နှလုံးရောဂါ ဆိုတဲ့ စကားရပ်ထဲမှာ သွေးတိုးတာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ နှလုံး အဆို့ရှင်နဲ့ဆိုင်တဲ့ ရောဂါ၊ လေဖြတ်တာ၊ နှလုံးခုန် စည်းချက်မမှန်တာ၊ နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးကြွက်သားပုပ်တာ စတာတွေ အားလုံး ပါဝင်နေပါတယ်။ နှစ်စဉ် ကမ္ဘာ့ပေါ်မှာ လူဦးရေ ၁၇ သန်းလောက်ဟာ နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးနေရပါတယ်။
နှလုံးရောဂါက အဖြစ်အများဆုံး ကျန်းမာရေး ပြဿနာဖြစ်ပြီး ကင်ဆာက ဒုတိယနေရာမှာ ရှိနေပါတယ်။ ကံကောင်းတာက သုတေသီတွေရဲ့ လေ့လာမှုတွေကြောင့် ဘယ်အချက်တွေက နှလုံးရောဂါ ဖြစ်စေနိုင်ပြီး ဘယ်လို ကာကွယ်ရမလဲဆိုတာတွေကို သိရှိခွင့်ရရှိတာပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်မှာ နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်တိုင် ဆန်းစစ်နိုင်နေပြီ ဖြစ်သလို ကိုယ်တိုင် ဂရုစိုက် ကာကွယ်လို့လည်း ရပါတယ်။
ဒီတစ်ခေါက်တော့ ကိုယ်တိုင်မှာ နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်ကိုယ်တိုင် ဆန်းစစ်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်ကိုယ်တိုင် ဆန်းစစ်လိုက်ပါ
နှလုံးရောဂါဖြစ်နိုင်ခြေရှိလား ကိုယ်ကိုယ်တိုင် ဆန်းစစ်လိုက်ပါ ….. ဘယ်လို ဆန်းစစ်ရမလဲဆိုတာကို လိုက်ပါဖတ်ရှုပြီး အတူတူ ဆန်းစစ်ကြည့်စို့နော်။
နှလုံးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံတွေ
နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံတွေကို နှစ်ပိုင်းခွဲပြီး မှတ်ထားလို့ ရပါတယ်။ ဒါတွေကတော့ နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ ပင်မ အကြောင်းအရင်း နဲ့ နှလုံးရောဂါ ဖြစ်စေအောင် ပံ့ပိုးနေတဲ့ အကြောင်းအရင်း ဆိုပြီးပါ။
နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံတွေ ပိုများလေလေ နှလုံးရောဂါ ဖြစ်နိုင်ခြေကလည်း ပိုများလေလေပါ။ အချို့သော နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံတွေက ပြုပြင်တာ၊ ပြောင်းလဲတာ၊ ကုသတာတွေ လုပ်လို့ရပေမယ့် အချို့ကိုတော့ မရပါဘူး။
နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ ပင်မ အကြောင်းအရင်း
နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ ပင်မ အကြောင်းအရင်းတွေက
သွေးတိုးရောဂါရှိတာက နှလုံးရောဂါ ဖြစ်နိုင်ခြေ များစေသလို ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာတွေ ဖြစ်နိုင်ခြေ များစေပါတယ်။ တကယ်လို့ အဝလွန်နေမယ်၊ ဆေးလိပ်သောက်မယ်၊ သွေးတွင်းကိုလက်စထရော များမယ်၊ ဒါတွေနဲ့အတူ သွေးလည်း တိုးမယ်ဆိုရင်တော့ နှလုံးရောဂါ ဖြစ်နိုင်ခြေ နဲ့ လေဖြတ်နိုင်ခြေက တော်တော်များနေပါပြီ။
သွေးပေါင်ချိန်က ကိုယ်လက်လှုပ်ရှားမှု အတိုင်းအတာ၊ အသက်အရွယ်တွေကို လိုက်ပြီး ကွာခြားနိုင်ပါတယ်။
- သွေးတွင်းကိုလက်စထရော များတာ
သွေးတွင်းကိုလက်စထရော များတာကလည်း နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်း တစ်ရပ်ပါ။ ပြည့်ဝဆီ များတဲ့ အစားအစာတွေ၊ အသားတွေကနေရတဲ့ အဆီတွေက သွေးတွင်းကိုလက်စထရော များစေနိုင်ပါတယ်။
နှလုံးသွေးကြောတွေထဲမှာ အဆီများတာက နှလုံးသွေးကြော ကျဉ်းတာ၊ ပိတ်တာတွေ ဖြစ်စေပြီး နှလုံးဆီ သွေးရောက်ရှိမှု နည်းစေတာကြောင့် ရုတ်တရက် နှလုံးရပ်နိုင်ခြေ များစေပါတယ်။
ဆီးချိုရှိသူတွေကို အသက်ဆုံးရှုံးစေတဲ့ အဓိက အကြောင်းအရင်း တစ်ရပ်က နှလုံးရောဂါပါ။ အမျိုးအစား -၂ ဆိးချိုရှိသူတွေရဲ့ ၆၅ % လောက်က နှလုံးရောဂါကို ခံစားကြရပါတယ်။ ဒါကြောင့် ဆီးချိုရှိမယ်ဆိုရင် နှလုံးကို ပုံမှန် စစ်ဆေးဖို့ လိုပါမယ်။
အဝလွန်နေတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတာက သွေးတွင်းကိုလက်စထရော များတာ၊ သွေးတိုးတာ၊ ဆီးချိုရောဂါတွေကို ဖြစ်စေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေ တိုးစေပါတယ်။
ဒါကြောင့် BMI ကို ပုံမှန် တွက်ချက်ပေးပါ။
ဆေးလိပ်သောက်တာက အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကိုပဲ တိုးစေတာလို့ ထင်စရာ ရှိပေမယ့် နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးသူတွေက သွေးကြောတွေ ပိတ်ဆို့မှုကြောင့် နှလုံး ထိခိုက်ပြီး အသက်ဆုံးရှုံးရပါတယ်။ ဆေးလိပ်မှာပါတဲ့ ကာဗွန်မိုနောက်ဆိုဒ်က နှလုံး ထိခိုက်စေပါတယ်။
ဆေးလိပ်သောက်တာက နှလုံးခုန်နှုန်း မြန်စေပြီး နှလုံးရဲ့ အဓိက သွေးကြောတွေကို တင်းစေသလို နှလုံးစည်းချက် မမှန်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေတွေက နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရ ခက်ခဲစေနိုင်ပါတယ်။ ဆေးလိပ်သောက်တာက သွေးပေါင်ချိန်ကို မြင့်စေတာကလည်း နှလုံး ထိခိုက်ရတဲ့ အကြောင်းအရင်း တစ်ရပ်ပါ။
- ကိုယ်လက်လှုပ်ရှားမှု မရှိတာ
ကိုယ်လက်လှုပ်ရှားမှု နည်းသူတွေ၊ မရှိသူတွေ ရုတ်တရက် နှလုံးရပ်နိုင်ခြေ များပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး သွေးတွင်းကိုလက်စထရောကို ထိန်းပေးပါတယ်။ ဆီးချို မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
အမျိုးသားတွေက အမျိုးသမီးတွေထက် ရုတ်တရက် နှလုံးရပ်နိုင်ခြေ ပိုများပါတယ်။ ဒါပေမယ့် သွေးဆုံးချိန်ရောက်လာပြီး အသက် ၆၅ နှစ်ကျော်လာချိန်မှာတော့ နှလုံးရောဂါ ခံစားရနိုင်ခြေက အတူတူ ဖြစ်လာပါတယ်။ အမျိုးသမီးတွေက နှလုံးသွေးကြောကျဉ်းတာကို အမျိုးသားတွေထက် ခံစားရနိုင်ခြေ ပိုများသလို ပိုလည်း ပြင်းထန်နိုင်ပါတယ်။
မျိုးရိုး ထဲမှာ နှလုံးရောဂါ ခံစားရဖူးသူ ရှိတာ၊ သွေးတိုး၊ ဆီးချို ခံစားဖူးတာတွေ ရှိမယ်ဆိုရင်လည်း မျိုးရိုးလိုက်တတ်ပြီး နှလုံးရောဂါ ခံစားရနိုင်ခြေ များနိုင်ပါတယ်။
အသက်ကြီးလာလေလေ နှလုံးရောဂါ ခံစားရနိုင်ခြေက များလာလေလေပါ။ အသက် ၆၅ နှစ်အထက် ရောက်လာပြီဆိုရင် နှလုံးတွေက ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ နှလုံး ကြွက်သား နံရံထူလာတာ၊ သွေးကြောတွေ တောင့်တင်းတာ၊ ကျဉ်းမြောင်းမာကြောလာတာတွေ ဖြစ်ပြီး နှလုံးက သွေးတွေကို ညှစ်ထုတ်နိုင်စွမ်း ကျလာပါတယ်။ မျိုးပွားဟော်မုန်းတွေကြောင့် အမျိုးသမီးတွေဟာ သွေးမဆုံးမီကာလမှာ နှလုံးရောဂါ ခံစားရနိုင်ခြေနည်းနေပေမယ့် သွေးဆုံးပြီးပြီဆိုရင်တော့ နှလုံးရောဂါ ခံစားရနိုင်ခြေ များလာနိုင်ပါတယ်။
နှလုံးရောဂါ ဖြစ်စေအောင် ပံ့ပိုးနေတဲ့ အကြောင်းအရင်း
နှလုံးရောဂါ ဖြစ်စေအောင် ပံ့ပိုးနေတဲ့ အကြောင်းအရင်းတွေကတော့
စိတ်ဖိစီးတာကလည်း နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ စိတ်ခံစားမှုကြောင့် ရုတ်တရက်နှလုံးရပ်တာအထိ ခံစားရနိုင်ပါတယ်။ နာတာရှည်စိတ်ဖိစီးတာက သွေးတိုးစေနိုင်သလို နှလုံးကို အောင်ဆီဂျင် ပိုမို လိုအပ်စေနိုင်ပါတယ်။ နှလုံးတစ်ရှူးတွေက အောက်ဆီဂျင် ကြွယ်ဝတဲ့ သွေးတွေကို လုံလောက်စွာ မရတဲ့အခါ ရင်ဘတ်အောင့်တာကို ခံစားရနိုင်ပါတယ်။
စိတ်ဖိစီးတာကြောင့် သွေးကြောတွေထဲမှာ သွေးခဲပိတ်ဆို့တာ၊ သွေးတိုးပြီး သွေးကြော နံရံတွေ ပျက်စီးတာ၊ ရုတ်တရက် နှလုံးရပ်တာတွေ ဖြစ်စေနိုင်ပါတယ်။
မျိုးပွားဟော်မုန်းတွေကလည်း နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ အသက် ၄၀ အောက် အမျိုးသမီးတွေမှာ နှလုံးရောဂါ ခံစားရနိုင်ခြေ နည်းပေမယ့် သွေးဆုံးပြီးချိန် အသက် ၆၀ နောက်ပိုင်းမှာ နှလုံးရောဂါ ခံစားရနိုင်ခြေက ပိုများလာပါတယ်။
တားဆေး သောက်ဆေးတွေမှာ estrogen နဲ့ progestin ဟော်မုန်းတွေ ပမာဏ များစွာ ပါဝင်နေတာကြောင့် နှလုံးရောဂါ ခံစားရနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေ တိုးစေနိုင်ပါတယ်။ ဟော်မုန်းပါဝင်မှု နည်းတာတွေတော့ အခုနောက်ပိုင်းမှာ ရှိလာပြီပဲ ဖြစ်ပါတယ်။
အယ်လ်ကိုဟော အလွန်အကျွံ သောက်တာက သွေးတိုးစေပြီး နှလုံးခုန်နှုန်း မမှန်တာ၊ နှလုံးကြွက်သားရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
အခုပြောခဲ့တဲ့ အချက်တွေကို များများ လုပ်မိလေလေ နှလုံးရောဂါ ဖြစ်နိုင်ခြေက ပိုများလေလေပါ။ ဒီအချက်တွေနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်ကိုယ်တိုင် ဆန်းစစ်လိုက်ပါ ……..
Takeaways
နှလုံး ကျန်းမာရေး ကောင်းစေဖို့ နေထိုင်မှုပုံစံကို ပြောင်းလဲရာမှာ စောတယ် နောက်ကျတယ်ရယ်လို့ မရှိပါဘူး။ ဘယ်အချိန်ပဲ စစ နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အချို့သော နှလုံးရောဂါဖြစ်စေနိုင်တဲ့ အခြေအနေတွေကို ထိန်းချုပ်လို့ ရပါတယ်။ အချို့ကတော့ ခြွင်းချက်ပေါ့။ ဒါကြောင့် ကိုယ်တိုင် ထိန်းချုပ်လို့ ရမယ့် အချက်လေးတွေကို ထိန်းချုပ်လိုက်တာက နှလုံးရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်မှာပါ။
# ကျန်းမာစေမယ့် နေထိုင်မှုပုံစံ
[embed-health-tool-heart-rate]