backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကြိတ်မှန်ရွက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကြိတ်မှန်ရွက်

အမာရွတ် သက်သာစေဖို့၊ ဆံပင်သန်စေဖို့၊ မျက်ခုံးမွေးနက်အောင်ဆိုပြီး အသုံးပြုကြတဲ့ ကြိတ်မှန်ရွက်က ထွေထွေထူးထူး ပြောစရာမလိုအောင် သိထားပြီး ဖြစ်ပေမယ့် ဒီနည်းလမ်းတွေအပြင် အခြား ဘယ်လို အသုံးဝင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကြိတ်မှန်ရွက် ဘယ်လိုများ ဆေးဖက်ဝင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ကြိတ်မှန်ရွက် ဆိုတာ

ကြိတ်မှန်ရွက်လို့ ဆိုပေမယ့် တကယ်ကတော့ ကြိတ်မှန်ပင် တစ်ပင်လုံး ပဉ္စ ငါးပါးစလုံးက ဆေးဖက်ဝင်တာပါ။ ကြိတ်မှန်ပင်ကို ဆေးဖက်ဝင် တိုင်းရင်းဆေးဝါးအနေနဲ့ အာရှဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ အထူးသဖြင့် ဆံသားနဲ့ အရေပြားအတွက် အသုံးပြုကြတာပါ။  အသည်းကျန်းမာစေဖို့ အသုံးပြုကြတာတွေလည်း ရှိပါတယ်။

နေကြာမျိုးရင်းပင် တစ်မျိုးဖြစ်ပြီး False Daisy လို့လည်း သိကြပါတယ်။ သိပ္ပံ နာမည်က Eclipta prostrata ပါ။

တော်တော်များများကတော့ ကြိတ်မှန်ရွက်ဟာ အိန္ဒိယတိုက် မျိုးရင်းပင်လို့ ယုံကြည်ကြပါတယ်။ အပူပိုင်းနိုင်ငံတွေမှာ ပေါက်ရောက်ပါတယ်။ ဘရာဇီး၊ ထိုင်း၊ တရုတ်နိုင်ငံတွေမှာ ပေါက်ရောက်ကြသလို မြန်မာနိုင်ငံမှာလည်း အလေ့ကျသဘောနဲ့ ပေါက်ရောက်ပါတယ်။

နေကြာပန်းလို ပန်းသေးသေးလေး ပွင့်တတ်ပြီး အရောင်ကတော့ နေရာဒေသကို လိုက်လို့ အနီ၊ အပြာ၊အဝါ၊ နို့နှစ်ရောင်ဆိုပြီး အမျိုးမျိုး ကွဲပြားပါတယ်။ အရွက်လေးတွေက စိမ်းပြီး ရှည်မြောမြောလေးတွေပါ။ ရွက်ဆိုင်လေးတွေ ပေါက်တာပါ။ ရိုးတံက နီနီလေးနဲ့ ကျစ်ကျစ်လေးပါ။

ကြိတ်မှန်ရွက် အသုံးပြုပုံများ

ကြိတ်မှန်ရွက်

ကြိတ်မှန်ရွက်ကို ဘယ်လို အသုံးပြုကြသလဲ။ ဘာတွေအတွက် အသုံးပြုကြသလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

  • အသည်း ကျန်းမာစေတယ်

ကြိတ်မှန်ရွက်ကို အသည်းရောင်တာအတွက် အသုံးပြုကြပါတယ်။ အသည်းကျန်းမာစေပြီး အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ အသည်းရောင်တာက နောက်ပိုင်းမှာ အသားတွေပါ ဝါလာစေပါတယ်။

ကြိန်မှန်ရွက်ကတော့ အသည်းကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တယ်လို့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ယုံကြည်ခဲ့ကြတာပါ။

  • အစာအိမ် ကျန်းမာစေတယ်

ကြိတ်မှန်ရွက်ရဲ့ ကျန်းမာရေး အာနိသင် တစ်ရပ်က အစာခြေစနစ် နဲ့ အစာအိမ်ကို ကျန်းမာစေတာပါ။ အစာမကြေတာ၊ ဝမ်းချုပ်တာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ကြိတ်မှန်ရွက်မှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အော်ဂဲနစ်ဒြပ်ပေါင်းများစွာ ပါဝင်နေပါတယ်။

  • ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်

ကြိတ်မှန်ရွက် သတ္တုရည်က ကင်ဆာကုသမှုအတွက် အထောက်အကူပြုနိုင်ပါတယ်။ ကြိတ်မှန်ရွက်က ကင်ဆာဆဲလ်တွေ ပွားတာကို လျှော့ချပေးနိုင်ပြီး ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်တာကို ဟန့်တားပေးပါတယ်။ ဆဲလ်တွေ ကွဲပွားတာ သန္ဓေပြောင်းတာတွေ မဖြစ်အောင် တားဆီးပေးပါတယ်။

  • အူမကြီးရောင်တာကို သက်သာစေနိုင်တယ်

ကြိတ်မှန်ရွက်ကို လိပ်ခေါင်းရောဂါ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရောင်ကျစေနိုင်သလို အကိုက်အခဲ သက်သာစေနိုင်ပါတယ်။ လိပ်ခေါင်းကြောင့် နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

  • ဆံသားကျန်းမာစေတယ်
  • ဆံပင်ပါးတာ၊ ဦးရေပြား ဗောက်ထတာ၊ ဆံပင်ကျွတ်တာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဦးရေပြားကို အစိုဓာတ် ထိန်းပေးပြီး ဦးရေပြားခြောက်သွေ့မှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဆံပင်အသစ်ပေါက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဆံပင်ကို အဖျားကနေ အရင်းအထိ အားဖြည့်ပေးပါတယ်။
    • ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်

    ကြိတ်မှန်ရွက်မှာ ဘက်တီးရီးယားတွေ နဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်တွေရှိပါတယ်။ ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်ပေးနိုင်သလို ဆီးလမ်းကြောင်း ပိုးဝင်နေတာကိုလည်း ထိထိရောက်ရောက် သက်သာစေပါတယ်။ ဆီးအိမ် ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။

    • အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

    အသက်ရှူလမ်းကြောင်း ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ ချောင်းဆိုးတာလိုမျိုး ကျန်းမာရေးပြဿနာတွေ သက်သာစေဖို့လည်း ကြိတ်မှန်ရွက်ကို အသုံးပြုကြပါတယ်။ ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်တာမျိုး မဖြစ်အောင် ထောက်ကူပေးပါတယ်။ အသက်ရှူလမ်းကြောင်းထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးပါတယ်။

    • မျက်လုံးကျန်းမာစေတယ်

    ကယ်လ်ရိုတင်း ကြွယ်ဝစွာ ပါဝင်တာကြောင့် ကြိတ်မှန်ရွက်က မျက်လုံးတွေကို ကျန်းမာစေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်နေတာက မျက်လုံးကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရေတိမ်ဖြစ်တာ၊ အတွင်းတိမ်ဖြစ်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အမြင်အာရုံ ပြဿနာတွေကို ကျန်းမာစေပါတယ်။

    • အသားအရေ ကျန်းမာစေတယ်

    မီးပူလောင်၊ ဆီပူလောင်တာကြောင့် အရေပြားမှာ အမာရွတ် ကျန်းမာတွေကို သက်သာစေဖို့လည်း ကြိတ်မှန်ရွက် သတ္တုရည်ကို အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။

    ဘေးထွက်ဆိုးကျိုး

    ဘေးထွက်ဆိုးကျိုးရယ်လို့ ကြီးကြီးမားမား မရှိပါဘူး။ တစ်ခု သတိထားရမှာကတော့ အလွန်အကျွံ မသုံးဖို့ပါ။ အရင်က သုံးဖူးပြီး ဓာတ်မတည့်ပြဿနာဖြစ်ဖူးရင်လည်း ထပ်မသုံးသင့်ပါ။

    သတိပြုရန် အချက်များ

    ကြိတ်မှန်ရွက်ကို အရေပြားပေါ်မှာ ဦးရေပြားမှာ တိုက်ရိုက်အသုံးပြုမယ်ဆိုရင် ဓာတ်တည့် မတည့် အရင်စမ်းဖို့ လိုပါတယ်။ သောာက်မယ်ဆိုရင်တော့ ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရမယ်။ ကိုယ်ဝန်ဆောင်ဖြစ်မယ်။ နို့တိုက်မိခင် ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။

    ကြိတ်မှန်ရွက်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement