ဒီဇင်ဘာက လွမ်းစေသလား

    ဒီဇင်ဘာက လွမ်းစေသလား

    ကဲ ….. အားလုံးပဲ Sweet December ပါနော်။ ဒီဇင်ဘာလမှာ ပိတ်ရက်တွေ၊ ပွဲတော်တွေ များသလို တစ်နှစ်တာလုံး ပင်ပန်းသမျှကို ဖြေဖျောက်ဖို့ ခွင့်ရက်ရှည်တွေ ယူကြ ခရီးသွားကြတာတွေ လုပ်ကြတဲ့ ကာလပေါ့။ ရုပ်ရှင်တွေထဲမှာဆိုရင် ဒီဇင်ဘာလ ပွဲတော်ရက်တွေ ရောက်မှ မမျှော်လင့်ဘဲ အဆက်အသွယ် ပျက်နေတာကြာပြီဖြစ်တဲ့ ရည်းစားဟောင်းက ဆက်သွယ်လာတာ၊ အပြင်မှာ မထင်မှတ်ဘဲ ဆုံမိတာမျိုးတွေကို ကြည့်ဖူးမှာပေါ့။ စာဖတ်ပရိသတ်ကြီးရော ဒီလို ခံစားဖူးကြလား!

    ဒီဇင်ဘာလရောက်ပြီဆိုရင် အေးမြတဲ့ ရာသီဥတုနဲ့အတူ ပျော်ရွှင်မှုကို ခံစားကြရပါတယ်။ အဝေးရောက်နေသူတွေ ပြန်ရောက်လာတော့မယ်။ မိသားစုအချိန်လေး ဖန်တီးနိုင်တော့မယ်ဆိုပြီး ပျော်ရွှင်ကြသူတွေ ရှိသလို အဆက်အသွယ် ပျက်နေသူတွေနဲ့ ပြန်ဆုံရတော့မလား …… ပြတ်စဲထားတဲ့ တစ်ယောက်သောသူနဲ့ပဲ ပြန်ဆုံစည်းတော့မလား …… crush ဆီကပဲ ဆက်သွယ်မှုတွေ ရတော့မလား ….. ဆိုပြီး ခံစားနေရသူတွေ ရှိနေနိုင်ပါတယ်။ ဒီခံစားချက်တွေကို ကျန်တဲ့အချိန်တွေထက် ဒီဇင်ဘာလမှာ ပိုခံစားကြရပါတယ်။ ဒါကြောင့် ဒီဇင်ဘာက လွမ်းစေသလား လို့ ပြောရတာပေါ့။

    ဒီဇင်ဘာက လွမ်းစေသလား

    ဒီဇင်ဘာက လွမ်းစေသလား ဆိုတော့ ဒီဇင်ဘာလက တစ်နှစ်တာရဲ့ အခက်အခဲဆုံး လတစ်လပါ။ ပျော်ရွှင်မှုတွေ၊ လွမ်းဆွတ်မှုတွေ၊ သတိရခြင်းတွေနဲ့ ပြည့်နှက်နေတတ်ပြီး ရာသီဥတုကလည်း အလွမ်းဓာတ်ခံရှိသူတွေကို ပိုလို့ လွမ်းစေအောင် အားဖြည့်ပေးနေလေရဲ့။

    ဒီဇင်ဘာ အားလပ်ရက်တွေက အကောင်းဆုံးတွေကိုရော အဆိုးဆုံးတွေကိုပါ ပေးစွမ်းနေပါတယ်။ မိသားစုတွေ ချစ်ရသူတွေ အနားမှာရှိသူအဖို့ ပျော်စရာကောင်းပေမယ့် အဝေးရောက်နေလို့ မဆုံဖြစ်တဲ့ မိသားစုတွေ၊ ချစ်သူနဲ့ ပြတ်စဲထားလို့ တစ်ကိုယ်တည်း ဖြစ်နေသူတွေအတွက်တော့ အတော်လေး လွမ်းစရာ ကောင်းမှာပါ။ မကြာသေးခင်ကမှ ချစ်ရသူ တစ်ဦးဦးကို ဆုံးရှုံးထားရသူတွေအဖို့တော့ ဒီဇင်ဘာရဲ့ အားလပ်ရက်တွေက လွမ်းဆွတ်စရာတွေနဲ့ ပြည့်နှက်နေမှာ အသေအချာပါပဲ။

    ဒါပေမယ့် လွမ်းဆွတ်စရာ ဒီဇင်ဘာကို အကောင်းဆုံး ကျော်ဖြတ်နည်းတွေ ရှိပါတယ်။ ဘာတွေ ဖြစ်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဒီဇင်ဘာရဲ့ လွမ်းဆွတ်မှုကို အခုလို ကျော်ဖြတ်ပါ

    ဒီဇင်ဘာကြောင့် လွမ်းဆွတ်မှုတွေကို ခံစားလာရပြီဆိုရင် အရင်ဆုံးလုပ်ရမှာက ပျော်စရာကောင်းတဲ့ အတွေးတွေကို တွေးဖို့ပါ။ ပြီးရင်တော့ အားနေတဲ့အချိန်တွေမှာ ရယ်ရတဲ့ ရုပ်ရှင်လေးတွေ ကြည့်ရင်း အချိန်ဖြုန်းလိုက်ပါ။ ပျော်ရွှင်စေတဲ့ သီချင်းလေးကို ဖွင့်ပြီး နားထောင်ရင်း စိတ်လွတ်လက်လွတ် လိုက်ဟစ်လိုက်တာကလည်း နည်းလမ်းကောင်းပါပဲ။ စိတ်ခံစားမှု ကောင်းစေမယ့် နေရာ တစ်ခုခုဆီကို ခရီးထွက်တာကလည်း လွမ်းစရာလေးတွေကို ချန်ထားခဲ့နိုင်မယ့် နည်းလမ်းကောင်းပါ။ ကဲ …. ဒီဇင်ဘာကို အကောင်းဆုံး ဘယ်လိုကျော်ဖြတ်ကြမလဲ ဆိုတော့

    • ပျော်စရာ အတွေးလေးတွေကို နေရာပေးပါ

    ဒီဇင်ဘာရဲ့ အလွမ်းဒဏ်ကို ရှောင်ဖို့ဆိုရင် စိတ်ထဲမှာ တွေးရင်းနဲ့ စိတ်မကောင်းစရာတွေ ခံစားလာရပြီဆိုရင် စိတ်မကောင်းမှုကို ဖြစ်စေနိုင်တဲ့ အတွေးတွေ တွေးနေတာကို ရပ်ပစ်ပြီး ပျော်စရာကောင်းစေတဲ့ အတွေးတွေကိုပဲ တွေးလိုက်ပါ။

    • ရယ်ရတဲ့ ရုပ်ရှင်လေးတွေနဲ့ အချိန်ဖြုန်းပါ

    ကိုယ့်ကိုယ်ကိုယ် စိတ်ထိခိုက်မှုတွေကနေ ကာကွယ်ဖို့အတွက် ရယ်ရတဲ့ ရုပ်ရှင်လေးတွေကို ကြည့်ပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်ပါ။ ဒီလို ပေါ့ပေါ့ပါးပါး ရယ်လိုက်တာက စိတ်လက်ပေါ့ပါးစေပြီး စိတ်ဓာတ်ကျတာ စိတ်ဖိစီးတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    • သီချင်းနားထောင်ရင်း စီးမျောလိုက်ပါ

    သီချင်း နားထောင်ပါဆိုတဲ့နေရာမှာ အဆွေးသီချင်း နားထောင် ခိုင်းတာမျိုး မဟုတ်ပါဘူး။ မြူးမြူးကြွကြွနဲ့ လန်းဆန်းတက်ကြွစေမယ့် သီချင်းမျိုးပါ။ ဒီလို မြူးမြူးကြွကြွ သီချင်းလေးတွေ နားထောင်ပြီး စိတ်လက်ပေါ့ပါးစွာနဲ့ လိုက်ဆိုချင်လည်း လိုက်သာဆိုပစ်လိုက်ပါ။ ဒါမှ စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး စိတ်ပျော်ရွှင်စေနိုင်တဲ့ ဟော်မုန်းတွေ ထွက်လာမှာကိုး။

    • ခရီးထွက်ရင်း အပန်းဖြေပါ

    စိတ်လက်ပေါ့ပါးစေမယ့် ခရီးတစ်ခုခု ထွက်လိုက်ပါ။ ကမ်းခြေသွားတာမျိုး၊ တောင်တက်တာမျိုးတွေက စိတ်လက်ပေါ့ပါးစေပြီး လွမ်းဆွတ်မှုတွေ၊ စိတ်ဓာတ်ကျတာတွေ၊ စိတ်ဖိစီးတာတွေကို သက်သာစေမှာပါ။

    • ပေးကမ်းပါ

    ကိုယ်မှာရှိတဲ့ ပိုလျှံနေတာတွေကို လိုအပ်သူတွေကို လှူဒါန်းပေးကမ်းတာမျိုး လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ပီတိဖြစ်စေပြီး စိတ်ကျေနပ်မှု ရစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    • ပြုံးပါ

    လူတိုင်းကို အပြုံးလေးနဲ့ ဆက်ဆံပေးပါ။ သိတဲ့သူတွေကိုရော မသိတဲ့သူတွေကိုရောပေါ့။ အကြည့်ချင်းဆုံလာတဲ့သူတိုင်းကို နှစ်လိုဖွယ် အပြုံးလေးနဲ့ ပြုံးပြတာက စိတ်ဖိစီးတာနဲ့ စိတ်ဓာတ်ကျတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    • ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

    ဒီဇင်ဘာလက ကျန်းမာရေးအတွက် လေ့ကျင့်ခန်း လုပ်လို့ ကောင်းပါတယ်။ ဒါကြောင့် လမ်းလျှောက်တာကစလို့ Gym ဆော့တာ၊ Zumba ကတာ၊ ယောဂလေ့ကျင့်တာတွေ လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    နောက်ဆုံး အနေနဲ့ သတိပေးချင်တာက အားလပ်ရက်တိုင်းက ပျော်စရာတွေနဲ့ပဲ ပြည့်နှက်နေတာမျိုး မဟုတ်တာကြောင့် စိတ်မကောင်းဖြစ်တာ၊ ဝမ်းနည်းတာတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် လွမ်းတာလည်း လွမ်းရင်း ကိုယ့်ကိုယ်ကိုယ်လည်း မထိခိုက်စေဖို့ သတိထားကြပါ။ ပျော်စရာကောင်းတဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော် ချစ်ရတဲ့ စာဖတ်ပရိသတ်ကြီးရေ ………..

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement