backup og meta

အိပ်စက်စဉ်အသက်ရှူရပ်တန့်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း

အိပ်ပျော်နေစဉ်မှာ အသက်ရှူရပ်တန့်သွားတတ်တဲ့ ပြဿနာကို Sleep apnea လို့ ခေါ်ပါတယ်။ အဆိုပါပြဿနာကြောင့် ကောင်းကောင်းအိပ်မရခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေ ခံစားလာရပြီး နေ့စဉ် လူနေမှုဘဝကိုပါ ရိုက်ခတ်လာနိုင်ပါတယ်။ သုတေသနတစ်ခုမှာဆိုရင် အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်ခြင်းကြောင့် စိတ်ဓာတ်ကျခြင်း (depression) ကိုပါ ဖြစ်စေတတ်ကြောင်း ဆိုထားပါတယ်။

စာစောင်တခုမှာ ဖော်ပြချက်အရ နှစ်စဉ် အမေရိကန် ၁၈ သန်းခန့်ဟာ အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်သွားခြင်းကို ခံစားနေရလေ့ရှိပြီး ၁၅ သန်းခန့်ဟာ စိတ်ကျခြင်းဝေဒနာ ခံစားနေရတယ်လို့ ဆိုပါတယ်။ အတော်များများဟာ ပြဿနာနှစ်ခုစလုံးကို ကြုံတွေ့နေရပါတယ်။

ဒီပြဿနာနှစ်ရပ်အကြား ဆက်နွယ်မှုရှိသလား

အိပ်စက်ခြင်းနဲ့ စိတ်အခြေအနေကြားမှာ ဆက်နွယ်ချက်ရှိပါတယ်။ တစ်နည်းပြောရရင် အိပ်မပျော်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းဟာ ပတ်သက်နေပါတယ်။ လူတချို့ဟာ ဒီပြဿနာနှစ်ခုစလုံးရဲ့ အစပျိုးလက္ခဏာတွေကို တစ်ပြိုင်တည်းကြုံတွေ့ရဖူးပါတယ်။ တချို့ကတော့ စိတ်ကျဝေဒနာ ရောက်မလာခင် အိပ်မပျော်ခြင်းကို စတင်ကြုံတွေ့ရပါတယ်။ ပြဿနာနှစ်ရပ်စလုံးအတွက် ဖြစ်နိုင်ခြေ အခြေအနေတွေ တူညီနေတတ်ပါတယ်။

အိပ်ပျော်စဉ် အသက်ရှူရပ်တန့်ပြီး ကောင်းကောင်းအိပ်မရသူများဟာ တချိန်မှာ စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ သုတေသနတခုရဲ့ ဖော်ပြချက်အရ အိပ်ပျော်စဉ်အသက်ရှူရပ်တန့်တတ်သူများရဲ့ ၄၆ ရာခိုင်နှုန်းမှာ စိတ်ကျခြင်း လက္ခဏာတွေကို တွေ့နေရတတ်ပါတယ်။

စိတ်ကျခြင်းနှင့် အိပ်ပျော်စဉ် အသက်ရှူရပ်တန့်ခြင်း လက္ခဏာများ

စိတ်ဓာတ်ကျခြင်းနဲ့ အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်ခြင်းရဲ့ လက္ခဏာတွေဟာ တစ်ခါတစ်ရံ ထပ်တူကျနေတတ်ပြီး ဘာကြောင့်ဆိုတာ ခွဲရခက်ပါတယ်။ စိတ်ကျခြင်းဟာ အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်းရဲ့ လက္ခဏာတခု ဖြစ်နေတတ်ပါတယ်။

အိပ်ပျော်စဉ် အသက်ရှူရပ်တန့်တတ်သူများဟာ

– ဟောက်သံကျယ်ခြင်း

– ပုံမှန်အသက်ရှူရင်းကနေ ရပ်သွားတတ်ပြီး လန့်နိုးသွားတတ်ခြင်း၊ တခြားသူတစ်ဦးဦးက သတိပြုမိခြင်း

– ရုတ်ချည်းလန့်နိုးနေတတ်ခြင်း၊ အသက်ရှူမြန်ခြင်း

– အာရုံစူးစိုက်ရန်ခက်ခဲခြင်း

– တစ်နေ့လုံး ပင်ပန်းနွမ်းနယ်နေတတ်ခြင်း

– အိပ်ရာထချိန် ခေါင်းကိုက်ခြင်း

– အိပ်ရာနိုးချိန်တွင် လည်ချောင်းနာခြင်း၊ အာခေါင်ခြောက်ခြင်း

– ဆတ်ဆတ်ထိမခံနိုင်ဖြစ်ခြင်း

– အိပ်ပျော်ရန်ခက်ခြင်း စတာတွေကို ကြုံတွေ့ရတတ်ပါတယ်။

စိတ်ဓာတ်ကျခြင်း လက္ခဏာတွေကတော့

– ဆတ်ဆတ်ထိမခံဖြစ်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်လွယ်ခြင်း၊ ဒေါသထွက်လွယ်ခြင်း

– ဝမ်းနည်းခြင်း၊ ဟာနေခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း

– စားသောက်ချင်စိတ်ပြောင်းလဲခြင်း

– အိပ်မပျော်ခြင်း

ပင်ပန်းနွမ်းနယ်နေခြင်း

– တွေးတောရန် အာရုံစိုက်ရန် ခက်ခဲခြင်း

– ခေါင်းကိုက်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဘာတွေလုပ်နိုင်သလဲ

နည်းလမ်းတချို့ကို အိမ်တွင်းကုထုံးအနေနဲ့ မိမိဖာသာ ဆောင်ရွက်ကြည့်နိုင်ပါတယ်။ ဆောင်ရွက်သင့်တာတွေကတော့

– လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ စိတ်ကျခြင်းကို သက်သာစေတဲ့အပြင် ကိုယ်အလေးချိန်လည်း ကျစေပါတယ်။ ကိုယ်အလေးချိန်ကျခြင်းဟာ အိပ်ပျော်စဉ် အသက်ရှူရပ်တန့်ခြင်းကို သက်သာစေပါတယ်။

– ပက်လက်မအိပ်ပါနဲ့။ ပက်လက်အိပ်တဲ့အခါ လျှာဟာအနောက်ဖက်ကို ခေါက်ဝင်ပြီး အသက်ရှူလမ်းကြောင်းကို ပိတ်တတ်ပါတယ်။ ဘေးတစောင်းအိပ်သင့်ပါတယ်။

အရက်ရှောင်ပါ။ အယ်လ်ကိုဟောဟာ စိတ်ဓာတ်ကျခြင်းကိုရော အိပ်စက်နေစဉ် အသက်ရှူရပ်ခြင်းကိုပါ ပိုဆိုးစေတတ်ပါတယ်။

– အိပ်ဆေးများမသောက်ပါနဲ့။ အိပ်ဆေးများသောက်ခြင်းဟာ အိပ်စက်စဉ် အသက်ရှူရပ်ခြင်းကို သက်သာစေဖို့ အထောက်အကူမပြုတဲ့အပြင် စိတ်ဓာတ်ကျခြင်းကို ပိုဆိုးစေတတ်ပါတယ်။

အချိန်ကြာကြာ နှစ်ခြိုက်စွာအိပ်စက်နိုင်အောင် စီမံခြင်းဟာ အိပ်စက်စဉ် အသက်ရှူရပ်ခြင်းကြောင့် ဖြစ်တတ်တဲ့ စိတ်ပူပန်ခြင်း၊ စိတ်ကျခြင်းတို့ကို သက်သာစေပါတယ်။ ဖော်ပြခဲ့တဲ့ အိမ်တွင်းကုထုံးတွေနဲ့ အဆင်မပြေရင်တော့ ဆရာဝန်ပြသသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/healthy-sleep/sleep-apnea-and-depression Accessed Date 11 May 2020

ယခုပုံစံ

26/05/2020

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Ventilator (အသက်ရှူစက်) တွေအကြောင်းသိကောင်းစရာ

ညအိပ်စဉ် ဟောက်ခြင်းနဲ့ အသက်ရှူရပ်ခြင်း


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement