backup og meta

လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 29/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQ

    IQ လို့ သိကြတဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ EQ လို့ သိကြတဲ့ စိတ်ခံစားမှုစွမ်းရည် ထိန်းချုပ်နိုင်စွမ်းတွေနည်းတူ လူ့လောကမှာ အကောင်းဆုံး ရှင်သန်နိုင်ဖို့ အရေးပါတဲ့ စွမ်းရည် တစ်ခုရှိပါတယ်။ ဒါကတော့ လူသိနည်းနေနိုင်သေးတဲ့ AQ (Adversity Quotient) လို့ ခေါ်တဲ့ ပြဿနာတွေ အခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်ပါ။ တိုတိုနဲ့ လိုရင်း ပြောပြရရင် လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း လို့ ဆိုရမှာပေါ့။ အခက်အခဲတွေ ပြဿနာတွေ ကြုံလာတိုင်း အပြုံးမပျက် နေတတ်တဲ့ ဖြေရှင်းကျော်လွှားနိုင်တဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်ပါ။

    ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့၊ အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်ဖို့ ဒီစွမ်းရည်က မဖြစ်မနေ လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့ လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQ အကြောင်းလေး ပြောပြပေးမှာမို့ အတူတူ လေ့လာလိုက်ရအောင်နော်။

    လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်းဆိုတာ

    လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQ ဆိုတာက ပြဿနာတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းဆိုတာထက် အကျယ်တဝင့် ပြောပြရမယ်ဆိုရင် ပတ်ဝန်းကျင် အခြေအနေ အနေအထားနဲ့ လိုက်လျောညီထွေ နေထိုင်တတ်တဲ့ အရည်အသွေး တစ်ခုပါပဲ။

    ပြဿနာတွေ အခက်အခဲတွေ ရင်ဆိုင်ရချိန်မှာ ရှောင်ဖယ်ဖို့၊ အရှုံးပေးဖို့ထက် အကောင်းဆုံး ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းကို စဉ်းစား အဖြေထုတ်တဲ့ စွမ်းရည်ပါ။

    လောကကြီးကို ဒေါင်ကျကျ ပြားပြားကျကျ အပြုံးမပျက်ဘဲ ရင်ဆိုင်နိုင်စွမ်းပေါ့။ ပြဿနာ တစ်ခုခု ဖြစ်လာတဲ့အခါ AQ မြင့်သူတွေက အခက်အခဲတွေကို အကောင်းဆုံး အထိရောက်ဆုံး ဖြစ်မယ့် နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ကြပါတယ်။ စိတ်ဖိစီးမှုတွေ ကင်းစွာနဲ့ သူတို့ရဲ့ စွမ်းအားတွေကို မလိုအပ်ဘဲ ဖြုန်းတီးတာမျိုးတွေ မဖြစ်အောင် ဖြေရှင်း တတ်ကြပါတယ်။

    အရာရာကို အကောင်းဘက်က မြင်တတ်ပြီး အဆိုးမြင်ခြင်းကြောင့် စိတ်ဖိစီးမှုကို မရအောင် နေတတ်သူတွေပါ။ မလွှဲသာ မရှောင်သာ ဆုံးရှုံးမှုတွေ ဖိစီးမှုတွေကို ခံလာရရင်တောင် ဒီလို ဖိစီးမှုတွေ ဆုံရှုံးမှုတွေကို အကောင်းဆုံး သည်းခံနိုင်စွမ်း ရှိကြပါတယ်။ ခက်ခဲတဲ့ အချိန်တွေကို ဖိစီးမှု အနည်းဆုံး နည်းလမ်းတွေနဲ့ ဖြေရှင်းတတ်သူတွေပေါ့။

    အခက်အခဲတွေကို ရှောင်လွှဲတာ ပုံကြီးချဲ့တာတွေလိုမျိုး နိယာမတွေနဲ့ ခပ်ဝေးဝေးမှာ နေနိုင်သူတွေပါ။ အလုပ်ထဲက ဖိစီးမှုတွေ ဒေါသတွေကို အိမ်ပြန် သယ်မလာတတ်သလို အိမ်က စိတ်ညစ်စရာ တွေးစရာတွေကြောင့်လည်း အလုပ်ကို မထိခိုက်စေသူတွေပါ။

    ရောမ ရောက်ရင် ရောမလို ကျင့်တတ်ပြီး ရောက်ရှိရာ ပတ်ဝန်းကျင် ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေ နေတတ်သလို အဆိုးမြင်စိတ်လည်း ကင်းကြပါတယ်။ ရှုံးနိမ့်မှုတွေမှာ အခြားသူတွေကို အပြစ်တင်တာမျိုး မလုပ်ဘဲ နောက်တစ်ကြိမ်မှာ အားနည်းချက် မရှိစေဖို့ အလားတူ အမှားမဖြစ်စေဖို့ ကိုယ့်ကိုယ့်ကိုယ် စွမ်းရည် မြှင့်တင်တတ်ကြသူတွေပေါ့။

    အောင်မြင်ပြီး ခေါင်းဆောင်မှု စွမ်းရည် မြင့်မားကြသူ အတော်တော်များများက ဆုံးရှုံးမှုတွေကို ကြုံတွေ့ရချိန်မှာ အကောင်းဆုံး ဖြေရှင်းကျော်လွှားနိုင်တဲ့ AQ မြင့်မားကြသူတွေပါ။ ဒီလိုဆို တိုးတက်အောင် AQ စွမ်းရည်ကို ပျိုးထောင်လို့ မရဘူးလားဆိုတော့ ရပါတယ်။ ဘယ်လို ပျိုးထောင်ရမလဲဆိုတာကိုတော့ အတူတူ ကြည့်လိုက်ရအောင်နော်။

    လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQ တိုးတက်စေဖို့

    လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQတိုးတက်စေဖို့ ဒီနည်းလမ်း ၄ ခုကို လိုက်နာ ကျင့်သုံးဖို့ လိုပါမယ်။

    • ကြည့်ပါ

    ကိုယ်ရဲ့ လူနေမှုဘဝမှာဖြစ်ဖြစ် လုပ်ငန်းနယ်ပယ်မှာဖြစ်ဖြစ် ပြောင်းလဲမှုတွေ လိုအပ်နေတဲ့ ပြောင်းလဲမှုတွေကို မြင်အောင် ကြည့်ပါ။ လက်ခံပါ။ ဘယ်လို ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်မလဲဆိုတာကို သေချာလေး အကဲဖြတ်ပါ။

    ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ကိုယ်တိုင် လုပ်ဆောင်ပါ။ ပွင့်လင်းမြင်သာမှု ရှိတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ပါ။ အခြားသူတွေရဲ့ အမြင်တွေကို ရယူပါ။ အခြားသူတွေရဲ့ အမြင်တွေကို ပွင့်လင်းစွာ ရရှိနိုင်ဖို့ မလွယ်ပေမယ့်လည်း AQ တိုးတက်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဖို့ဆိုရင်တော့ အတော်လေး အရေးပါမယ်ဆိုတာ သတိရပါ။

  • လက်ခံပါ
  • ကြုံလာရတဲ့ အခြေအနေတွေကို လက်ခံပါ။ ပြောင်းလဲမှုတွေ လုပ်တဲ့အခါ အချို့သော နေရာတွေမှာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရပြီး ရှုံးနိမ့်နိုင်တယ်ဆိုတာကို လက်ခံပါ။ ဒါပေမယ့် ဒီအရှုံးတွေကြောင့် ပန်းတိုင်ကို လက်လျှော့လိုက်တာမျိုးတော့ မဖြစ်ပါစေနဲ့။

    • ဖြေရှင်းပါ

    ပြဿနာ တစ်ခုခု အခက်အခဲ တစ်ရပ်ရပ် ရင်ဆိုင်ရချိန်မှာ ဒီပြောင်းလဲမှု အခြေအနေအခက်အခဲကို ဘယ်လို အောင်မြင်အောင် လုပ်ဆောင်လို့ ရမလဲဆိုတဲ့ နည်းလမ်းတွေ လုပ်ငန်းစဉ် အဆင့်ဆင့်တွေကို ကိုယ့်ကိုယ့်ကိုယ် ဆက်တိုက် မေးခွန်းထုတ်ပါ။

    ကိုယ်တိုင်က ဘာလုပ်နိုင်မလဲဆိုတာနဲ့ သူမတူတဲ့ ဖြေရှင်းနည်း အသစ်တစ်ရပ်ရပ်နဲ့ ဖြေရှင်းနိုင်ဖို့ ကိုယ့်ရဲ့ တွေးတောနိုင်စွမ်းကို အစွမ်းကုန် အသုံးချပြီး ဖြေရှင်းပါ။

    • လုပ်ပါ

    အပြောင်းအလဲတွေ သူမတူတဲ့ ကောင်းမွန်တဲ့ ဖြေရှင်းနည်းတွေကို ရဲရဲ လုပ်ဆောင်ပါ။ ပြဿနာတွေ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းသစ်တွေကို လက်တွေ့ အကောင်အထည်ဖော်ပြီး အောင်မြင်အောင် လုပ်ဆောင်ပါ။

    ဒီနည်းလမ်းလေးတွေကို ကျင့်သုံးရင်း နေ့စဉ်ဘဝမှာ ကြုံရနိုင်တဲ့ အခက်အခဲတွေကို မရှောင်လွှဲဘဲ အကောင်းဆုံး ဖြစ်မယ့် နည်းလမ်းတွေနဲ့ ရင်ဆိုင်ဖြေရှင်းမယ်ဆိုရင် AQ စွမ်းရည်လည်း တိုးတက်လာပြီး နေ့စဉ်ဘဝမှာရော လုပ်ငန်းခွင်မှာပါ အောင်မြင်ပျော်ရွှင်မှုတွေကို ရရှိစေမှာပါ။

    ပြဿနာတွေ ကြုံလာရင် အရှုံးမပေးဘဲ အကောင်းဆုံး ဖြစ်မယ့် နည်းလမ်းတွေနဲ့ တွေးတောဖြေရှင်းရင်း လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQ ကို မြှင့်တင်လို့ ရပါတယ်။ AQ ကောင်းလေလေ စိတ်ဖိစီးမှု ကင်းပြီး ပေါင်းသင်းဆက်ဆံရေးရော ခေါင်းဆောင်မှုပါ ကောင်းပြီး ထက်မြက်တဲ့သူ တစ်ယောက်ဖြစ်လာမှာပါ။

    စကားလက်ဆောင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 29/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement