backup og meta

တံတောင်ဆစ် တွေ မည်းတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 22/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တံတောင်ဆစ် တွေ မည်းတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

    လူတော်တော်များများ ရေချိုးရင် တံတောင်ဆစ် ၊ ဒူးခေါင်းတွေကို သေချာတိုက်ချွတ်ဖို့ မေ့တတ်ကြပါတယ်။ နေရောင်ခြည်ထဲ မကြာခဏ နေရောင်ကာလိမ်းဆေး မပါဘဲ ထွက်တာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာတွေ ပေါင်းလိုက်တော့ အဲ့ဒီနေရာတွေက ဆဲလ်အသေတွေ စုပြုံလာပြီး မည်းလာတော့တာပေါ့။ များသောအားဖြင့် တံတောင်ဆစ်မည်းတယ်ဆိုတာ ကျန်းမာရေးပြဿနာ ကြီးကြီးမားမားရှိတာမျိုး မဟုတ်လို့ သိပ်တော့ စိတ်ပူဖို့ မလိုပါဘူး။

    တံတောင်ဆစ် မည်းရခြင်း အကြောင်းရင်း

    ၁။ တံတောင်ဆစ် တစ်ဝိုက်မှာ ပျက်စီးသွားတဲ့ ဆဲလ်အသေတွေ စုပြုံလာတာ

    ၂။ ခရမ်းလွန်ရောင်ခြည်ဒဏ်ေကြာင့် နဂိုအသားအရောင် ပျောက်ပြီး အရောင်မှိန်လာတာ

    ၃။ သန္ဓေတားဆေးတွေ သောက်သုံးခြင်း

    ၄။ တင်းတိပ်၊ မှဲ့ခြောက်နဲ့ အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ အရေပြား အမည်းစက်လေးတွေ

    ၅။ ကိုယ်ဝန်အစောပိုင်းကာလ၊ မီးဖွားပြီးချိန် ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေခြောက်သွေ့လာခြင်း

    ၆။ အရေပြားဆဲလ်တွေ လျင်မြန်စွာဖြစ်တည်လာပြီး အကြေးခွံကဲ့သို့ ထလာတဲ့ အရေပြားရောဂါ (Psoriasis)

    ၇။ အရေပြားနှင်းခူရောဂါ

    ၈။ တံတောင်ဆစ်ကို ပြင်းပြင်းထန်ထန် ထိခိုက်ပြီးနောက်မှာ အမာရွတ်အနေနဲ့ ကျန်ခဲ့ပြီး အရေပြားမည်းညစ်လာတာ အစရှိတဲ့အကြောင်းရင်းတွေကြောင့် တံတောင်ဆစ်တွေ မည်းလာနိုင်ပါတယ်။ အသားဖြူတဲ့သူတွေထက် နဂိုအသားအရောင် ညို၊ မည်းတဲ့သူတွေမှာ တံတောင်ဆစ် အရေပြားဆဲလ် မည်းနိုင်ခြေ ပိုများပါတယ်။

    တံတောင်ဆစ် မည်းတာ သက်သာစေမယ့် အိမ်တွင်းဆေးလေးတွေ

    တံတောင်ဆစ်မည်းခြင်းဟာ စိုးရိမ်စရာ ကျန်းမာရေးအခြေအနေတစ်ခု မဟုတ်ပေမဲ့ အတိုအပြတ်လေးတွေ ဝတ်တော့မယ်ဆိုရင်တော့ ကိုယ့်စိတ်ကိုယ် မလုံသလို၊ ရှက်သလို ခံစားနေရနိုင်တာပေါ့။ အလှအပရေးရာအတွက် အကောင်းဆုံးနဲ့ အလွယ်ကူဆုံး အိမ်တွင်းပစ္စည်းလေးတွေနဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ပြောပြပေးမယ်နော်။

    ၁။ ရှားစောင်းလက်ပပ်

    သဘာဝ ရှားစောင်းလက်ပပ်က ရတဲ့ အနှစ်တွေဟာ အရေပြားကို အေးမြပြီး ကြည်လင်စေတယ်။ ညိုညစ်ညစ်နေတဲ့ ဖြစ်နေတဲ့ အသားအရောင်ကို မူလအရောင်အတိုင်း ပြန်လည် ဝင်းပလာစေတယ်။ အသားအရေကို အစိုဓာတ်ထိန်းပေးလို့ နွေရာသီမှာ ဖြစ်တတ်တဲ့ နေလောင်ဒဏ်၊ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေပျက်စီးမှာ ပူစရာမလိုတော့ဘူးပေါ့။

    လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပပ်က ရတဲ့ အနှစ်ကို လိမ်းပေးလို့ ရသလို ရှားစောင်းလက်ပပ် ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်၊ ကိုယ်လိမ်း Lotion တွေ အသုံးပြုလို့လည်း ရပါတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ် တံတောင်ဆစ်ကို မှန်မှန်လိမ်းပေးမယ်ဆိုရင်တော့ သိသိသာသာ အသားအရောင် ပြောင်းလဲလာတာကို တွေ့ရမှာပါ။

    တံတောင်ဆစ် တွေ မည်းတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

    ၂။ အချဉ်ဓာတ်ရှိတဲ့ အသီးတွေ

    လိမ္မော်သီး၊ သံပရာသီး အစရှိတဲ့ အသီးအနှံတွေမှာ စစ်ထရစ်အက်ဆစ် (Citrus Acid) သဘာဝအချဉ်ဓာတ်တွေ အများအပြားရှိပါတယ်။ ဒီအချဉ်ဓာတ်တွေမှာ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ကွာကျသွားစေပြီး အသားအရေကို ဝင်းပသွားစေတဲ့ အာနိသင်တွေ ပါဝင်နေပါတယ်။

    အသုံးပြုဖို့အတွက် ကိုယ်ကြိုက်နှစ်သက်ရာ အချဉ်သီးတစ်လုံးကို ခွက်တစ်လုံးမှာ အရည်ညှစ်ထားလိုက်ပါ။ ရလာတဲ့ အရည်ကို ဂွမ်းစ သို့မဟုတ် အဝတ်သန့်သန့်လေးနဲ့ စိမ်ပြီး တံတောင်ဆစ်ကို ဖြည်းဖြည်းချင်း ပွတ်တိုက်ပေးပါ။ ပြီးရင် ရေဆေးချပါ။ ဒီနည်းလမ်းက အသားခြောက်စေတာကြောင့် အစိုဓာတ်ထိန်းကရင်မ် ပြန်လိမ်းဖို့ လိုပါတယ်။ အ‌ရေပြားမှာ ထိခိုက်ရှနာရှိရင်လည်း မသုံးရပါဘူး။

    ၃။ နနွင်းမှုန့်

    အိန္ဒိယလူမျိုးတို့ရဲ့ ဟင်းပွဲတိုင်းမှာ မပါမဖြစ် ထည့်သွင်းတဲ့ ဟင်းခတ်မှုန့်ပါပဲ။ အနံ့ပြင်းလို့ တော်တော်များများက မကြိုက်ကြပေမဲ့ နနွင်းမှုန့်မှာလည်း ဆေးဖက်ဝင်အာနိသင်တွေ ရှိပါတယ်။ အထူးသဖြင့် ရေနည်းနည်းနဲ့ ရောပြီး ရလာတဲ့ အနှစ် ပျစ်ပျစ်လေးကို မည်းနေတဲ့ တံတောင်ဆစ်တွေကို ဖြူစင်ဝင်းပလာစေဖို့ သုံးလို့ရပါတယ်။

    နနွင်းမှုန့်အနှစ်ကို တံတောင်ဆစ်ပေါ်မှာ ခပ်များများ သုတ်လိမ်းထားပြီး ၁၀မိနစ်လောက် ထားထားပေးပါ။ ပြီးသွားရင် ရေနဲ့ ပြောင်အောင် သေချာဆေးပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုတော့ တစ်နေ့တစ်ကြိမ် သုံးပေးရုံနဲ့ လုံလောက်ပါတယ်။

    ၄။ မုန့်ဖုတ်ဆိုဒါ

    ဖြူစင်ဝင်းပစေတဲ့ သဘာဝအစွန်းချွတ်ဆေးအဖြစ် လူသိများတဲ့ မုန့်ဖုတ်ဆိုဒါကို တံတောင်ဆစ်တွေ တိုက်ချွတ်တဲ့ နေရာမှာလည်း အသုံးပြုလို့ ရပါတယ်။ မုန့်ဖုတ်ဆိုဒါက အရေပြားပေါ်က ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျသွားစေပြီး အသားအရောင်ကို ဖြူစင်ဝင်းပလာစေနိုင်ပါတယ်။

    ဘယ်လိုအသုံးပြုရမလဲဆိုရင် ခွက်ထဲကို ကိုယ်လိုသလောက် မုန့်ဖုတ်ဆိုဒါထည့်ပြီး ရေ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ ထည့်ပြီး မွှေပါ။ မွှေရင်းနဲ့ မပျစ်မကျဲအနေအထားလောက် ရလာရင် ရေထည့်တာ ရပ်လိုက်ပါ။ ရလာတဲ့ အနှစ်ကို တံတောင်ဆစ်ပေါ်မှာ သုတ်လိမ်းထားပါ။ ၁၀မိနစ်မှ ၁၅မိနစ်ခန့်ကြာရင် ရေနဲ့ ပြောင်စင်အောင် ဆေးပေးရပါမယ်။ တစ်ပတ်ကို ၂ကြိမ်ထိ သုံးပေးလို့ ရပြီး မျက်နှာအသားအရေပေါ်မှာတော့ အသုံးပြုလို့ မရပါဘူး။

    တံတောင်ဆစ်တွေ မမည်းစေဖို့ ဘယ်လိုကာကွယ်မလဲ။

    ၁။ အပြင်ကို ထွက်တော့မယ်ဆိုရင် တံတောင်ဆစ်ကိုလည်း နေလောင်ကာလိမ်းဆေး လိမ်းသွားပါ။

    ၂။ အဝတ်အစားကို လေဝင်လေထွက်ကောင်းပြီး ချောင်ချိတဲ့ ချည်သားလက်ရှည်တွေ ဝတ်ပေးပါ။

    တံတောင်ဆစ် တွေ မည်းတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

    ၃။ ရေချိုးအပြီးနဲ့ ညအိပ်ခါနီးမှာ အစိုဓာတ်ထိန်းခရင်မ် တစ်ခုခု လိမ်းပေးပါ။

    ၄။ ရေချိုးတဲ့အချိန်မှာလည်း သေချာဆပ်ပြာနဲ့ ကြေးတွန်းပြီး တိုက်ပေးပါ။

    ၅။ တံတောင်ဆစ်နဲ့ စားပွဲခုံကို ဖိပြီး ထိုင်တာ၊ တွန်းတိုက်တာမျိုးတွေ တတ်နိုင်သလောက် ရှောင်ပေးရမယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 22/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement