သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့
သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီအကြောင်းလေးကို ပြောဖို့ စိတ်ဖိစီးမှုက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတဲ့ အကြောင်းကနေ စလိုက်ကြရအောင်နော်။
စိတ်ဖိစီးမှု နဲ့ နှလုံးကျန်းမာရေး
စိတ်ဖိစီးမှုတွေ များလာတာက သွေးပေါင်ချိန်တွေ တက်လာတာ [သွေးတက်တာပါ]၊ သွေးတိုးတာ၊ နှလုံးခုန် မြန်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ခဏခဏ စိတ်ဖိစီးမယ်၊ ကြာရှည်စိတ်ဖိစီးမယ်ဆိုရင် ဓာတ်တိုးပစ္စည်းတွေထွက်ပြီး သွေးကြောတွေ ထိခိုက်ပျက်စီးတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု များလေလေ နှလုံးထိခိုက်နိုင်ခြေ များလေလေပါ။
စိတ်ဖိစီးမှုတွေကို ကာလရှည်ကြာ ခံစားနေရခြင်းက နှလုံးရောဂါ၊ လေဖြတ်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ အစားတွေ အလွန်အကျွံစားတာ၊ မူးယစ်ဆေးသုံးတာ၊ လှုပ်ရှားမှု မရှိတာတွေလိုမျိုး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အပြုမူတွေကိုပါ တွဲဖက်လုပ်ဆောင်မိရင်တော့ နှလုံးကျန်းမာရေးကို ပိုထိခိုက်စေမှာပါ။
နောက်တစ်ချက်က စားသောက်မှုပုံစံ ပြောင်းလဲသွားတာပါ။ စိတ်ဖိစီးမှုကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားရမယ့်အစား အမြန်စား၊ အသင့်စား အစားအစာတွေ စားတာ၊ အချိုများတာတွေ စားတာ၊ အဆီများတာတွေစားတာက သွေးတက်စေနိုင်သလို ဆီးချိုဖြစ်စေဖို့လည်း အားပေးနေပါတယ်။
ဒီလို စားသုံးမှုတွေက သွေးကြောတွေကို ပျက်စီးစေပြီး ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောတွေ အလွန်အကျွံသောက်တာ၊ ဆေးလိပ်သောက်တာတွေကလည်း နှလုံးသွေးကြော နံရံတွေကို ပျက်စီးစေနိုင်ပါတယ်။
စိတ်ဖိစီးမှု နဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှု
စိတ်ဖိစီးမှုတွေ ဖြစ်တဲ့အခါ နှလုံးကျန်းမာရေးကို ထိခိုက်စေတာ အပါအဝင် စိတ်ဓာတ်ကျတာကိုပါ ဖြစ်လာစေပါတယ်။ စိတ်ဓာတ်ကျတာက နှလုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။
အကြောင်းကတော့ စိတ်ဓာတ်ကျတာ အချိန်ကြာမြင့်လာတဲ့အခါ ကိုယ်တွင်းမှာ နှလုံးကို ထိခိုက်စေနိုင်တဲ့ ကော်တီစော နဲ့ အက်ဒရီနယ်လင်ဟော်မုန်းတွေ ထွက်ရှိမှု များလာပါတယ်။ အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့အထိ များလာတာပါ။
ဒီလို ဟော်မုန်းတွေ များလာတာက ရင်ဘတ်အောင့်တာ နဲ့ အသက်ရှူရ ပြတ်တောင်းပြတ်တောင်း ဖြစ်တာလိုမျိုး ရုတ်တရက်နှလုံးရပ်တာရဲ့ လက္ခဏာတွေကို ခံစားရစေပြီး ရုတ်တရက် နှလုံးရပ်စေနိုင်ပါတယ်။
ကိုယ်တွင်းမှာ အက်ဒရီနယ်လင်ဟော်မုန်းတွေ အဆမတန် များလာမယ်ဆိုရက် ရုတ်တရက်နှလုံးရပ်တာကို ခံစားရမှာပါ။ မကြာသေးခင်က သုတေသီတွေ တွေ့ရှိခဲ့တာက amygdala လို့ ခေါ်တဲ့ ဦးနှောက်ထဲက စိတ်ဖိစီးမှုဖြစ်တာနဲ့ ဆက်စပ်နေတဲ့ ဦးနှောက်အပိုင်းရဲ့ လုပ်ဆောင်မှုတွေ မြင့်နေတာက နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ် ဆိုတာပါ။
စိတ်ဖိစီးမှုကို ကာလရှည်ကြာ ခံစားရတဲ့သူတွေမှာ သွေးဥမွှားတွေ ပိုကပ်စေးလာပြီး နှလုံးသွေးကြောကျဉ်းတာနဲ့ နှလုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
စိတ်ဖိစီးမှု ဆိုတာ
စိတ်ဖိစီးမှု ဆိုတာက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကနေ အစပြုလာနိုင်သလို ပတ်ဝန်းကျင်က ပြောင်းလဲမှု တစ်ရပ်ရပ် ဒါမှမဟုတ် ပြောင်းလဲမှုတွေကို ချိန်ညှိဖို့ နဲ့တုံ့ပြန်ဖို့ လိုအပ်လာတဲ့ အခြေအနေကနေလည်း အစပြုလာနိုင်ပါတယ်။
ကိစ္စ သေးသေးမွှားမွှားလေးတွေကနေ စတင်လာတဲ့ စိတ်ဖိစီးမှုတွေ ရှိနိုင်သလို ဘဝကြီး တစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တဲ့ အပြောင်းအလဲကြောင့်လည်း စိတ်ဖိစီးမှု ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေ တစ်ရပ်တည်းကြောင့် ဖြစ်နိုင်သလို နှစ်ရပ်လုံး ပေါင်းစုပြီး ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေလည်း ရှိနိုင်ပါတယ်။
ဒီလို စိတ်ဖိစီးမှုတွေက အချိန်ကြာမြင့်စွာ ဖိစီးတာ၊ ပြင်းပြင်းထန်ထန် ဖိစီးတာတွေက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်စေဖို့ စိတ်ဖိစီးမှုကို ဖြေလျော့ဖို့ လိုပါမယ်။
စိတ်ဖိစီးမှုကြောင့် နှလုံးလေး မထိခိုက်စေဖို့
သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ …. စိတ်ဖိစီးမှုကြောင့် နှလုံးလေး မထိခိုက်စေဖို့ဆိုရင်
- ရယ်မောပါ
- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ
- ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ
- ဆေးလိပ် နဲ့ အရက် ဖြတ်ပါ
- အကောင်းမြင်ပါ
- လမ်းလျှောက်ပါ
- တရားထိုင်ပါ။
[embed-health-tool-heart-rate]