brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကောင်းကောင်းအိပ်ပျော်ချင်ရင် မအိပ်ခင် ရေနွေးနွေးချိုးပါ

မအိပ်ခင်ရေနွေးနွေးနဲ့ချိုးတာက ညဘက်ကောင်းကောင်းအိပ်ပျော်စေတယ်ဆိုတာ သိတဲ့သူတွေ သိထားပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ဘယ်အချိန်မှာချိုးတာ အကောင်းဆုံးဖြစ်မလဲ ဆိုတာ သုတေသနအသစ်က အဖြေရှာပေးခဲ့ပါတယ်။

ညဘက်မှာ ဖြောင့်ဖြောင့်ဖြူးဖြူး အိပ်မပျော်နိုင်သူအတွက်က ကောင်းကောင်းအိပ်ပျော်စေနိုင်ဖို့ အကြံပြုချက်တွေ အများကြီးရှိပါတယ်။ ဥပမာ – ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ဖို့၊ အိပ်ခန်းလေးကို အိပ်ချင့်စရာဖြစ်အောင်ပြင်ဆင်ဖို့၊ အိပ်ခါနီးမှာ အယ်လ်ကိုဟောတွေရှောင်ဖို့ စတာတွေပေါ့။

ကောင်းကောင်းအိပ်ပျော်ချင်ရင် မအိပ်ခင် ရေနွေးနွေးချိုးပါ

ဒီထဲမှာမှရေနွေးနွေးနဲ့ ရေချိုးတာက လူသိများတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ရေနွေးလေးနဲ့ချိုးတဲ့အခါ ခန္ဓာကိုယ်ကို အကြောအခြင်တွေပြေလျော့စေနိုင်တဲ့အပြင် ခန္ဓာကိုယ်အပူချိန်က ကျသွားလေ့ရှိတာကြောင့်လည်း အိပ်လို့ကောင်းစေတာပါ။

ဒါဆို ဘယ်အချိန်အိပ်အိပ်၊ မအိပ်ခင် ဘယ်နှနာရီအလိုမှာ ချိုးချိုး အကျိုးအာနိသင်အတူတူပဲလား။ ဒီမေးခွန်းကိုUniversity of Texas ရဲ့ သုတေသီ Shahab Haghayegh ဦးဆောင်တဲ့အဖွဲ့က အဖြေရှာလေ့လာခဲ့ကြပါတယ်။

ရေချိုးချိန်နဲ့ အိပ်စက်မှုအရည်အသွေး

ဒီသုတေသနမှာPubMed ၊ CINAHL ၊Cochran ၊Medline၊ PsycInfo နဲ့ Web of Science တို့လို အချက်အလက်အစုအဝေးတွေဆီကလေ့လာမှုစုစုပေါင်း ၅၃၂၂ ခုကို ရှာဖွေဆန်းစစ်ခဲ့ပါတယ်။

သုတေသီတွေက အိပ်စက်မှုအခြေအနေအမျိုးမျိုးအပေါ် ရေကိုအခြေခံတဲ့ ခန္ဓာကိုယ်အပေါ် တဆင့်ခံအနွေးဓာတ်ပေးခြင်း အာနိသင်သက်ရောက်မှုကို အသေးစိတ်လေ့လာခဲ့ကြပါတယ်။

မအိပ်ခင် ၁ နာရီ သို့မဟုတ် ၂ နာရီအလိုမှာ ရေချိုးတာအကောင်းဆုံးပါ

လေ့လာမှုရလဒ်အရ အိပ်လို့ကောင်းချင်တယ်ဆိုရင် မအိပ်ခင် ၁ နာရီ သို့မဟုတ် ၂ နာရီအလိုမှာရေချိုးတာ အကောင်းဆုံးပါတဲ့။ ဒီအကျိုးရလဒ်ကို အမြင့်ဆုံးရချင်ရင်ရေချိုးတဲ့အချိန်ကို ၁၀ မိနစ်ထက်ပိုမကြာဖို့တော့လိုတယ်လို့ ဆိုပါတယ်။

ဒီလိုရေချိုးခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ပင်မအစိတ်အပိုင်းတွေကနေ ခြေဖျားလက်ဖျားတွေအထိသွေးလည်ပတ်မှုကိုပိုကောင်းစေပြီး အပူချိန်လျှော့ချပေးနိုင်ပါတယ်။

ရေနွေးနဲ့ရေချိုးတာက ခန္ဓာကိုယ်အပူချိန်ထိန်းညှိမှုစနစ်ကိုကောင်းမွန်စေပြီးမြန်မြန်ဆန်ဆန်အိပ်ပျော်စေနိုင်တယ်၊ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အပံ့ပေးတယ်လို့ သုတေသီတွေကပြောပါတယ်။

ဒီလေ့လာမှုအရဆိုရင် မအိပ်ခင် ၁ နာရီ၊ ၂ နာရီအလိုမှာ ရေနွေးစပ်ပြီး မြန်မြန်ချိုးလိုက်ရင် ရပြီပဲ။ ဒီနေရာမှာ သတိပေးချင်တာက အိပ်ခါနီးကပ်ပြီး ရေချိုးတာ၊ ချိုးပြီးပြီးချင်း ရေမခြောက်ဘဲ အိပ်တာတွေ မလုပ်ပါနဲ့။ သိပ်အကြာကြီးမချိုးသင့်သလို၊ရေအေးအေးနဲ့လည်းမချိုးပါနဲ့။ ဒါတွေကို လိုက်နာမယ်ဆိုရင် အကြောအခြင်တွေ ပြေပြီး အိပ်လို့ကောင်းသွားပါလိမ့်မယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။