backup og meta

အသက်အရွယ်အလိုက်ရှိသင့်သော ကိုလက်စထရောပမာဏ


Dr. Thant Zin မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်အရွယ်အလိုက်ရှိသင့်သော ကိုလက်စထရောပမာဏ

    ကိုလက်စထရောဆိုတာ အဆီဓာတ်တမျိုးဖြစ်ပြီး အသည်းကနေ ထုတ်လုပ်ပါတယ်။ အစားအစာတချို့မှလည်း ရရှိနိုင်ပါတယ်။ ကိုလက်စထရောကို အမျိုးအစားအားဖြင့်

    – low-density lipoproteins (LDL) (ခေါ်) ကျန်းမာရေးနဲ့မညီညွတ်တဲ့ ကိုလက်စထရော

    – high-density lipoproteins (HDL) (ခေါ်) ကျန်းမာရေးအတွက် ကောင်းတဲ့ကိုလက်စထရော စသဖြင့် တွေ့နိုင်ပါတယ်။

    ကိုလက်စထရောပမာဏဆိုတာ အဆိုပါနှစ်မျိုးလုံးကို ခြုံငုံခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတချို့ လည်ပတ်နိုင်ဖို့အတွက် ကိုလက်စထရောကို လိုအပ်ပါတယ်။ ဒါပေမယ့် မကောင်းတဲ့ ကိုလက်စထရောတွေ သွေးကြောတွေထဲမှာ စုပုံလာရင်တော့ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတာတွေ ဖြစ်ပွားနိုင်ပါတယ်။

    သွေးကြောတွေ ကျဉ်းမြောင်းပိတ်ဆို့တဲ့အခါ နှလုံးဆီကို သွေးစီးဆင်းတာ နည်းသွားပြီး နှလုံးထိခိုက်ခြင်း (Heart attack) ဖြစ်နိုင်သလို ဦးနှောက်ထဲကို သွေးရောက်တာနည်းသွားရင် လေဖြတ်နိုင်ပါတယ်။

    ဒါကြောင့် ကိုလက်စထရောပမာဏကို ပုံမှန်စစ်ဆေးပေးခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒီနေရာမှာ ကိုလက်စထရောပမာဏဟာ အသက်အရွယ်ပေါ် မူတည်ပြီး အမျိုးမျိုးလည်း ကွာခြားနိုင်ပါတယ်။

    လူကြီးများတွင်ရှိသော ကိုလက်စထရော

    • အမေရိကန်နှလုံးဆေးပညာအသင်းကြီးရဲ့ အဆိုအရ အရွယ်ရောက်ပြီးသူများဟာ အသက် ၂၀ ကနေ စတင်ပြီး ၄နှစ်ကနေ၆နှစ်ထိကို တကြိမ်ခန့် စစ်ဆေးသင့်ပါတယ်။ ကိုလက်စထရောဟာ အသက်ရလာတာနဲ့အမျှ မြင့်တက်လာတတ်ပါတယ်။ ယေဘုယျအားဖြင့် အမျိုးသားများဟာ အမျိုးသမီးများထက် ကိုလက်စထရော ပိုများတတ်ပါတယ်။ ဒါပေမယ့် သွေးဆုံးပြီးချိန်မှာ အမျီုးသမီးများမှာ ကိုလက်စထရောများနိုင်ခြေ ပိုမြင့်သွားပါတယ်။
    • အမေရိကန်နှလုံးဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သွေးတွင်းကိုလက်စထရော ကုသရေးလမ်းညွှန်ချက်အရ လူကြီးတွေမှာ ရှိသင့်တဲ့ ကိုလက်စထရောပမာဏတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ (ဒီနေရာမှာ ယူနစ်ကို mg/dL နဲ့ ဖော်ပြထားမှာ ဖြစ်ပါတယ်။)
    • စုစုပေါင်းကိုလက်စထရောပမာဏဟာ ၂၀၀ အောက် ရှိရမှာ ဖြစ်ပါတယ်။ နည်းလေကောင်းလေပါပဲ။ ၂၀၀ ကနေ ၂၃၉ အတွင်းဆိုရင် အနည်းငယ်မြင့်တက်နိုင်ခြေရှိနေပြီ ဖြစ်ပါတယ်။ ၂၄၀ နဲ့အထက် ဆိုရင်တော့ သိသိသာသာမြင့်တက်နေပြီ ဖြစ်ပါတယ်။
    • HDL ကိုလက်စထရောဟာ အမျိုးသားတွေဆီမှာ ၄၀ နဲ့အထက် ရှိရပြီး အမျိုးသမီးတွေမှာ ၅၀ နဲ့အထက် ရှိသင့်ပါတယ်။ အဲဒီပမာဏထက်နည်းနေမယ်ဆိုရင်တော့ နှလုံးရောဂါဖြစ်နိုင်ခြေများနေပြီ ဖြစ်ပါတယ်။ ၄၁ ကနေ ၅၉ အတွင်းဆိုရင် အနည်းငယ်လျော့နည်းနေပြီ ဖြစ်ပါတယ်။ အကောင်းဆုံးအခြေအနေကတော့ ၆၀ နဲ့အထက် ဖြစ်ပါတယ်။
    • LDL ကိုလက်စထရောဟာတော့ ၁၀၀ အောက်ပဲ ရှိသင့်ပါတယ်။ နှလုံးသွေးကြောရောဂါရှိရင် ၇၀ အောက်သာ ရှိရပါမယ်။ ၁၀၀ ကနေ ၁၂၉ အတွင်းဆိုရင် ကျန်းမာရေးပြဿနာမရှိတဲ့သူတွေအတွက် လက်ခံနိုင်စရာဖြစ်ပေမယ့် နှလုံးရော၈ါ အခံရှိသူတွေအတွက်တော့ မကောင်းပါဘူး။ ၁၆၀ ကနေ ၁၈၉ အထိဟာ မြင့်မားတဲ့ အခြေအနေဖြစ်ပြီး ၁၉၀ အထက်ဆိုရင်တော့ အတော်လေးမြင့်မားနေပြီလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
    • Triglycerides ဟာ ၁၀၀ အောက် ရှိသင့်ပါတယ်။

    ကလေးများတွင်ရှိသော ကိုလက်စထရော

    • ကလေးများမှာရှိတဲ့ စုစုပေါင်း ကိုလက်စထရောနဲ့ LDL ကိုလက်စထရောတို့ ရှိသင့်တဲ့ပမာဏကတော့ လူကြီးများနဲ့ ကွာခြားပါတယ်။
    • ကလေးများအတွက် လက်ခံနိုင်တဲ့ စုစုပေါင်း ကိုလက်စထရောပမာဏကတော့ ၁၇၀ အောက် ဖြစ်ပါတယ်။ ၁၇၀ ကနေ ၁၉၉ အထိဆိုရင် အနည်းငယ်မြင့်တက်နိုင်တဲ့ အနေအထားရှိနေပြီး ၂၀၀ အထက်ဆိုရင်တော့ ကလေးတယောက်အတွက် မြင့်မားတဲ့ ကိုလက်စထရောပမာဏ ဖြစ်ပါတယ်။
    • ကလေးများမှာ LDL ကိုလက်စထရောအနေနဲ့ လူကြီးများထက် လျော့နည်းသင့်ပါတယ်။ ရှိသင့်တဲ့ ပမာဏကတော့ ၁၁၀ အောက် ဖြစ်ပါတယ်။ ၁၁၀ ကနေ ၁၂၉ ထိ ဆိုရင် မြင့်မားနေတဲ့ ပမာဏဖြစ်ပြီး ၁၃၀ အထက်ဆိုရင် အတော်လေးမြင့်မားနေပြီ ဖြစ်ပါတယ်။

    ဘာလုပ်သင့်သလဲ

    အသက်အရွယ်အလိုက်ရှိသင့်တဲ့ ကိုလက်စထရောပမာဏကို ထိန်းထားဖို့အတွက်ဆိုရင် နေထိုင်မှုပုံစံကို အထူးဂရုပြုရပါမယ်။ မိမိရဲ့နေထိုင်မှုပုံစံဟာ ကိုလက်စထရောမြင့်တက်နိုင်ခြေများနေရင် ပြောင်းလဲသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန် ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ကိုယ်အလေးချိန်ကိုကျစေပြီး HDL ကိုလက်စထရောကို မြင့်တက်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ခပ်မှန်မှန်ပြေးခြင်း၊ စက်ဘီးစီးခြင်း စတဲ့လေ့ကျင့်ခန်းတွေကို တရက်မှာ အနည်းဆုံး နာရီဝက်ခန့်နဲ့ တပတ်ကို ၅ရက်ခန့် ပြုလုပ်သင့်ပါတယ်။

    အစားအသောက်နဲ့ ပတ်သက်ရင် အမျှင်ဓာတ်များတဲ့ အစားအစာတွေစားပြီး အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား သရေစာတွေကို ရှောင်ကြဉ်ရပါမယ်။ ပြည့်ဝဆီ၊ ပုံပြောင်းဆီ၊ ဆိုဒီယမ်နဲ့ သကြားဓာတ်ကဲတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ ဆေးလိပ်န့ အရက်ကို ရှောင်ကြဉ်သင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement