Valentine’s day blues က လူတိုင်းမှာ မရှိနိုင်ပေမယ့် အချို့သူတွေမှာတော့ နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်လေ့ရှိတဲ့ ချစ်သူများနေ့ Valentine’s day ကို မနှစ်သက်တာ၊ Valentine’s day ကြောင့် စိတ်ဖိစီးသူတွေလည်း ရှိမှာပါ။ ဒီလိုမျိုး ချစ်သူများနေ့ကြောင့် စိတ်ဖိစီးမှုကို ခံစားရတဲ့ သူလေးတွေအတွက် ဒီတစ်ခေါက်တော့ Valentine’s day blues ကို ဘယ်လိုကျော်လွှားကြမလဲ ဆိုတဲ့ အကြောင်းလေး ဝေမျှပေးသွားပါမယ်။
Valentine’s day က လူတိုင်းအတွက် ပျော်ရွှင်စရာ နေ့တစ်နေ့တော့ မဟုတ်ပါ
Valentine’s day က လူတိုင်းအတွက် ပျော်စရာကောင်းတဲ့ နေ့တစ်နေ့လို့ တထစ်ချ သတ်မှတ်လို့ မရပါဘူး။ ဒီလိုနေ့မှာ ကိုယ်က ချစ်သူမရှိဘဲ တစ်ကိုယ်တည်း ဖြစ်နေတာကြောင့် စိတ်ဖိစီးတာမျိုး ရှိနိုင်သလို ကိုယ့်ရဲ့အချစ်ရေးက ထင်သလောက် စိတ်ကျေနပ်မှု မရှိတာကြောင့်လည်း ချစ်သူများနေ့ရောက်လာမှာကို သဘောမတွေ့တာမျိုးလည်း ရှိနိုင်ပါတယ်။
တကယ်ကတော့ Valentine’s day က ချစ်သူများနေ့ဆိုပေမယ့် လူတိုင်းအတွက် ပျော်ရွှင်ကြည်နူးမှုတွေကိုပဲ ယူဆောင်လာတာ မဟုတ်ပါဘူး။ စိတ်ဖိစီးစရာတွေကိုလည်း ယူဆောင်လာတတ်ပါသေးတယ်နော်။
Valentine’s day blues ကို ဘယ်လိုကျော်လွှားကြမလဲ
Valentine’s day blues ကို ဘယ်လိုကျော်လွှားကြမလဲ ဆိုတော့
- ဆိုရှယ်မီဒီယာကနေ ခဏလောက် ကင်းကွာလိုက်ပါ
ချစ်သူများနေ့မှာ တက်လာမယ့် new feed တွေရဲ့ အများစုက ချစ်သူများနေ့ လက်ဆောင်ရတာတွေ၊ ဘယ်လို ပျော်ရွှင်ကြည်နူးမိတယ်ဆိုတဲ့ ပို့စ်တွေ ဖြစ်ဖို့ များပါတယ်။ ဒီလို ပို့စ်တွေက နဂိုကတည်းက ချစ်သူများနေ့ကြောင့် စိတ်ဖိစီးမှုကို ခံစားနေရသူအတွက် စိတ်ဖိစီးမှု ပိုသွားဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီ ၁၄ မတိုင်ခင် ၁ ရက်လောက်ကနေစလို့ ၃ – ၄ ရက်လောက် ဆိုရှယ်မီဒီယာကို ကင်းကွာနေလိုက်ပါ။
- ကိုယ်တိုင်အတွက် ကိုယ့်ဘာသာ ဖန်တီးလိုက်ပါ
ချစ်သူများနေ့မှာ အခြားသူတွေဆီက ပန်းစည်းတွေ၊ ချောကလက်တွေ၊ အရုပ်တွေ ရမှရယ် မဟုတ်ပါဘူး။ ကိုယ့်အတွက် ကိုယ်နှစ်သက်ရာ တစ်ခုခုကို ဝယ်ပြီး လက်ဆောင်ပေးလို့လည်း ရသလို စားချင်တာလေး သွားစားတာ၊ ကိုယ်တိုင်အတွက် ငွေကြေးသုံးစွဲတာမျိုးတွေ လုပ်ပေးလို့လည်း ရပါတယ်။ ဥပမာ – ဆံပင်ညှပ်တာ၊ ခြေသည်းလက်သည်းလေးတွေ ပုံသွင်းတာ၊ အဝတ်အစား ဝယ်တာလိုမျိုးပေါ့။
- အနီးဆုံးက ချစ်ရသူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေလိုက်တာ
ချစ်သူများနေ့ဆိုတာ ချစ်သူရည်းစားတွေမှာ အတူပျော်ရွှင်ရမယ်လို့ မဆိုလိုပါဘူး။ ချစ်ရတဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ မောင်နှမတွေနဲ့လည်း အချိန်တွေကို ကုန်ဆုံးလို့ ရပါတယ်။ ဒါကြောင့် ချစ်ရတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးပစ်တာကလည်း Valentine’s day blues ကို ကျော်လွှားနိုင်မယ့် နည်းလမ်းကောင်း တစ်ခုပါပဲ။
- အလုပ်များနေလိုက်ပါ
Valentine’s day blues ကို ကျော်လွှားနိုင်ဖို့ နောက်ထပ် နည်းလမ်းကောင်း တစ်ခုက အဲ့နေ့မှာ အလုပ်တွေကို အချိန်ဇယားပြည့်နေအောင် ဆွဲထားပြီး အလုပ်တွေများနေဖို့ပါ။ ချစ်သူများနေ့ဆိုတာကိုတောင် မတွေးမိလောက်အောင်အထိ အလုပ်များနေလိုက်ပါ။ အာရုံလွှဲလိုက်တဲ့ သဘောပေါ့။
- အကောင်းမြင်လိုက်ပါ
အကောင်းမြင်ခြင်းက အရာရာကို ကျော်လွှားနိုင်ပါတယ်။ ဒီနေ့မှာ တစ်ကိုယ်တည်း ဖြစ်နေတာနဲ့ မပျော်ရတော့တာ မဟုတ်သလို သိမ်ငယ်ဝမ်းနည်းစရာကိစ္စလည်း ဟုတ်မနေပါဘူး။ ဒါကြောင့် ချစ်သူများနေ့ကို စိတ်ညစ်စရာလို့ မတွေးဘဲ အကောင်းဘက်ကနေပဲ လှည့်တွေးလိုက်ပါ။ အထီးကျန်ဆန်မှုကို မခံစားလိုက်ပါနဲ့။
- နေ့ရက်တွေထဲက နေ့တစ်နေ့ပါပဲ။ အဆုံးသတ်မဟုတ်သေးပါဘူး
ချစ်သူများနေ့ကလည်း အခြားသော နေ့ရက်တွေလိုပဲ ၂၄ နာရီသာ ကြာမြင့်တဲ့ သာမန် နေ့ရက်တစ်ခုပါပဲ။ အချိန်တန်ရင် ပြီးဆုံးသွားမှာပါ။ ဒီနေ့ရက်ကြောင့် ထိခိုက်စရာ မရှိသလို သင့်အတွက် အဆုံးသတ်လည်း မဟုတ်ပါဘူး။ ဒါကြောင့် စိတ်ညစ်နေမယ့်အစား တက်တက်ကြွကြွနဲ့ လုပ်စရာရှိတာတွေကို လုပ်ဆောင်ရင်း ဒီ ၂၄ နာရီကို အကောင်းဆုံး ကျော်ဖြတ်လိုက်ပါ။
ကဲ …. ချစ်သူများနေ့ကြောင့် စိတ်ညစ်ရတဲ့ ခံစားချက် Valentine’s day blues ကို အခုလိုလေး ကျော်လွှားလိုက်တော့နော်။
[embed-health-tool-bmi]