Salt ဆိုတာ စကားလုံး လက်တင်စကား Sal မှ ဆင်းသက်လာတာပါ။ Sal ရဲ့ လက်တင် အဓိပ္ပါယ်ကလည်း ဆားပါပဲ။ ဆားဟာ တစ်ချိန်က အဖိုးတန်တဲ့ ရှားပါးပစ္စည်းတစ်ခုဖြစ်ကာ ငွေကြေးပစ္စည်း တစ်ခု အဖြစ် အသုံးပြုခဲ့ကြပါတယ်။ လစာဆိုတဲ့ အင်္ဂလိပ်စကား Salary ဟာ Salt ဆိုတဲ့ စကားမှ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဆားကို အရင်ခေတ်ကာလကတည်းက အစားအသောက် အရသာ အတွက်နဲ့ အစားအစာတွေ ကြာရှည်ခံစေရန် အတွက် အသုံးပြုခဲ့ကြပါတယ်။ ဒါ့အပြင်ကို ဆားကို သားရေနယ်တဲ့ လုပ်ငန်း၊ ဆိုးဆေးလုပ်ငန်း၊ အရောင်ချွတ်ခြင်း လုပ်ငန်း၊ အိုးထုတ်လုပ်ခြင်း၊ ဆပ်ပြာနဲ့ ကလိုရင်း ထုတ်လုပ်ရာမှာလည်း အသုံးပြုခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာ ဓါတု စက်မှုလုပ်ငန်းတွေမှာ ဆားကို ကုန်ကြမ်း ပစ္စည်း အဖြစ် ကျယ်ပြန့်စွာ အသုံးပြုလျက် ရှိပါတယ်။
မြန်မာနိုင်ငံမှ လူအများစုက ပင်လယ်ရည်ထွက် ပစ္စည်းတွေဖြစ်တဲ့ ဆား၊ ငါးပိ၊ ငါးဆားနယ်၊ ပင်လယ်ငါးခြောက် စတဲ့ ဆားပါဝင်မှု မြင့်မားတဲ့ အစားအစာတွေကို စားသုံးလေ့ရှိကြပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ ဆား စားသုံးမှုလွန်ကဲခြင်းကြောင့်ဖြစ်ရတဲ့ ရောဂါ ဖြစ်ပွားနှုန်းမြင့်ပါတယ်။ ခန္ဓါကိုယ် အရည်ဓါတ် ဟန်ချက် ညီမျှနေစေဖို့၊ ကြွက်သား လုပ်ဆောင်ချက်နဲ့ အာရုံကြော လုပ်ဆောင်ချက်တွေ ကောင်းမွန်စေဖို့အတွက် လူတိုင်း ဆားစားသုံးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဆားပမာဏ များစွာ စားသုံးခြင်းက ကျွန်တော်တို့ ကျန်းမာရေးအတွက် ဆိုးကျိုး ဖြစ်စေတယ်ဆိုတာ လူတော်တော်များများလည်း သိကြပါတယ်။ ဒီတော့ ကျွန်တော်တို့ ဆားပမာဏ ဘယ်လောက်များများ စားသင့်သလဲဆိုတာ မိတ်ဆွေ သိပါသလား။
လူသားတွေရဲ့ ခန္ဓါကိုယ်ဟာ ဆိုဒီယမ် ပမာဏ ပါဝင်မှုအနိမ့်အမြင့်ကို ထိန်းညှိပေးနေပါတယ်။ အကယ်၍ ဆိုဒီယမ် ပမာဏ အရမ်းများနေမယ်ဆိုရင် ရေဆာလာပြီး ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေ မြန်နှုန်းမြင့်လာကာ ပိုနေတဲ့ ဆိုဒီယမ်ကို ဖယ်ရှားဖို့ လုပ်ဆောင်ပါတော့တယ်။ ဒီလို ဆိုဒီယမ် ပမာဏ များတဲ့အခါ ကျောက်ကပ် ကျောက်တည်ပြီး သွေးဖိအားမြင့်လာကာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဆိုဒီယမ် ပမာဏ အရမ်းနည်းနေမယ်ဆိုရင်လည်း သင့်ရဲ့ သွေးထဲမှာ ဆိုဒီယမ် သိပ်သည်းဆက အဆမတန် နည်းပါးနေတဲ့ အခါမှာ ဖြစ်ပွားတဲ့ Hyponatremia ဆိုတဲ့ ဆားဓါတ်ချို့တဲ့တဲ့ ရောဂါ၊ မူးဝေခြင်း၊ အမြင်ရှုပ်ထွေးခြင်း၊ ကြွက်သားများ အကြောဆွဲခြင်းနဲ့ လေသင်တုန်း ဖြတ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။
ကျွန်တော်တို့အားလုံး အိမ်သုံးဆားဟာ ဆိုဒီယမ် ကလိုရိုဒ် (Na Cl) ဖြစ်ကြောင်း သိကြပါတယ်။ ဆားမှာ ဆိုဒီယမ် ၄၀ ရာခိုင်နှုန်းနဲ့ ကလိုရင်း ၆၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဆား ၁၀ ဂရမ်စားသုံးလိုက်တိုင်း ခန္ဓါကိုယ်ထဲကို ဆိုဒီယမ် ၄ ဂရမ် ရောက်သွားတာပါ။ ကျန် ၆၀ ရာခိုင်နူန်းကတော့ ကလိုရင်း ဖြစ်ပါတယ်။ ဆိုဒီယမ်ဟာ ဆားရဲ့ ၄၀ ရာခိုင်နှုန်း အဖြစ်ပါဝင်နေတဲ့ အတွက် အစားအစာတစ်ခုရဲ့ အညွန်းထဲမှာ ဆားအစား ဆိုဒီယမ် လို့ပြထားမယ်ဆိုရင် ဒီအဖြေကို ၂.၅ နဲ့မြှောက်ပြီးမှသာ ဆားပမာဏကို သိနိုင်မှာ ဖြစ်ပါတယ်။
ဆိုဒီယမ်ဟာ လျှပ်လိုက်ရည်ဖြစ်ပြီး ခန္ဓါကိုယ်အတွင်းရှိ ဆဲအတွင်းနဲ့အပြင်က အရည်ပမာဏကိုစီးနိုင်အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။ ခန္ဓါကိုယ်တွင်းရေပမာဏနဲ့ ဆိုဒီယမ် ပမာဏဟာ နှလုံးကျန်းမာရေး၊ အသည်း ကျန်းမာရေးနဲ့ ကျောက်ကပ်ကျန်းမာရေးတို့အတွက် အရေးကြီးပါတယ်။ ဆိုဒီယမ်ဟာ ခန္ဓါကိုယ်အရည်တွေကို ထိန်းချုပ်ပေးပြီး သွေးဖိအား နည်းခြင်းကိုလည်း တားဆီးပေးပါတယ်။ တစ်ခါတစ်ရံ ရေ အများအပြား သောက်သုံးတဲ့အခါမှာလည်း
ခန္ဓါကိုယ်အတွင်းက ဆိုဒီယမ်တွေ အားပျော့သွားတဲ့အတွက် ဆိုဒီယမ် ချို့တဲ့ တဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့ အခါမျိုးမှာတော့ ဆီးရွှင်စေတဲ့ ဆေးတွေကို သောက်သုံးပြီး ခန္ဓါကိုယ်အတွင်းက အရည်ပမဏကို လျှော့ချနိုင်ပါတယ်။ ခန္ဓါကိုယ်တွင်းဆိုဒီယမ် ပမာဏကို နည်းပါးစေနိုင်တဲ့ တစ်ခြားသော အကြောင်းရင်းတွေကတော့
- အဒရီနယ် ဂလင်းမှ ဟော်မုန်းတွေ လုံလုံလောက်လောက်မထုတ်ပေးနိုင်တဲ့အခါ ဲဖြစ်ပွားတဲ့ Addison’s ရောဂါ၊
- အူသိမ်အတွင်း ပိတ်ဆို့မှု ဖြစ်နေခြင်း၊
- ဝမ်းလျှောခြင်းနဲ့ ပျို့အန်ခြင်း
- လည်ပင်းရှေ့က လိပ်ပြာပုံစံ သွိုင်းရိုက် ဂလင်း (thyroid) အလုပ်မလုပ်ခြင်း၊
- နှလုံးပုံမှန် အလုပ်မလုပ်ခြင်း၊
- ရေအများအပြားသောက်သုံးခြင်း၊
- အပူလောင်ခြင်းတို့ ဖြစ်ပါတယ်။
ခန္ဓါကိုယ်အတွင်း ဆိုဒီယမ် ပမဏ ကျဆင်းသွားမယ်ဆိုရင် လူတစ်ယောက်ရဲ့ ဦးနှောက်လုပ်ဆောင်ချက်ကို ထိခိုက်လာမှာဖြစ်ပြီး အဲ့ဒီလူအနေနဲ့ နှေးကွေးပြီး နှုံးကျသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြွက်သား အကြောဆွဲခြင်း ၊ လေသင်တုန်း ဖြတ်ခြင်း၊ သတိမေ့ခြင်း၊ မေ့မြောခြင်း (Coma) နဲ့ သေဆုံးခြင်း အထိပါ ဖြစ်စေနိုင်ပါတယ်။
ဆိုဒီယမ် ပမာဏ ကျဆင်းသွားတဲ့အခါ မှာ ဖြစ်ပျက်တဲ့ အချိန်က တော်တော်လေးကို မြန်ပါတယ်။ လေ့လာချက်တစ်ခုအရတော့ ကြွက်များဟာ ဆိုဒီယမ် ပမာဏ နည်းပါးသွားတဲ့ အခါမှာ သူတို့တွေဟာ သူတို့ ပုံမှန်လုပ်ဆောင်နေကြ လုပ်ဆောင်ချက်တွေ မလုပ်ကြတော့ ကြောင်းတွေ့ခဲ့ရပါတယ်။ ဒါကြောင့် လေ့လာသူတွေကတော့ ဆိုဒီယမ်ဟာ စိတ်ဓါတ်ကျခြင်းကို ကုသနိုင်တဲ့ ဆေးနည်းတစ်ခုအဖြစ် လုပ်ဆောင်နိုင်တယ်လို့ ဆိုထားပါတယ်။
ဆားပမာဏ အများအပြားစားသုံးတဲ့ အခါမှာ အရိုးပွရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးဖိအားပမာဏများပြားခြင်းနဲ့ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများနဲ့ လေသင်တုန်းရောဂါ လိုမျိုး ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ အမေရိကန် နှလုံးကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းရဲ့ လေ့လာချက်အရ ဆိုဒီယမ် ပမာဏ သွေးကြောထဲများပြားနေတဲ့အခါ သွေးကြောထဲကို ရေပမာဏာအများအပြား ရောက်လာပါတော့တယ်။ ဒီလို သွေးပမာဏ မြင့်တက်လာတဲ့အခါ
နှလုံးကနေ ခန္ဓါကိုယ်အနှံ့သွေးတွေ ရောက်ဖို့ အတွက် ပိုပြီး အလုပ်လုပ်ရပါတော့တယ်။
ဒီလို အလုပ်လုပ်ရတဲ့ အခါမှာ သွေးကြောများရဲ့ နံရံများဟာ ပိုကျယ်လာပြီး ပျက်စီးဖို့ ပိုလွယ်လာစေပါတယ်။ သွေးဖိအားများတဲ့ အခါမှာ သွေးလွှတ်ကြောထဲ ဂျိုးများကပ်လာနိုင်ပြီး လေဖြတ်ခြင်း၊ နှလုံးရောဂါ အပြင် တစ်ခြားသော ကျန်းမာရေး ပြဿနာ များစွာ ဖြစ်လာနိုင်ပါတယ်။ ဆိုဒီယမ်ရဲ့ ဆိုးကျိုးတွေကို လျော့ပါးစေနိုင်တဲ့ ဓါတ်တစ်ခုကတော့ ပိုတက်ဆီယမ်ဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန် နှလုံးကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း American Heart Association (AHA) က လူတွေကို ဆိုဒီယမ်လျှော့စားတဲ့ အချိန်မှာပဲ ပိုတက်စီယမ် ပါဝင်တဲ့ အစားအစားတွေကို စားသုံးဖို့ အကြံပေးထားပါတယ်။ ဆိုဒီယမ်ဟာ ကိုယ်ခံစားစနစ်ကိုလည်း အလွန်ကျွံ လှုံ့ဆော်နိုင်ပြီး ကိုယ်ခံအားစနစ်က အလွန်အကျွံ အလုပ်လုပ်ကာ ကောင်းမွန်တဲ့ တစ်ရှုးများကို တိုက်ခိုက်ပြီး အရေပြား အနာတွေ ဖြစ်စေနိုင်တဲ့ Lupus ရောဂါ၊ ကြွက်သားမာကြောခြင်း၊ ဓါတ်မတည့်ခြင်းနဲ့ တစ်ခြားသောဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။
လူတစ်ယောက် ဆားပမဏ ဘယ်လောက်စားပေးရမလဲ။
အမေရိကန်နိုင်ငံရဲ့ စစ်တမ်းများအရတော့ အမေရိကန်တစ်ယောက်ဟာ တစ်နေ့ကို ဆိုဒီယမ် ပမာဏ ၃.၄ ဂရမ် (၃၄၀၀ မီလီဂရမ်) စားသုံးလျက်ရှိနေကြောင်းသိရပါတယ်။ ဆားမှာ ဆိုဒီယမ်က ၄၀ ရာခိုင်နှုန်းပါဝင်နေတဲ့အတွက် ဆားပမာဏနဲ့ တွက်မယ်ဆိုရင် ဆား ၈.၅ ဂရမ် (၈၅၀၀ မီလီဂရမ်) စားသုံးနေတာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းနဲ့ အမေရိကန် နှလုံးကျန်းမာရေးဆိုင်ရာ အဖွဲ့တို့ရဲ့ အဆိုအရ လူတစ်ယောက်ဟာ တစ်နေ့ကို ဆိုဒီယမ် ပမာဏ ၁.၅ ဂရမ် ( ၁၅၀၀ မီလီဂရမ်) ထက်ပိုမစားသင့်ကြောင့် ထောက်ခံထားပါတယ်။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းဟာ ၄ ဂရမ်နီးပါးခန့်ပါဝင်တဲ့ အတွက် တစ်နေ့ကို လက်ဖက်ရည်ဇွန်း တစ်ဝက်ထက် ပိုမစားသင့်ပါဘူး။ အထူးသဖြင့် သွေးဖိအားမြင့်မားတဲ့သူတွေ၊ ဆီးချိုရောဂါ ရှိတဲ့လူတွေနဲ့ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါ ရှိသူတွေက တစ်နေ့ကို ဆိုဒီယမ် ပမာဏ ၁၅၀၀ မီလီဂရမ်ထက် ပိုပြီး မစားမိစေဖို့ သတိထားသင့်ပါတယ်။ ဆားမှာ ဆိုဒီယမ်ရော ကလိုရိုက်ရောပါဝင်တဲ့ အတွက် ဆား တစ်ဇွန်းမှာဆိုရင် ဆိုဒီယမ် ပမာဏ
၄၀ ရာခိုင်နှုန်းသာပါဝင်ပါတယ်။ ဒီတော့ သင့်အနေနဲ့ ဆိုဒီယမ် ပမာဏထက် ၂.၅ ဆခန့် ရှိတဲ့ ဆားကို စားသုံးနိုင်ပါတယ်။ တစ်နေ့မှာ ဆိုဒီယမ် ပမာဏ ၁၅၀၀ ခန့်သာစားသင့်တဲ့အတွက် အိမ်သုံးဆား သပ်သပ်တင်မကဘဲ သဘာဝ အစားအစာတွေမှာလည်း ဆိုဒီယမ်တွေ ပါဝင်နေတယ်ဆိုတာကိုလည်း သိထားဖို့လိုပါတယ်။
ဆိုဒီယမ်နဲ့ ဆားဟာ ပင်လယ်ရေထဲမှာ သဘာဝအတိုင်း ပါဝင်နေတဲ့ အပြင်ကို ဆားတောင်တွေမှာလည်း ပုံဆောင်ခဲအနေနဲ့ ပါဝင်နေပါသေးတယ်။ အသင့်စား အစားအစာတွေမှာ ပါဝင်တဲ့ ဆားပမာဏဟာ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေရဲ့၇၅ ရာခိုင်နှုန်း အထိ ပါဝင်နေတဲ့ အတွက်ဆားလျှော့ဖို့ စဉ်းစားမယ်ဆိုရင် ဆားပမာဏ များတဲ့အစားအစာတွေ လျှော့စားဖို့လိုတဲ့အပြင် အသင့်ပြင်အစားအစာတွေကိုလည်း လျှော့စားဖို့လိုပါလိမ့်မယ်။ ကျွန်တော်တို့ ဒီနေ့စားသုံးနေတဲ့ ဆားပမာဏ အများစုဟာ ကြိုတင်ထုတ်လုပ်ပြီးသားအစားအစာနဲ့ အသင့်ပြင် အစားအစာတွေကနေ ရေခဲစိမ်ကြက်သားတွေ အထိ ပါဝင်နေပါတယ်။ ဒါအပြင့် သဘာဝ အတိုင်း ဖြစ်နေတဲ့ အစားအစာတွေမှာလည်း ဆိုဒီယမ်နဲ့ ဆားပါဝင်နိုင်ပါတယ်။ အဲ့လို အစားစာတွေကတော့ အသားစိမ်းများ၊ ပင်လယ်စာများ၊ ဥများ၊ အသီးအရွက်တစ်ချို့နဲ့ နို့ထွက်အစားအစာတွေ ဖြစ်ပါတယ်။ ဘယ်လို ဆားအမျိုးအစားပဲ ဖြစ်ဖြစ် ဆိုဒီယမ် ပမာဏ ၄၀ ရာခိုင်နှုန်း အထိပါဝင်ပြီးပိုတက်ဆီယမ်နဲ့ တစ်ခြားသောဓါတ်သတ္တုတွေ ပမာဏ အနည်းငယ်သာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ဆားကို ပုံမှန်ပမာဏအတွင်းသာစားသုံးသင့်ပါတယ်။ သဘာဝ အစားအစာတွေထဲ ဆိုဒီယမ် ပါဝင်နှုန်းကတော့-
- ကြက်ဥတစ်လုံးမှာ ဆိုဒီယမ် ၁၄၀ မီလီဂရမ် ခန့်ပါတယ်။
- နို့ ၃၀ ဂရမ်ခန့်မှာ ဆိုဒီယမ် ၁၈၀ မီလီဂရမ် ခန့်ပါဝင်ပါတယ်။
- သာမန် ဒိန်ချဉ် ၂၀၀ ဂရမ်မှာ ဆိုဒီယမ် ၄၀ မီလီဂရမ် ပါဝင်ပါတယ်။
- အဆီနည်း သဘာဝ ဒိန်ချဉ်မှာဆိုရင် ဆိုဒီယမ် ၇၆ မီလီဂရမ်ပါဝင်ပါတယ်။
- တရုတ်နံနံ ၅၀ ဂရမ်မှာဆိုရင် ဆိုဒီယမ် ၁၄၀ မီလီဂရမ် ပါဝင်ပါတယ်။
တစ်ခြားသော အသီးအနှံတွေကတော့ ဆိုဒီယမ် ပမာဏ နည်းပါးပါတယ်။ ဒါပေမဲ့ စည်သွပ်ထားတဲ့ အသီးအရွက်တွေမှာတော့ ဆားတွေ ထည့်ထားနိုင်တဲ့အတွက် ဆိုဒီယမ် ပမာဏ မြင့်မားနေနိုင်ပါတယ်။ ဒါ့ကြောင့် စည်သွပ်ထားတဲ့ အစားအစာတွေမှာဆားပမဏ ပိုထပ်ထည့်စရာမလိုပါဘူး။ တစ်နှစ်ရွယ်အောက်ကလေးတွေရဲ့ ကျောက်ကပ်တွေကလည်း လုံလုံလောက်လောက် မဖွံ့ဖြိုးသေးတဲ့အတွက် ကလေးကျွေးတဲ့အစားအစာထဲမှာ ဆားလုံးဝ မထည့်သင့်ပါဘူး။ ဆားဟာ အစားအစာတိုင်းမှာ ပါဝင်နေနိုင်တဲ့အတွက် ကျွန်တော်တို့ တစ်နေ့တစ်နေ့ ဆားဘယ်လောက်စားနေလဲဆိုတာကိုအတိအကျသိရဖို့ ခက်ပါတယ်။ အထူးသဖြင့် လူတွေစားသုံးနေတဲ့ ဆားပမာဏဟာ ဆားဗူးထဲမှ တိုက်ရိုက်စားသုံးကြတာ မဟုတ်ဘဲ အသင့်စားအစားတွေမှ လာတာဖြစ်ပါတယ်။ ဒါကြောင့် အသင့်စား အစားအစာတွေ စားသုံးတဲ့အခါ အစားအစာ ပါဝင်နှုန်းပြထားတဲ့နေရာမှာ ဆားပမာဏ၊ ဆိုဒီယမ် ပမာဏ ဘယ်လောက်ပါဝင်လဲဆိုတာ သိရဖို့ အတွက် စစ်ဆေးသင့်ပါတယ်။ ဆားမှာ ဆိုဒီယမ်က ၄၀ ရာခိုင်နှုန်းပါဝင်တဲ့အတွက် အစာအစား ပါဝင်နှုန်းစာရွက်မှာ ဆားအစား ဆိုဒီယမ်လို့ ပြထားမယ်ဆိုရင် ဆားပမာဏကို သိရဖို့အတွက် ၂.၅ နဲ့ မြှောက်မှ ဆားရဲ့ ပမာဏကို ရလာမှာ ဖြစ်ပါတယ်။ ဥပမာ အသင့်စား အစား ၁၀၀ ဂရမ်မှာ ဆိုဒီယမ် ၁ ဂရမ် ပါဝင်မယ်ဆိုရင် ဒီအစားအစာထဲမှာ ပါဝင်တဲ့ ဆားပမာဏဟာ ၂.၅ ဂရမ် ဖြစ်ပါတယ်ယ။ ဒီလို လိုက်တွက်နေရတာ အလုပ်ရှုပ်ကောင်း ရှုပ်နိုင်ပေမဲ့ ကျန်းမာရေး အညွှန်းတွေက ဆားအစား ဆိုဒီယမ်ကိုသာ ဖော်ပြတာ ဖြစ်တာကြောင့် ဆိုဒီယမ် ပမာဏကို သိရဖို့က အရေးကြီးပါတယ်။ အစားအစာတစ်ခုက ဆိုဒီယမ် လုံးဝ မပါဝင် ဘူးလို့ဆိုထားရင်တောင် အနည်းဆုံးတော့ ဆိုဒီယမ် ၅ မီလီဂရမ် (ဝ.၀၀၅ ဂရမ်) ကတော့ ပါဝင်နိုင်ပါသေးတယ်။ သဘာဝ အသားငါးတွေ၊ အသီးအရွက်တွေနဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း ဆားပါဝင်နိုင်တဲ့အတွက် အာဟာရ ဗေဒဆိုင်ရာပညာရှင်တွေကတော့ ဆားပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ဖို့ ညွှန်းဆိုထားကြပါတယ်။
[embed-health-tool-heart-rate]