက်သက်ကိုဝေဒနာသက်သာစေမယ့်နည်းတွေရှိကောင်းရှိမယ်၊ လုံးဝကြိုတင်ကာကွယ်နိုင်ဖို့ကတော့ လုံလောက်နိုင်မှာမဟုတ်ပါဘူး။ ကာကွယ်ဆေးထိုးခြင်းကသာလျှင် ကူးစက်မခံရအောင် ကာကွယ်တားဆီးနိုင်ဖို့လုပ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကလေးတွေကိုကာကွယ်ဆေးထိုးဖို့အရေးမှာ မိဘတွေဘက်က အကြောင်းအမျိုးမျိုးကြောင့်( အခြေအနေမပေးလို့၊ မအားလပ်လို့၊ ဘယ်မှာဘယ်လိုဆေးထိုးရမှန်းမသိလို့၊ ကျန်းမာရေးအသိမရှိလို့ စတာတွေအပါအဝင်) ပျက်ကွက်တာတွေရှိတတ်ပါတယ်။

(၃) ဝက်သက်ကာကွယ်ဆေးကြောင့် အော်တစ်ဇင်ဖြစ်နိုင်တယ်

လုံးဝကို မှားတဲ့အတွေးပါ။ ဘယ်ကဘယ်လိုစလဲမသိပေမယ့် ကာကွယ်ဆေးဟာ ကလေးအသက်တစ်နှစ်မပြည့်ခင်မှာထိုးရတာဖြစ်ပြီး အော်တစ်ဇင်ကလေးအများစုဟာလည်း အဲဒီအရွယ်လောက်မှာပဲ လက္ခဏာစပေါ်တတ်တာကြောင့်ဖြစ်နိုင်ပါတယ်။ တိုက်ဆိုင်တယ်ပေါ့။လေ့လာမှုများစွာလုပ်ခဲေ့ပမယ့်လည်း ကာကွယ်ဆေးနဲ့အော်တစ်ဇင်ရောဂါဆက်နွှယ်မှုတစ်ခုမှ မတွေ့ရှိခဲ့ပါဘူး။

(၄) ကာကွယ်ဆေးထိုးဖို့ ကလေးအသက်ငယ်လွန်းတယ်

ကလေးအများစုက အသက်တစ်နှစ်နဲ့တစ်နှစ်ခွဲအတွင်းမှာ ဝက်သက်ကာကွယ်ဆေးထိုးကြတာဖြစ်ပါတယ်။ ဝက်သက်အဖြစ်များတဲ့အနေအထားမျိုးဆိုရင် ကလေးအသက် ၆ လလောက်မှာတည်းကဆေးထိုးဖို့တောင် အကြံပြုတတ်ကြပါတယ်။ တကယ်လို့ အခြေအနေအရ ကလေးကိုဒီထက်စောပြီးဆေးထိုးခဲ့ရရင် အသက် တစ်နှစ်ကျော်ပြီးတဲ့အခါသေချာအောင်နောက်တစ်ကြိမ်ထိုးတာလည်း ရှိတတ်ပါတယ်။

(၅) ကလေးကဖြစ်ဖူးပြီးသားဆိုရင်တောင် ကာကွယ်ဆေးကို ထပ်ထိုးဖို့လိုသေးတယ်

ရေကျောက်လိုမဟုတ်ပါဘူး။ ကာကွယ်ဆေးမထိုးရသေးခင် ဝက်သက်ပေါက်ခဲ့ပြီးဆိုရင်တောင် ဒီဗိုင်းရပ်စ်ကို ခန္ဓါကိုယ်ကရှင်းလင်းပြီးတာနဲ့ ဝက်သက်ကထပ်မဖြစ်တတ်ပါဘူး။

(၆) လက်သေချာဆေးမယ်ဆို ကာကွယ်နိုင်မယ်

ရောဂါကူးစက်မှုတွေ ကာကွယ်နိုင်ဖို့ လက်ဆေးခြင်းက အရေးကြီးတယ်ဆိုပေမယ့်ရောဂါတိုင်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါရှိသူက အခန်းထဲကထွက်သွားပြီးတဲ့နောက်ပိုင်းမှာတောင် ဝက်သက်ဗိုင်းရပ်စ်ပိုးတွေက လေထုထဲမှာ ပျံ့နှံ့ကျန်ရစ်နေနိုင်ပါတယ်။ ပျံ့နှံ့နိုင်စွမ်းမြင့်မားတဲ့ ဒီရောဂါကလေထဲကနေကူးစက်နိုင်ပါတယ်။

နောက်ပြီး ဝက်သက်ရောဂါက ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေလည်းဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်ပေးတဲ့ ကာကွယ်ဆေးအစီအစဉ်တွေမှာ ကလေးကို အချိန်မီကာကွယ်ဆေးထိုးတာ အကောင်းဆုံးပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.emedicinehealth.com/script/main/art.asp?articlekey=186846

Accessed Feb 11, 2019.

https://www.orlandohealth.com/blog/10-common-myths-about-measlesand-the-real-facts

Accessed Feb 11, 2019.

https://kidshealth.org/en/parents/fact-myth-immunizations.html

Accessed Feb 11, 2019.

ယခုပုံစံ

24/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement