လူတိုင်းကတော့ မွေးလာပြီးတာနဲ့ အို၊ နာ၊ သေ သံသရာစက်ဝန်းအောက်မှာ ကျင်လည်နေကြတာပါ။ လောကဒဏ်ဆိုတာလည်း ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုတဲ့ လူတစ်ယောက်ကိုတောင်မှ ပြိုလဲသွားနိုင်အောင် တိုက်စားနိုင်တာကိုး။ ဒီလိုဒဏ်တွေကို မခံနိုင်တော့တဲ့အဆုံး လူ့ဘဝထဲက ထွက်ခွာသွားဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ လူတွေဆိုတာလည်း တဖြည်းဖြည်းနဲ့ များလာနေပါတယ်။ လူတွေကိုသတ်မသေဖို့ ပြောနေပေမယ့် သေမင်းတံခါးဝမှ ကျောခိုင်းလှည့်ထွက်သွားဖို့ ကြိုးစားခြင်း က ထင်သလောက် မလွယ်ပါဘူး။
လူတွေ ဘာကြောင့် သေကြောင်းကြံစည်ဖို့ ဆုံးဖြတ်ချက်ချတာလဲ။
ဘာသာတရားနဲ့ သက်ဆိုင်မှုမရှိဘဲ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် စိတ်ကျန်းမာရေး ပြဿနာမျိုးစုံ ကြုံတွေ့နေရတဲ့သူတွေ၊ အဘက်ဘက်ကနေ တိုက်ခိုက်မှု၊ ဖိနှိပ်မှုကို ခံနေကြရတာ၊ ပတ်ဝန်းကျင်၊ တချို့သောမိဘဆွေမျိုး အသိုင်းအဝိုင်းမှာ ကြုံလာခဲ့ရသမျှ စိတ်ဒုက္ခတွေ။
ဒါတွေအားလုံးက အတွေးထဲမှာ ပိတ်မိသွားတဲ့အခါ လူတွေက ထွက်ပြေးဖို့ကို ကြံစည်လာကြပါတယ်။ ဒါပေမယ့်လည်း ဒီအရာတွေဆိုတာ ထွက်ပြေးလို့ ရတဲ့အရာမှမဟုတ်တာ။
အဲ့တော့ သည်းခံပြီး ဆက်လုပ်ရင်း အောင်မြင်လာမလား၊ အဆင်ပြေသွားမလားလို့ မျှော်လင့်၊ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အပြင် အခြေအနေတွေက ပိုဆိုးသွားပြီဆိုရင် စိတ်ဖိစီးမှုတွေ၊ စိတ်ကျရောဂါတွေက အရိပ်မည်းကြီးလို ကိုယ့်အနောက်က လိုက်လာပြီး အိပ်မပျော်၊ စားမဝင်ဖြစ်၊ အရာရာက မီးခိုးမှိုင်းကျနေသလို မှောင်မိုက်နေတော့တာပါပဲ။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်လိုက်ကြတော့တာပေါ့။
သေကြောင်းကြံစည်တယ်ဆိုတာ ရုတ်တရက်ဖြစ်လာတဲ့ စိတ်ခံစားချက်လား။
လူတော်တော်များများက စိတ်ညစ်ရင် သေချင်လိုက်တာလို့ ညည်းတတ်ကြပါတယ်။ တကယ်သေချင်တာမျိုး မဟုတ်ဘဲ သူတို့စိတ်ညစ်နေတဲ့ အရာကနေ ဝေးဝေးထွက်သွားချင်တဲ့ စိတ်နဲ့ ပြောတတ်ကြတာပါ။
အမှန်တကယ် သေကြောင်းကြံစည်တဲ့ သူတွေမှာ အရင်ကတည်းက ဒီလိုစိတ်တွေ ရှိနေတတ်တဲ့အပြင် စိတ်ဖိစီးမှု၊ စိတ်ကျရောဂါ၊ အထီးကျန်ဆန်မှု၊ သိမ်ငယ်စိတ်တွေနဲ့ တစ်ယောက်တည်း ရင်ဆိုင်နေရတာ ကြာလာတဲ့အခါ ဒီလိုအတွေးတွေ မကြာခဏဆိုသလို ဝင်လာတတ်ပါတယ်။
လူတွေ ထင်ထားသလို သေကြောင်းကြံစည်ခြင်းဟာ ပျော့ညံ့တယ်ဆိုတာတော့ မဟုတ်ပါဘူး။ ပြဿနာတစ်ခုကို ထိပ်တိုက်ရင်ဆိုင်တာ အရမ်းကြာသွားတဲ့အခါ စိတ်ရော၊ လူပါ လုံးပါးပါးသွားပြီး ဘယ်လိုမှ တိုက်ခိုက်ဖို့ အင်အားမရှိတော့ဘူးဆိုပြီး လက်လျှော့လိုက်တာပါ။ ကိုယ့်စိတ်ကို ဖြည်းဖြည်းချင်း သတ်နေတဲ့ အရာအားလုံးကနေ အပြီးအပိုင်လွတ်မြောက်သွားချင်တဲ့ စိတ်ကြောင့်သာ လုပ်တတ်ကြတာပါ။
သေမင်းတံခါးဝမှ ကျောခိုင်းလှည့်ထွက်သွားဖို့ ကြိုးစားခြင်း
သင့်မှာရော ဒီလိုအတွေးတွေ ဝင်လာဖူးလား။ ဝင်လာရင်ရော ဘာဆက်လုပ်သင့်လဲ။ စိတ်ညစ်နေတုန်း ခဏပဲ ပေါ်လာတာမျိုးမဟုတ်ဘဲ ဒီအတွေးတွေ အမြဲလိုလို ဝင်နေပြီဆိုရင်တော့ အမြန်ဖျောက်တာ အကောင်းဆုံးပါပဲ။
ကိုယ့်ရဲ့ စိတ်ထဲမှာ ဒီအတွေးတွေနဲ့ ပြည့်နေမယ်ဆိုရင် စိတ်အခြေအနေက ပိုဆိုးသွားဖို့ပဲ ရှိတော့မှာပါ။ ဘယ်လိုလုပ်သင့်လဲဆိုတာ မသိသေးရင်တော့ ဒီနည်းလမ်း (၄) ချက်ကို လုပ်ကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။ ကဲ … သေမင်းတံခါးဝမှ ကျောခိုင်းလှည့်ထွက်သွားဖို့ ကြိုးစားခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။
၁။ ကိုယ့်ရဲ့ စိတ်ကို တခြားဘက်ကို အာရုံလှည့်ပြောင်းပါ။
လူတွေဆိုတာ ကိုယ့်ရဲ့ နာကျင်မှုသည်သာ အကြီးမားဆုံးလို့ ထင်တတ်ကြတာ သဘာဝပါပဲ။ အဲ့တော့ တော်တော်လေးကို စိတ်က ဆိုးဆိုးရွားရွား ညစ်နေပြီဆိုရင်တော့ နာကျင်စေတဲ့ အကြောင်းအရာတွေ၊ ကိစ္စတွေမှန်သမျှကို ခဏမေ့ထားပြီး အလုပ်တစ်ခုခု ထလုပ်ပါ။
တအားစိတ်ညစ်နေလား။ အိမ်ရှင်းတာဖြစ်ဖြစ်၊ ခရီးသွားတာဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ပြီး စကားပြောပါ။ ရုပ်ရှင်ကြည့်ပါ။ ဘာပဲလုပ်ရလုပ်ရ အဆင်ပြေပါတယ်။ စိတ်ညစ်နေပါတယ်ဆိုကာမှ ဒီစိတ်ညစ်စရာတွေပဲ ဆက်တွေးနေရင်တော့ ဘယ်လိုမှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ပါဘူး။
၂။ ကိုယ်မရှိရင် တခြားသူတွေ ပိုပြီးပျော်ရွှင်ရမှာပါလို့ တွေးနေပြီလား။ အဲ့အတွေးတွေ ဖျောက်ပါ။
ဒါကတော့ စိတ်ကျရောဂါရှင်တွေ တွေးလေ့တွေးထရှိတဲ့ ပုံစံမျိုးပါ။ ငါသာမရှိရင် ငါ့ဘေးနားက လူတွေ အေးချမ်းသွားမှာပါ၊ အဆင်ပြေသွားမှာပါ၊ ငါဆိုတဲ့ လူတစ်ယောက်မရှိလို့လည်း ကမ္ဘာကြီးက ပိုပြီးနေလို့ ကောင်းသွားမှာပါ။ အဲ့လိုအတွေးတွေကို စတင်ဖျောက်ဖို့ လိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတွေးကြည့်ပါ။ ဘဝမှာ ကောင်းတဲ့အရာတွေ ဘယ်နှစ်ခုလုပ်ဖူးလဲ၊ ကိုယ့်ကြောင့် ဘယ်သူတွေ ပျော်ရွှင်ခဲ့ရဖူးလဲ၊ ကိုယ်ချစ်ရတဲ့သူတွေမျက်နှာမှာ ကိုယ့်ကြောင့် အပြုံးပန်းလေးတစ်ပွင့် ဖန်ဆင်းပေးနိုင်ခဲ့လား၊ ငါမရှိတဲ့အခါ ငါ့ကိုချစ်ရတဲ့သူတွေ ဘယ်လောက်ထိ ပူဆွေးဝမ်းနည်းလိုက်မလဲ အစရှိသဖြင့် ပြန်ပြီးတွေးကြည့်ပါ။
၃။ စိတ်ကုထုံးနဲ့ ကုသမှုခံယူပါ။
စိတ်ကျန်းမာရေးအတွက် ကုသမှုခံယူရာမှာ စိတ်ရောဂါကုထုံးပညာရှင်တွေဟာ အသင့်တော်ဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက် စိတ်ထဲမှာ ဖြစ်နေတဲ့အရာတွေကို မှန်သည်၊ မှားသည်၊ ဝေဖန်ကဲ့ရဲ့တာမျိုး မလုပ်ဘဲ ကိုယ့်ရဲ့ ဆွေးနွေးဖော် တိုင်ပင်ဖက် အဖြစ် ရှိနေပေးတာကြောင့်ပါပဲ။
ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့အရာတွေ၊ ကြုံလာခဲ့သမျှ မိသားစု၊ အလုပ်အကိုင်၊ လူမှုရေးရာ ပြဿနာအရှုပ်အထွေးတွေ အကုန် ပြောပြီးတဲ့နောက်မှာ ကိုယ်ခံစားနေရတဲ့ ဝေဒနာပေါ်မူတည်ပြီး စိတ်ကုထုံးနဲ့ ကုသပေးတာ၊ စိတ်ရောဂါကု ဆရာဝန်နဲ့ တိုင်ပင်ပြီး စိတ်ကျရောဂါ သောက်ဆေး၊ စိတ်ငြိမ်ဆေး အစရှိသဖြင့် ဆေးအညွှန်းတွေလည်း ပေးမှာပါ။
၄။ တစ်ယောက်တည်း ဘယ်တော့မှ မနေပါနဲ့။
လူတွေက တစ်ယောက်တည်း ရှိနေတဲ့အချိန်ဆိုရင် ပိုပြီး အထီးကျန် ဆန်တတ်တာ သဘာဝပါ။ ဒီလိုကိုယ့်စိတ်ကို ဒုက္ခဖြစ်စေတဲ့ အတွေးတွေ အမြဲပြည့်နေတဲ့ လူတစ်ယောက်က ပိုပြီး တစ်ယောက်တည်း နေဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် စိတ်ညစ်နေတဲ့အချိန် ကိုယ်ချစ်ရတဲ့မိသားစုတွေနဲ့ စကားပြောပါ။ ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အပြင်ထွက်လျှောက်သွားပါ။
ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ညစ်စရာတွေ၊ ပြဿနာအရှုပ်တွေ ဖွင့်ပြောပြပါ။ အနည်းဆုံး သူတို့အနေနဲ့ မကူညီပေးနိုင်ရင်တောင် သင့်ကို စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ လုပ်ပေးနိုင်မှာပါ။ ဒါ့အပြင် ဒီလိုကိစ္စတွေကို တစ်ယောက်တည်း ရင်ထဲသိမ်းဆည်းမထားဘဲ ဖွင့်ထုတ်ပြောပြလိုက်ရင် ကိုယ့်အတွက်လည်း အနည်းဆုံးတော့ ပေါ့သွားတယ်လို့ ခံစားရစေမှာပါ။
မကောင်းတဲ့ အတွေးတွေဆိုတာ ကိုယ့်စိတ်ကို သတ်နေတဲ့ အဆိပ်ပါပဲ။ ဒါကြောင့် ဘယ်အရာမဆို ကိုယ်တစ်ယောက်တည်း ကြိတ်မှိတ်ပြီး မခံစားပါနဲ့။ စိတ်ကျန်းမာရေးအတွက် ကုသမှုခံယူဖို့ မရှက်ပါနဲ့။
ပြဿနာပေါင်းများစွာ ကြုံတွေ့နေရချိန်မှာ ထွက်ပြေးလွတ်မြောက်ချင်စိတ်တွေ ဖြစ်လာနိုင်တယ်ဆိုပေမယ့် မနက်ဖြန်တိုင်းမှာ မျှော်လင့်ချက် လင်းရောင်ခြည်ဆိုတာ အမြဲရှိပါတယ်။ အမြဲတမ်းအကောင်းဆုံးဖြစ်ဖို့ ကြိုးစားနေသ၍၊ ဘဝပန်းတိုင်တွေဆီ ရောက်အောင် တက်လှမ်းနေသ၍၊ ကိုယ်မျှော်လင့်ထားသမျှ အကောင်အထည်ဖော်နိုင်မှာပါ။ လူသားတိုင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်ကျော်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
[embed-health-tool-bmi]