backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင်လုံးဝ မထင်မှတ်ထားပေမယ့် နှလုံးကို ထိခိုက်စေနိုင်တဲ့ ပြဿနာ ၁၂ ရပ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 29/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင်လုံးဝ မထင်မှတ်ထားပေမယ့် နှလုံးကို ထိခိုက်စေနိုင်တဲ့ ပြဿနာ ၁၂ ရပ်

နှလုံးရောဂါ Cardiovascular Diseases (CVDs) ဟာ အဖြစ်များပြီး အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် Heart Attack ဖြစ်ပြီဆိုရင် အလွန် အန္တရာယ်များလှပါတယ်။

တစ်နှစ်မှာ လူ ၁၈ သန်းလောက် နှလုံးရောဂါနဲ့ သေဆုံးနေပြီး ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ အများဆုံး အသက်ဆုံးရှုံးကြရတာက နောက်ဆက်တွဲပြဿနာတွေဖြစ်ကြတဲ့ Heart Attack နဲ့ လေဖြတ်တာကြောင့်ပါ။

ဒါကြောင့် ဒီရောဂါမဖြစ်စေဖို့နဲ့ ဖြစ်လာရင်လည်း သတိထားနိုင်ဖို့က မဖြစ်မနေလိုအပ်တဲ့ အရာတွေပါပဲ။ တစ်ခါတစ်လေမှာတော့ ကိုယ်က သတိထားနေလျက်နဲ့ အန္တရာယ်ကို ကြိုမမြင်နိုင်တာမျိုးတွေလည်း ကြုံရတတ်ပါတယ်။

ဘာကြောင့်လဲဆိုရင်တော့ ဖြစ်လာတဲ့ ပြဿနာက ကိုယ့်နှလုံးကို ဒုက္ခပေးနိုင်တဲ့ ကိစ္စဖြစ်နေမှန်း ကိုယ်တိုင် မသိထားတာကြောင့်ပါပဲ။ ဒီစာစုမှာတော့ ရုတ်တရက်ဆိုရင် နှလုံးရောဂါနဲ့ မသက်ဆိုင်ဘူးထင်ရပေမယ့် နှလုံးကို ဒုက္ခအများဆုံးပေးနိုင်တဲ့ ပြဿနာ ၁၂ ရပ်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဒါတွေကတော့

ခံတွင်းပြဿနာရှိတာ

သွားနဲ့ ခံတွင်း မသန့်ရှင်းတာကနေစလို့ ကြံ့ခိုင်ကျန်းမာမှု ချို့ယွင်းနေတာအထိ ခံတွင်းပြဿနာတွေဟာ နှလုံးထိခိုက်စေနိုင်တဲ့ ပြဿနာတွေဖြစ်ပါတယ်။ အထူးသဖြင့် သွားဖုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေဟာ နှလုံးကိုပါ ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် ခံတွင်းကျန်းမာရေးအခြေအနေကို ၆ လ တစ်ကြိမ် စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

အချိန်ပိုင်းအလုပ်

အလုပ်တွေထဲမှာ အချိန်ပိုင်းအလုပ်တွေဟာ နှလုံးထိခိုက်မှု အမြင့်မားဆုံးလို့ လေ့လာချက်တွေကဆိုပါတယ်။ ကနေဒါနိုင်ငံ အနောက်ပိုင်းတက္ကသိုလ်ရဲ့ သုတေသနရလဒ်အရဆိုရင် ပုံမှန် အလုပ်ချိန်နဲ့ လုပ်ရတဲ့ အလုပ်တွေထက် လှည့်ပတ်ပြီးဆင်းရတဲ့ အချိန်ပိုင်းအလုပ်တွေက နှလုံးကို ပိုထိခိုက်စေနိုင်ပါတယ်တဲ့။ အထူးသဖြင့် ညပိုင်းဆင်းရတဲ့ အလုပ်တွေပါတဲ့။

ယာဉ်ကြောပိတ်ဆို့မှု

ယာဉ်ကြောပိတ်ဆို့နေချိန်မှာ ယာဉ်မောင်းရော၊ မော်တော်ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းသူပါ စိတ်သောကများတာ၊ စိတ်ပင်ပန်းတာ၊ ဒေါသထွက်တာမျိုးတွေကို ရန်ကုန်က YBS စီးဖူးသူတိုင်း သိကြမှာပါ။ ယာဉ်ကြောပိတ်ဆို့မှုကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှုဟာ Heart Attack ဖြစ်အောင် အကြီးအကျယ် တွန်းအားပေးနိုင်ပါတယ်။

စောလျင်စွာ သွေးဆုံးခြင်း

အမျိုးသမီးတစ်ယောက် အသက် ၄၆ နှစ်မတိုင်ခင် သွေးဆုံးတာကို စောစီးစွာသွေးဆုံးတယ်လို့ သတ်မှတ်ကြပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် နှလုံးထိခိုက်ဖို့နဲ့ လေဖြတ်ဖို့ ဖြစ်နိုင်ခြေပိုများပါတယ်။

အိပ်နေစဉ်ဟောက်တာ

အိပ်နေစဉ်ဟောက်တာက ပတ်ဝန်းကျင်ကိုတင် အနှောင့်အယှက်ပေးတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ နှလုံးကျန်းမာရေးကိုလည်း ထိုခိုက်စေနိုင်ပါတယ်။ အိပ်ပျော်နေစဉ်မှာ အသက်ရှူလမ်းကြောင်း မကြာခဏ ပိတ်သွားတာကြောင့် ဟောက်တာဖြစ်ပြီး နှလုံးခုန်နှုန်းမူမမှန်တာမျိုးဖြစ်နိုင်ပြီး အကျိုးဆက်အနေနဲ့ လေဖြတ်နိုင်ပါတယ်။

အသည်းရောင်အသားဝါ C ရှိတာ

စီပိုးလို့ အခေါ်များတဲ့ အသည်းရောင်အသားဝါ C ကူးစက်ခံထားရတယ်ဆိုရင် ကိုလက်စထရောနဲ့ သွေးဖိအားနည်းပါးဖို့ လိုအပ်ပါတယ်။ ဒီရောဂါဟာ အသည်းကိုသာမက နှလုံးကိုလည်း ထိခိုက်နိုင်တာကြောင့်ဖြစ်ပါတယ်။

ကောင်းကောင်း အိပ်မပျော်တာ

အိပ်စက်ချိန် ပုံမှန်မရှိတာ၊ ညည အိပ်မပျော်တာမျိုးတွေကလည်း သင့်ကို နှလုံးထိခိုက်အောင် လုပ်နိုင်ပါတယ်။ အိပ်မပျော်ခြင်းဟာ သွေးတိုးစေဖို့ တွန်းအားတစ်ခုဖြစ်သလို ကိုလက်စထရောတွေကို ချေဖျက်နိုင်စွမ်းလည်း လျော့ကျစေပါတယ်။ အဝလွန်တာတွေ၊ ဆီးချိုဖြစ်တာတွေရဲ့ အကြောင်းတရားတစ်ခုဆိုလည်း ဟုတ်ပါတယ်။ လေဖြတ်တာ၊ နှလုံးပျက်စီးတာတွေဖြစ်နိုင်သလို ငယ်ရွယ်တဲ့ ကလေးတွေမှာဆိုရင် ဦးနှောက်ကိုပါ ထိခိုက်စေတတ်ပါတယ်။

ပျော်စရာမကောင်းတဲ့ အိမ်ထောင်ရေးဘဝ

စိတ်ပျက်ဖွယ်၊ ပျော်ရွှင်စရာ ကင်းမဲ့နေတဲ့ အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်နေပြီဆိုရင် နှလုံးရောဂါရဖို့နဲ့ Heart Attack ဖြစ်ဖို့ အရမ်းနီးစပ်နေပါပြီ။ မီချီဂန်ပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာချက်အရဆိုရင် ဒီလို အိမ်ထောင်ရေး အဆင်မပြေရင် stress hormones တွေ ပိုထွက်ရှိလာတတ်ပြီး နှလုံးကို သက်ရောက်လေ့ရှိတယ်လို့ ဆိုထားပါတယ်။

အထီးကျန်တာ

ဘဝကို တစ်ဦးတည်း ရင်ဆိုင်ဖြတ်သန်းရတာ မလွယ်ကူလှပါဘူး။ တက်ကြွနေဖို့၊ ချစ်ခင်မြတ်နိုးရသူတွေ အနားမှာရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ပဲ အထီးကျန်လွန်းနေမယ်ဆိုရင် နှလုံးရောဂါရနိုင်သလို ကိုယ့်ကိုယ်ကို အဆုံးစီရင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဗိုက်မှာ အဆီတွေစုနေတာ

ဘီယာဗိုက်ပဲဖြစ်ဖြစ်၊ အစားတွေ အလွန်အမင်းစားလို့ပဲဖြစ်ဖြစ် ဗိုက်မှာ အဆီတွေစုနေပြီဆိုရင် နှလုံးရောဂါကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။ ခါးအရွယ်အစားက မိန်းမတစ်ယောက်ဟာ ၃၅ လက်မအောက်နဲ ယောကျ်ားတစ်ယောက်ဟာ လက်မ ၄၀ အောက်မှာ ရှိနေဖို့ လိုအပ်ပါတယ်။

အထိုင်များလွန်းတာ

ရုပ်ရှင်၊ တီဗီ ကြည့်ဖို့ ထိုင်တာပဲဖြစ်ဖြစ်၊ ကွန်ပျူတာကြည့်ဖို့ အလုပ်လုပ်ဖို့ ထိုင်တာပဲဖြစ်ဖြစ်၊ အချိန်အကြာကြီး အညောင်းမိအောင် ထိုင်နေမိတာဟာ သင့်ကျန်းမာရေးကို ဘယ်လိုမှ အကျိုးမဖြစ်ထွန်းစေပါဘူး။ အထိုင်များလွန်းသူတွေဟာ သာမန်လူတွေထက် နှလုံးရောဂါဖြစ်ဖို့ ၂၀% ဖြစ်နိုင်ခြေပိုများပါတယ်။

လေ့ကျင့်ခန်း အလွန်အကျွံလုပ်တာ

လေ့ကျင့်ခန်းလုပ်တာဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလေ့အထဆိုပေမယ့် အလွန်အကျွံပြုလုပ်မိရင်တော့ ပြောင်းပြန်ရလဒ်သာ ထွက်နိုင်ပါတယ်။ အထူးသဖြင့် တစ်ကြိမ်တည်းနဲ့ အများကြီးလုပ်တာမျိုးက ပိုပြီးဆိုးကျိုးများပါတယ်။ နှလုံးကို ပြင်းပြင်းထန်ထန်ကို ထိခိုက်စေနိုင်တာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 29/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement