ဆားပမာဏ အများအပြားစားသုံးတဲ့ အခါမှာ အရိုးပွရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးဖိအားပမာဏများပြားခြင်းနဲ့ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများနဲ့ လေသင်တုန်းရောဂါ လိုမျိုး ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ အမေရိကန် နှလုံးကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းရဲ့ လေ့လာချက်အရ ဆိုဒီယမ် ပမာဏ သွေးကြောထဲများပြားနေတဲ့အခါ သွေးကြောထဲကို ရေပမာဏာအများအပြား ရောက်လာပါတော့တယ်။ ဒီလို သွေးပမာဏ မြင့်တက်လာတဲ့အခါ
နှလုံးကနေ ခန္ဓါကိုယ်အနှံ့သွေးတွေ ရောက်ဖို့ အတွက် ပိုပြီး အလုပ်လုပ်ရပါတော့တယ်။
ဒီလို အလုပ်လုပ်ရတဲ့ အခါမှာ သွေးကြောများရဲ့ နံရံများဟာ ပိုကျယ်လာပြီး ပျက်စီးဖို့ ပိုလွယ်လာစေပါတယ်။ သွေးဖိအားများတဲ့ အခါမှာ သွေးလွှတ်ကြောထဲ ဂျိုးများကပ်လာနိုင်ပြီး လေဖြတ်ခြင်း၊ နှလုံးရောဂါ အပြင် တစ်ခြားသော ကျန်းမာရေး ပြဿနာ များစွာ ဖြစ်လာနိုင်ပါတယ်။ ဆိုဒီယမ်ရဲ့ ဆိုးကျိုးတွေကို လျော့ပါးစေနိုင်တဲ့ ဓါတ်တစ်ခုကတော့ ပိုတက်ဆီယမ်ဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန် နှလုံးကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း American Heart Association (AHA) က လူတွေကို ဆိုဒီယမ်လျှော့စားတဲ့ အချိန်မှာပဲ ပိုတက်စီယမ် ပါဝင်တဲ့ အစားအစားတွေကို စားသုံးဖို့ အကြံပေးထားပါတယ်။ ဆိုဒီယမ်ဟာ ကိုယ်ခံစားစနစ်ကိုလည်း အလွန်ကျွံ လှုံ့ဆော်နိုင်ပြီး ကိုယ်ခံအားစနစ်က အလွန်အကျွံ အလုပ်လုပ်ကာ ကောင်းမွန်တဲ့ တစ်ရှုးများကို တိုက်ခိုက်ပြီး အရေပြား အနာတွေ ဖြစ်စေနိုင်တဲ့ Lupus ရောဂါ၊ ကြွက်သားမာကြောခြင်း၊ ဓါတ်မတည့်ခြင်းနဲ့ တစ်ခြားသောဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။
လူတစ်ယောက် ဆားပမဏ ဘယ်လောက်စားပေးရမလဲ။
အမေရိကန်နိုင်ငံရဲ့ စစ်တမ်းများအရတော့ အမေရိကန်တစ်ယောက်ဟာ တစ်နေ့ကို ဆိုဒီယမ် ပမာဏ ၃.၄ ဂရမ် (၃၄၀၀ မီလီဂရမ်) စားသုံးလျက်ရှိနေကြောင်းသိရပါတယ်။ ဆားမှာ ဆိုဒီယမ်က ၄၀ ရာခိုင်နှုန်းပါဝင်နေတဲ့အတွက် ဆားပမာဏနဲ့ တွက်မယ်ဆိုရင် ဆား ၈.၅ ဂရမ် (၈၅၀၀ မီလီဂရမ်) စားသုံးနေတာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းနဲ့ အမေရိကန် နှလုံးကျန်းမာရေးဆိုင်ရာ အဖွဲ့တို့ရဲ့ အဆိုအရ လူတစ်ယောက်ဟာ တစ်နေ့ကို ဆိုဒီယမ် ပမာဏ ၁.၅ ဂရမ် ( ၁၅၀၀ မီလီဂရမ်) ထက်ပိုမစားသင့်ကြောင့် ထောက်ခံထားပါတယ်။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းဟာ ၄ ဂရမ်နီးပါးခန့်ပါဝင်တဲ့ အတွက် တစ်နေ့ကို လက်ဖက်ရည်ဇွန်း တစ်ဝက်ထက် ပိုမစားသင့်ပါဘူး။ အထူးသဖြင့် သွေးဖိအားမြင့်မားတဲ့သူတွေ၊ ဆီးချိုရောဂါ ရှိတဲ့လူတွေနဲ့ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါ ရှိသူတွေက တစ်နေ့ကို ဆိုဒီယမ် ပမာဏ ၁၅၀၀ မီလီဂရမ်ထက် ပိုပြီး မစားမိစေဖို့ သတိထားသင့်ပါတယ်။ ဆားမှာ ဆိုဒီယမ်ရော ကလိုရိုက်ရောပါဝင်တဲ့ အတွက် ဆား တစ်ဇွန်းမှာဆိုရင် ဆိုဒီယမ် ပမာဏ
၄၀ ရာခိုင်နှုန်းသာပါဝင်ပါတယ်။ ဒီတော့ သင့်အနေနဲ့ ဆိုဒီယမ် ပမာဏထက် ၂.၅ ဆခန့် ရှိတဲ့ ဆားကို စားသုံးနိုင်ပါတယ်။ တစ်နေ့မှာ ဆိုဒီယမ် ပမာဏ ၁၅၀၀ ခန့်သာစားသင့်တဲ့အတွက် အိမ်သုံးဆား သပ်သပ်တင်မကဘဲ သဘာဝ အစားအစာတွေမှာလည်း ဆိုဒီယမ်တွေ ပါဝင်နေတယ်ဆိုတာကိုလည်း သိထားဖို့လိုပါတယ်။
ဆိုဒီယမ်နဲ့ ဆားဟာ ပင်လယ်ရေထဲမှာ သဘာဝအတိုင်း ပါဝင်နေတဲ့ အပြင်ကို ဆားတောင်တွေမှာလည်း ပုံဆောင်ခဲအနေနဲ့ ပါဝင်နေပါသေးတယ်။ အသင့်စား အစားအစာတွေမှာ ပါဝင်တဲ့ ဆားပမာဏဟာ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေရဲ့၇၅ ရာခိုင်နှုန်း အထိ ပါဝင်နေတဲ့ အတွက်ဆားလျှော့ဖို့ စဉ်းစားမယ်ဆိုရင် ဆားပမာဏ များတဲ့အစားအစာတွေ လျှော့စားဖို့လိုတဲ့အပြင် အသင့်ပြင်အစားအစာတွေကိုလည်း လျှော့စားဖို့လိုပါလိမ့်မယ်။ ကျွန်တော်တို့ ဒီနေ့စားသုံးနေတဲ့ ဆားပမာဏ အများစုဟာ ကြိုတင်ထုတ်လုပ်ပြီးသားအစားအစာနဲ့ အသင့်ပြင် အစားအစာတွေကနေ ရေခဲစိမ်ကြက်သားတွေ အထိ ပါဝင်နေပါတယ်။ ဒါအပြင့် သဘာဝ အတိုင်း ဖြစ်နေတဲ့ အစားအစာတွေမှာလည်း ဆိုဒီယမ်နဲ့ ဆားပါဝင်နိုင်ပါတယ်။ အဲ့လို အစားစာတွေကတော့ အသားစိမ်းများ၊ ပင်လယ်စာများ၊ ဥများ၊ အသီးအရွက်တစ်ချို့နဲ့ နို့ထွက်အစားအစာတွေ ဖြစ်ပါတယ်။ ဘယ်လို ဆားအမျိုးအစားပဲ ဖြစ်ဖြစ် ဆိုဒီယမ် ပမာဏ ၄၀ ရာခိုင်နှုန်း အထိပါဝင်ပြီးပိုတက်ဆီယမ်နဲ့ တစ်ခြားသောဓါတ်သတ္တုတွေ ပမာဏ အနည်းငယ်သာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ဆားကို ပုံမှန်ပမာဏအတွင်းသာစားသုံးသင့်ပါတယ်။ သဘာဝ အစားအစာတွေထဲ ဆိုဒီယမ် ပါဝင်နှုန်းကတော့-
- ကြက်ဥတစ်လုံးမှာ ဆိုဒီယမ် ၁၄၀ မီလီဂရမ် ခန့်ပါတယ်။
- နို့ ၃၀ ဂရမ်ခန့်မှာ ဆိုဒီယမ် ၁၈၀ မီလီဂရမ် ခန့်ပါဝင်ပါတယ်။
- သာမန် ဒိန်ချဉ် ၂၀၀ ဂရမ်မှာ ဆိုဒီယမ် ၄၀ မီလီဂရမ် ပါဝင်ပါတယ်။
- အဆီနည်း သဘာဝ ဒိန်ချဉ်မှာဆိုရင် ဆိုဒီယမ် ၇၆ မီလီဂရမ်ပါဝင်ပါတယ်။
- တရုတ်နံနံ ၅၀ ဂရမ်မှာဆိုရင် ဆိုဒီယမ် ၁၄၀ မီလီဂရမ် ပါဝင်ပါတယ်။
တစ်ခြားသော အသီးအနှံတွေကတော့ ဆိုဒီယမ် ပမာဏ နည်းပါးပါတယ်။ ဒါပေမဲ့ စည်သွပ်ထားတဲ့ အသီးအရွက်တွေမှာတော့ ဆားတွေ ထည့်ထားနိုင်တဲ့အတွက် ဆိုဒီယမ် ပမာဏ မြင့်မားနေနိုင်ပါတယ်။ ဒါ့ကြောင့် စည်သွပ်ထားတဲ့ အစားအစာတွေမှာဆားပမဏ ပိုထပ်ထည့်စရာမလိုပါဘူး။ တစ်နှစ်ရွယ်အောက်ကလေးတွေရဲ့ ကျောက်ကပ်တွေကလည်း လုံလုံလောက်လောက် မဖွံ့ဖြိုးသေးတဲ့အတွက် ကလေးကျွေးတဲ့အစားအစာထဲမှာ ဆားလုံးဝ မထည့်သင့်ပါဘူး။ ဆားဟာ အစားအစာတိုင်းမှာ ပါဝင်နေနိုင်တဲ့အတွက် ကျွန်တော်တို့ တစ်နေ့တစ်နေ့ ဆားဘယ်လောက်စားနေလဲဆိုတာကိုအတိအကျသိရဖို့ ခက်ပါတယ်။ အထူးသဖြင့် လူတွေစားသုံးနေတဲ့ ဆားပမာဏဟာ ဆားဗူးထဲမှ တိုက်ရိုက်စားသုံးကြတာ မဟုတ်ဘဲ အသင့်စားအစားတွေမှ လာတာဖြစ်ပါတယ်။ ဒါကြောင့် အသင့်စား အစားအစာတွေ စားသုံးတဲ့အခါ အစားအစာ ပါဝင်နှုန်းပြထားတဲ့နေရာမှာ ဆားပမာဏ၊ ဆိုဒီယမ် ပမာဏ ဘယ်လောက်ပါဝင်လဲဆိုတာ သိရဖို့ အတွက် စစ်ဆေးသင့်ပါတယ်။ ဆားမှာ ဆိုဒီယမ်က ၄၀ ရာခိုင်နှုန်းပါဝင်တဲ့အတွက် အစာအစား ပါဝင်နှုန်းစာရွက်မှာ ဆားအစား ဆိုဒီယမ်လို့ ပြထားမယ်ဆိုရင် ဆားပမာဏကို သိရဖို့အတွက် ၂.၅ နဲ့ မြှောက်မှ ဆားရဲ့ ပမာဏကို ရလာမှာ ဖြစ်ပါတယ်။ ဥပမာ အသင့်စား အစား ၁၀၀ ဂရမ်မှာ ဆိုဒီယမ် ၁ ဂရမ် ပါဝင်မယ်ဆိုရင် ဒီအစားအစာထဲမှာ ပါဝင်တဲ့ ဆားပမာဏဟာ ၂.၅ ဂရမ် ဖြစ်ပါတယ်ယ။ ဒီလို လိုက်တွက်နေရတာ အလုပ်ရှုပ်ကောင်း ရှုပ်နိုင်ပေမဲ့ ကျန်းမာရေး အညွှန်းတွေက ဆားအစား ဆိုဒီယမ်ကိုသာ ဖော်ပြတာ ဖြစ်တာကြောင့် ဆိုဒီယမ် ပမာဏကို သိရဖို့က အရေးကြီးပါတယ်။ အစားအစာတစ်ခုက ဆိုဒီယမ် လုံးဝ မပါဝင် ဘူးလို့ဆိုထားရင်တောင် အနည်းဆုံးတော့ ဆိုဒီယမ် ၅ မီလီဂရမ် (ဝ.၀၀၅ ဂရမ်) ကတော့ ပါဝင်နိုင်ပါသေးတယ်။ သဘာဝ အသားငါးတွေ၊ အသီးအရွက်တွေနဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း ဆားပါဝင်နိုင်တဲ့အတွက် အာဟာရ ဗေဒဆိုင်ရာပညာရှင်တွေကတော့ ဆားပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ဖို့ ညွှန်းဆိုထားကြပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။