အိပ်စက်တဲ့အခါ အေးမြတဲ့ ပတ်ဝန်းကျင်လေးမှာမှ ပိုပြီး အိပ်ပျော်တာက ဖြစ်တတ်တဲ့ အကြောင်းတရား တစ်ခုပါ။ နွေညတွေမှာဆိုရင် အဲကွန်းအေးအေးလေး ဖွင့်ပြီး အိပ်မှ အိပ်ပျော်ကြသူတွေကလည်း အများသားပါ။ ဒီလိုနဲ့ နွေညတွေမှရယ် မဟုတ်ဘဲ အမြဲလိုလို အဲကွန်းအေးအေးလေး ဖွင့်ထားမှ အိပ်ပျော်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုပါမယ်။
အိပ်ပျော်စေဖို့ အဲကွန်းဖွင့်တယ်ဆိုတဲ့နေရာမှာ တစ်ချိန်လုံး အေးစက်နေအောင် ဖွင့်ထားတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အဲကွန်းအေးအေးနဲ့ အချိန်တိုင်း အိပ်စက်မှုက ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
အဲကွန်းအေးအေးလေး ဖွင့်ထားမှ အိပ်ပျော်တယ်ဆိုရင်တော့
အဲကွန်းအေးအေးလေး ဖွင့်ထားမှ အိပ်ပျော်တယ်ဆိုရင်တော့ ငွေကုန်ကြေးကျ များတဲ့အပြင် အခုလို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။
အေးတဲ့အခါ အသားတွေ ယားတဲ့ ပြဿနာပါ။ တော်တော်များများ ယူဆထားကြတာက ဒီကျန်းမာရေး ပြဿနာကို သက်ကြီးရွယ်အိုတွေပဲ ခံစားရတယ်လို့ပေါ့။ တကယ်ကတော့ ပတ်ဝန်းကျင် အနေအထား အရမ်းအေးလာရင် အရေပြားမှာ နီရဲရောင်ရမ်းပြီး ယားယံတဲ့ အခြေအနေ တစ်ရပ်ဖြစ်တဲ့ Cold urticariaကို လူငယ်တွေရော ခံစားရနိုင်ပါတယ်။ အရမ်းအေးတဲ့ ရာသီဥတုနဲ့ ထိတွေ့မိချိန်မှာလည်း ခံစားရနိုင်ပါတယ်။
အိပ်စက်နေချိန်မှာ ပတ်ဝန်းကျင် အရမ်းအေးနေပြီး ခန္ဓာကိုယ်က လှုပ်ရှားမှု မရှိတဲ့အနေအထားဆိုရင် အရေပြားကို အအေးဒဏ်ကြောင့် ရောင်ရမ်းနီမြန်းပြီး ယားယံစေနိုင်ပါတယ်။ ဒီအခြေအနေက တော်တော်လေး သက်သောင့်သက်သာ မရှိတာမျိုး ခံစားရနိုင်ပြီး အဆိုးဆုံး အနေနဲ့ အသက်ရှူရ ခက်ခဲစေနိုင်ပါတယ်။
- ကြွက်သားတွေ နာကျင်ကိုက်ခဲစေနိုင်တယ်
အရမ်းအေးတဲ့ ပတ်ဝန်းကျင် အနေအထားမှာ အိပ်ပျော်သွားတာက ကြွက်သားတွေကို နာကျင်ကိုက်ခဲစေနိုင်ပါတယ်။ ဒါကြောင့်ပဲ တစ်ညလုံး အဲကွန်းဖွင့်ပြီး အိပ်လို့ နိုးထလာချိန်မှာ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲတာကို ခံစားရတာပါ။ အဆစ်တွေထဲက နာကျင်တာကို ခံစားရနိုင်သလို အဆစ်တွေ တောင့်တင်းနေတာကို ခံစားရနိုင်ပါတယ်။
- ခြေဖျားတွေ အေးပြီး ထုံနေတယ်
အဲကွန်းအေးအေးနဲ့ တစ်ညလုံး အိပ်တဲ့အခါ လှုပ်ရှားမှု မရှိတာ၊ အအေးဓာတ်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက ခြေထောက်ဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေတာကြောင့် ခြေဖျားတွေ ထုံပြီး အေးတာကို ခံစားရနိုင်ပါတယ်။ ခြေထောက်တွေက ရောင်ရမ်းပြီး ထုံနေပါတယ်။ ခြေထောက်က တင်းတင်းကြပ်ကြပ်ကြီး ခံစားရနိုင်ပါတယ်။ အရမ်းပြင်းထန်မယ်ဆိုရင်တော့ ခြေထောက်မှာ အရည်ကြည်ဖုတွေ ဖြစ်ပြီး ပိုးဝင်ကူးစက်တာတွေအထိ ခံစားရနိုင်ပါတယ်။
အဲကွန်းကို တစ်ချိန်လုံးဖွင့်ပြီး အိပ်တာက ခန္ဓာကိုယ် အပူချိန်ကို အန္တရာယ်ရှိစေတဲ့ အနေအထားအထိ ကျဆင်းစေနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ပုံမှန် အပူချိန်က 37°C ရှိရမှာဖြစ်ပြီး ဒီထက် ၂ ဒီဂရီလောက် ကျဆင်းသွားမယ်ဆိုရင် ကိုယ်အပူချိန် ကျဆင်းနေတာပါ။ သိုင်းရွိုက်ကျန်းမာရေး ပြဿနာ ရှိသူတွေ၊ ဆီးချိုရောဂါ ရှိသူတွေမှာ ကိုယ်အပူချိန် ကျဆင်းနိုင်ခြေ များသလို အရက်နဲ့ ဆေးဝါးတွေကို အလွဲသုံးသူတွေမှာလည်း ကိုယ်အပူချိန် ကျဆင်းနိုင်ခြေ များပါတယ်။
- အအေးဒဏ်ကြောင့် သွေးကြောတွေ ရောင်ရမ်းတာ
အရမ်းအေးတဲ့ ပတ်ဝန်းကျင် အနေအထားက ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးကြောတွေကို ရောင်ရမ်းစေနိုင်ပါတယ်။ ဒီလို ရောင်ရမ်းမှုက အရေပြားမှာ ရောင်ရမ်းတာ ယားယံတာတွေကို ဖြစ်စေနိုင်သလို ပြင်းထန်မယ်ဆိုရင်တော့ အရေပြားပေါ်မှာ အရည်ကြည်ဖုတွေ ထတာမျိုး အထိ ခံစားရနိုင်ပါတယ်။ ဒီအခြေအနေကို ဦးခေါင်း၊ ခြေထောက် နဲ့ လက်တွေမှာ တွေ့ရများပါတယ်။
အေးမြတဲ့ ပတ်ဝန်းကျင်က ကောင်းကောင်းအိပ်ပျော်စေတယ် ဆိုပေမယ့် အရမ်းအေးတာက ခန္ဓာကိုယ်ရဲ့ သွေးစီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး အအေးဓာတ် လွန်ကဲတာက ကိုယ်တွင်းရေဓာတ်ဆုံးရှုံးမှုကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။
ဒါပေမယ့် ဒီပြဿနာတွေက အေးတိုင်း ခံစားရတာလားဆိုတော့ မဟုတ်ပါဘူး။ အပူချိန် ၁၀ဒီဂရီအောက်ရှိနေတဲ့ အခန်းမှာ ကြာကြာအိပ်မှသာ ခံစားရနိုင်တာပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ကတော့ မတူနိုင်ပါဘူး။ ဒီတော့ အေးအေးလေးမှ အိပ်တတ်တယ်ဆိုရင်လည်း အခန်းအပူချိန်ကို သတိထားပါ။ ဒီလို ကျန်းမာရေးပြဿနာတွေ ခံစားရတယ်ဆိုရင် နောက်ရက်ကျ အပူချိန်ကို ပြန်တင်ပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ မပူလွန်း မအေးလွန်းတဲ့ အပူချိန်က အကောင်းဆုံးပဲ ဖြစ်ပါတယ်။
https://youtu.be/2JeJNEzjtN0
[embed-health-tool-bmi]