backup og meta

အိပ်ချိန်အကြွေး တွေကို ပြန်ဆပ်လို့ရလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ချိန်အကြွေး တွေကို ပြန်ဆပ်လို့ရလား။

    ဒီနေ့တော့ အိပ်ရေး ပျက်သွားပြီ။ ပြဿနာမရှိပါဘူး။ ပိတ်ရက်ကျ ပေါင်းအိပ်လိုက်မှာပေါ့ ဆိုတာမျိုးကို တွေးဖူးကြမှာပါ။ လူတစ်ယောက် တစ်နေ့ကို ၇-၉နာရီလောက် အိပ်ရမယ်ဆိုပေမယ့် အိပ်ချိန်မပြည့်နိုင်တဲ့အခါ အကြွေးတွေ တင်လာပါတယ်။ ဒီလိုမျိုး အိပ်ချိန်အကြွေး တွေ တင်လာတာက ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။

    အိပ်ချိန်အကြွေး ဆိုတာ

    အိပ်ချိန်အကြွေးဆိုတာ အိပ်သင့်တဲ့ အချိန်နဲ့ တကယ်အိပ်ဖြစ်တဲ့အချိန်ကြားက ကွာဟချက်ပါ။ ဥပမာ လူတစ်ယောက်က တစ်ညကို ၈နာရီ အိပ်သင့်တယ်။ ဒါပေမယ့် တကယ်တမ်း ၆နာရီပဲ အိပ်ဖြစ်တယ်ဆိုရင် ၂နာရီစာ အကြွေးတင်နေမှာပါ။

    အိပ်ချိန်အကြွေးတွေက တိုးရင်းပေါင်း တက်လာတတ်ပါတယ်။ အများစုက အိပ်ချိန်အကြွေးတွေကို နောက်မှပေါင်းအိပ်မယ်လို့ တွေးထားတဲ့အတွက် ဒီညလည်း နောက်ညတွေမှာလည်း မအိပ်ဘဲ နေတတ်ကြပါတယ်။ အိပ်ချိန်အကြွေးအများစုက ညဘက်ဂိမ်းဆော့တာ၊ ရုပ်ရှင်ကြည့်တာတွေကနေ လာတာပဲ ဖြစ်ပါတယ်။

    ပိုဆိုးတဲ့အချက်က အိပ်ချိန်မပြည့်ပေမယ့်လည်း လူက သိသိသာသာ ကျန်းမာရေး ချို့ယွင်းနေတာမျိုး မရှိပါဘူး။ ဒီညအိပ်ပျက်လည်း နောက်မနက် ကော်ဖီသောက်ပြီး ဟန်မပျက် လုပ်နိုင်ပါသေးတယ်။ ဒါပေမယ့် အချိန်ကြာလာတဲ့အခါကျတော့ ခန္ဓာကိုယ်က အိပ်ငိုက်တဲ့ပုံစံ မပြတောင် အာရုံစူးစိုက်လို့ မရတာ၊ အပင်ပန်း မခံနိုင်တာတွေ ဖြစ်လာပါတယ်။

    အိပ်ချိန်အကြွေးတွေကို ပြန်ဆပ်လို့ရလား။

    အများစုကတော့ ပိတ်ရက်တွေမှာ တိုးအိပ်ပြီး (တကယ်က နောက်ကျမှ ထပြီး) အကြွေးဆပ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး တိုးအိပ်တာက အိပ်ချိန်အကြွေးကို တကယ်ပဲ ဆပ်နိုင်မှာလားဆိုတာကတော့ ပြောရခက်ပါတယ်။

    နောက်တစ်ချက်က အိပ်ချိန်အကြွေးဆပ်တာက အများထင်သလို အချိန်တိုးအိပ်လိုက်တာနဲ့ ပြေလည်တာတော့ မဟုတ်ပါဘူး။

    • အကြွေးယူထားရင် အတိုးပါ ပေးရတယ်ဆိုသလိုပဲ အိပ်ချိန်အကြွေးကလည်း အတိုးသတ်ရပါတယ်။ ရှေ့ရက်မှာ အိပ်ပျက်တဲ့ရက်တွေများနေရင် နောက်ရက်တွေမှာ ပြန်ဖြည့်အိပ်လိုက်လို့ လန်းကောင်း လန်းနိုင်ပေမယ့် ခန္ဓာကိုယ်အတွက်တော့ မလုံလောက်ပါဘူး။ လေ့လာချက်တွေအရ အိပ်ချိန်အကြွေး တစ်နာရီ တင်တိုင်းမှာ ၄ရက်လောက် အိပ်ချိန်ပြန်ဖြည့်ဖို့ လိုပါတယ်။ အကြွေးအားလုံး ကျေဖို့ဆိုရင် ၉ရက်လောက် အချိန်ယူရပါတယ်တဲ့။
    • ပိတ်ရက်တွေမှာ အိပ်ချိန်တိုးအိပ်တာက ဇီဝကမ္မဖြစ်စဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ရှေ့ရက်တွေမှာ ည၁၂၊ မနက်၇ ထရာကနေ အကြွေးတင်လို့ ပိတ်ရက်မှာ ည၂၊ မနက်၁၁လောက်ထိ (ပိတ်ရက်ဆိုတော့ ထပ်ပြီး နောက်ကျမှလည်း အိပ်လိုက်သေး) အိပ်လိုက်မယ်ဆိုရင် ကိုယ်တွင်းက ဇီဝနာရီက ပျက်စီးသွားမှာပါ။ ဒီလိုနဲ့ အိပ်ချိန်မမှန်တာကြောင့် ဟော်မုန်းမမျှတာတွေ၊ အဝလွန်တာတွေ ဖြစ်လာနိုင်ပါတယ်။
    • နေ့လယ်နေ့ခင်းမှာ တစ်ရေးတမော အိပ်တာက အိပ်ချိန်အကြွေးကို မကျေစေပါဘူး။ ညက အိပ်ရေး ပျက်ထားလို့ နေ့လယ်မှာ ပြန်အိပ်မယ်ဆိုရင် နိုးလာတဲ့အခါ ခေါင်းကြည်တာကိုတော့ ခံစားရမှာပါ။ ဒါက အိပ်ချိန်အကြွေး ကျေသွားတယ်လို့ မဆိုလိုပါဘူး။ ဒါ့ပြင် နေ့လယ်မှာ အိပ်တဲ့အခါမှာ ခေါင်းကြည်ဖို့ဆိုရင် မိနစ် ၂၀ထက် (အများဆုံး နာရီဝက်) ပိုမအိပ်သင့်ပါဘူး။ ဒါက ညက နာရီနဲ့ချီပြီး တင်ထားတဲ့ အကြွေးတွေကို ကျေစေမှာ မဟုတ်ပါဘူး။

    အိပ်ချိန်အကြွေး အတင်မခံပါနဲ့။

    အကြွေးဆို ဘာအကြွေးမှ မကောင်းတာကြောင့် အိပ်ချိန်ကိုလည်း အကြွေးတင်မခံပါနဲ့။ အိပ်ချိန်အကြွေးက နာတာရှည်ရောဂါတွေကို ဖြစ်နိုင်ခြေ များစေပါတယ်။

    ပိတ်ရက်လောက်ပဲ အိပ်ရေးဝပြီး ကြားရက်မှာ ဆက်တိုက်အိပ်ပျက်နေမယ်ဆိုရင် နောက်ပိုင်းမှာ ကျန်းမာရေး ပြဿနာမျိုးစုံ ကြုံလာရမှာပါ။ အိပ်ရေးပျက်တာက နာတာရှည်ရောဂါတွေ ဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ နောက်ဆုံး ရုတ်တရက်သေဆုံးတာအထိ ဖြစ်စေနိုင်ပါတယ်။

    ဒီလိုမျိုး ဖြစ်ရတာက အိပ်ရေးပျက်တာကြောင့် ညမိုးချုပ်မှာ အစာစားချိန်စိတ်တွေ များလာတာ၊ စားမိတာ၊ ကိုယ်အလေးချိန်တိုးလာတာ၊ ခန္ဓာကိုယ်က အင်လူဆင် တုံ့ပြန်မှုမကောင်းတာ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုအချက်တွေက အိပ်ချိန်အကြွေးကို ပြန်ဆပ်ပြီးသည့်တိုင် ပြန်ကောင်းလာဖို့ မလွယ်ပါဘူး။

    ဒါကြောင့် အစတည်းက အကြွေးမတင်အောင် အိပ်ရေးဝဝ အိပ်တာက အကောင်းဆုံးပါပဲ။

    အိပ်ချိန်အကြွေးကို ဘယ်လိုပြန်ဆပ်ကြမလဲ။ 

    အိပ်ရေးပျက်တာတွေလည်း များနေပြီ။ အကြွေးပြန်ဆပ်မယ်လို့ စဉ်းစားထားတယ်ဆို ဒီနည်းလမ်းတွေကို လိုက်နာဖို့ လိုပါတယ်။

    • အိပ်ချိန်တိတိကျကျ သတ်မှတ်ပါ။

    တစ်နေ့ကို ၈နာရီအိပ်ရမယ်ဆိုပေမယ့် ည၂နာရီကနေ မနက် ၁၀ထိ အိပ်တာနဲ့ ည၁၀နာရီအိပ်ပြီး မနက် ၆နာရီ ထတာက ကွာပါတယ်။ ၈နာရီ ပြည့်ရင် ပြီးရောဆိုပြီး အိပ်ချိန်ခဏခဏပြောင်းနေတာကလည်း အကျိုးမရှိပါဘူး။ ကိုယ်တွင်းမှာ အိပ်ချိန်ကို ထိန်းချုပ်ပေးတဲ့ ဇီဝနာရီဆိုတာ ရှိပါတယ်။ ဒီနာရီလေးမှန်ကန်ဖို့ဆိုရင် အိပ်ချိန် ထချိန်ကို တိတိကျကျသတ်မှတ်ထားဖို့ လိုပါတယ်။

    • စာအုပ်နဲ့ မှတ်ထားပါ။

    ဒီနေ့တော့ ဘယ်အချိန်မှာ အိပ်ပြီး ဘယ်အချိန်မှာ ထတယ်၊ အရင်ရက်တွေက ဘယ်လိုဆိုတာကို ချရေးထားပါ။ ထင်သာမြင်သာရှိလို့ အိပ်ချိန်ကို ပိုပြီး ညှိနိုင်မှာပါ။

    • နေ့လယ်ဘက် တစ်ရေးတမောအိပ်ပါ။

    နေ့လယ်ဘက် အိပ်တာက အကြွေးမကျေနိုင်ပေမယ့် ခေါင်းကြည်ပြီး အနားရစေပါတယ်။ အထူးသဖြင့် ညဆိုင်းဆင်းရပြီး အိပ်ချိန်မမှန်တဲ့သူတွေ၊ အိပ်ချိန်မှန်ဖို့ ခက်တဲသူတွေအတွက် ပိုပြီးသင့်တော်ပါတယ်။ မိနစ်၂၀ထက်တော့ ပိုပြီး မအိပ်မိဖို့ လိုပါတယ်။

    • အိပ်ဖို့အချိန်ပေးပါ။

    ညရောက်ရင် အိပ်ပျော်သွားမှာပဲလို့ မတွေးဘဲ အိပ်ချိန်ကို ကျန်းမာရေးကိစ္စတစ်ခုလို ဂရုစိုက်ပါ။ အိပ်ချိန်အကြွေးက ရက်ပေါင်းများစွာကြာအောင် ဆပ်ရမှာပါ။ ပြီးခဲ့တဲ့ညက အိပ်ချိန် ၂နာရီလျှော့အိပ်မိလို့ ဒီည၂နာရီ တိုးအိပ်လိုက်ရုံနဲ့ ပြေလည်နိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် အစတည်းက ကိုယ့်ရဲ့ အိပ်ချိန်ကို ပြည့်ပြည့်ဝဝရအောင် ကြိုးစားပါ။ ၈နာရီအိပ်ရမှာ ၆နာရီပဲ အိပ်ဖြစ်တယ်ဆို တစ်ရက်ကို ၁၅မိနစ်ဆီလောက် ဖြည်းဖြည်းချင်း တိုးပြီး အိပ်ချိန်ပြည့်အောင် အိပ်ဖို့ လိုပါတယ်။

    • ဆရာဝန်နဲ့ ပြသပါ။

    အိပ်ချိန်အကြွေးတွေကြောင့် ကျန်းမာရေး ထိခိုက်လာပြီလို့ ခံစားရရင် ဒါမှမဟုတ် ညဘက်မှာ အိပ်ပျော်ဖို့ ခက်နေပြီဆိုရင် ဆရာဝန်နဲ့ ပြသဖို့ သင့်ပါတယ်။ အထူးသဖြင့် အိပ်ဆေးတွေကို ဆရာဝန်နဲ့ မတိုင်ပင်ပဲ ကိုယ့်သဘောနဲ့ကိုယ် မသောက်မိဖို့ လိုအပ်ပါတယ်။

    အိပ်ချိန်အကြွေးဆပ်မယ်ဆိုရင်

    အိပ်ချိန်အကြွေးဆပ်တာက အများထင်သလို မရိုးရှင်းပါဘူး။ အတိုးပါ ဆပ်ရတာကြောင့် တစ်ညလောက် အိပ်ရေးပျက်ပြီးရင် ရက်ပေါင်းများစွာ အချိန်ယူပြီး ပြန်ဆပ်ရပါတယ်။ အိပ်ရေးပျက်တာက ရေရှည်မှာ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။
    ဒါကြောင့် အိပ်ချိန်အကြွေးကို ဆပ်လို့ရတယ်။ အိပ်ရေးပျက်တာ ဘာမှမဖြစ်ဘူးလို့ မတွေးဘဲ အစတည်းက အကြွေးကင်းအောင် အိပ်ချိန်ပြည့်ပြည့်ဝဝ အိပ်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement