backup og meta

စိတ်ဖိစီးမှုက သင့်ရဲ့ မျက်နှာလှလှလေးကို ဖျက်ဆီးပစ်နိုင်တယ်နော်


Ye Zon Aung မှ ရေးသားသည်။ · 30/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဖိစီးမှုက သင့်ရဲ့ မျက်နှာလှလှလေးကို ဖျက်ဆီးပစ်နိုင်တယ်နော်

    စိတ်ဖိစီးမှု (Stress) က သင့်ရဲ့ ကျန်းမာရေးကို ဒုက္ခအမျိုးမျိုးပေးတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်မျိုးဆိုပေမယ့် ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေပါ ခံစားရစေတာပါ။ ဒီလို စိတ်ဖိစီးမှုကြောင့် ထိပါးခံရတဲ့ ရုပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေထဲမှာ မျက်နှာလှလှလေး လည်း ပါဝင်နေပါတယ်။

    များသောအားဖြင့် စိတ်ဖိစီးမှုများလာတဲ့အခါ ကိုယ်ခံအားစနစ်ကျဆင်းလာပြီး ခန္ဓာကိုယ်တစ်ခုလုံးက လုပ်ငန်းဆောင်တာတွေ ကမောက်မဖြစ်တတ်ပါတယ်။ ဒီအချက်ကြောင့်ပဲ မျက်နှာပေါ်မှာလည်း သက်ရောက်မှုတွေရှိလာပါတော့တယ်။

    အကြမ်းဖျဉ်းပြောရမယ်ဆိုရင် လူတစ်ယောက်စိတ်ဖိစီးနေသလားဆိုတာကို မျက်နှာကိုကြည့်ရင်းနဲ့တောင် ပြောနိုင်တယ်လို့ ပညာရှင်တစ်ချို့က ပြောကြပါတယ်။ စိတ်ဖိစီးမှုကြောင့် Stress ဟိုမုန်းတွေ ပိုထွက်လာပြီး အရေပြားပေါ်မှာ အပြောင်းအလဲတွေရှိလာတာကြောင့် အောက်ပါပြဿနာတွေ ဖြစ်ပေါ်လာတာကြောင့်ပါပဲ။

    ဝက်ခြံ

    စိတ်ဖိစီးနေချိန်မှာ ဝက်ခြံပိုထွက်ပါတယ်။ နဂိုက ဝက်ခြံမထွက်တတ်သူတွေတောင် စိတ်ဖိစီးရင် ဝက်ခြံထွက်တတ်ပါတယ်။ စိတ်ဖိစီးတဲ့အခါ ဦးနှောက်က Corticotrophin-releasing Hormone (CRH) တွေကို ပိုထုတ်ပါတယ်။ ဒီဟိုမုန်းဟာ မျက်နှာအရေပြားပေါ်မှရှိတဲ့ အဆီဂလင်းတွေကနေ အဆီတွေပိုထုတ်အောင် တွန်းအားပေးတာမို့ ဝက်ခြံတွေ ထွက်လာတာပါ။

    မျက်ပျဉ်းထွက်တာ

    မျက်ပျဉ်းထွက်တာကလည်း စိတ်ဖိစီးမှုရဲ့ လက္ခဏာတစ်ရပ်ပါပဲ။ စိတ်ဖိစီးမှုများလာတဲ့အခါ မျက်ကွင်းညိုတာတွေ၊ မျက်လုံးပတ်ဝန်းကျင်မှာ ဖောင်း/ယောင်လာတာတွေဖြစ်လာတတ်ပါတယ်။ အဓိကအချက်ကတော့ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကျဆင်းသွားတာကြောင့်ပါ။ တစ်နည်းပြောရမယ်ဆိုရင် အရေပြားအိုမင်းသွားတယ်ဆိုပါတော့။

    အသားခြောက်တာ

    စိတ်ဖိစီးလာတဲ့အခါ ပရိုတိန်းဓာတ်ချို့ယွင်းလာတတ်ပြီး အသားအရေစိုပြေလှပမှုကို အကြီးအကျယ်နှောင့်ယှက်ပါတော့တယ်။ ဒါကြောင့် စိတ်ဖိစီးနေချိန်မှာ အရေပြားတွေ ခြောက်သွေ့တာ၊ ယားယံတာတွေ ပိုဖြစ်တာပါ။

    အဖုအပိမ့်တွေ ထွက်တာ

    အင်ပြင်တွေ အဖုအပိမ့်တွေလည်း ထွက်လာတတ်ပါတယ်။ မျက်နှာပေါ်မှာမဟုတ်ရင်တောင်မှ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေမှာဖြစ်နိုင်ပါတယ်။ အရေပြားပေါ်မှာရှိတဲ့ ကိုယ်ခံအားစနစ်ရဲ့ တစ်စိတ်တစ်ပိုင်းသော ဘက်တီးရီးယားပိုးမွှားလေးတွေ အရေအတွက်လျော့ပါးသွားပြီး မကောင်းတဲ့ပိုးမွှားတွေ ပိုမိုကပ်ငြိလာတာကြောင့်ဖြစ်ပါတယ်။

    အရေးကြောင်းတွေပေါ်လာတာ

    စိတ်ဖိစီးလာတဲ့အခါ အိုမင်းရင့်ရော်တဲ့လက္ခဏာတွေ အကုန်ဖြစ်လာပါတယ်။ မျက်နှာမှာ အရေးကြောင်းတွေ ပိုထလာပါတယ်။ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကျဆင်းလာတာကြောင့်လို့ ဆိုရမှာပါ။

    ဆံပင်ဖြူမယ်/ကျွတ်မယ်

    စိတ်ဖိစီးမှုဟာ ဆံပင်ဖြူစေတယ်လို့ သိပ္ပံနည်းကျသက်သေပြနိုင်ခဲ့ပါပြီ။ တချိန်တုန်းက လူကြီးတွေပြောတဲ့ ပူပင်သောကများရင် ဆံပင်မြန်မြန်ဖြူတတ်တယ်ဆိုတဲ့ အယူအဆက မှန်ကန်တယ်ဆိုပါတော့။ ဆံပင်တွေဖြူကုန်ရုံတင်မကပါဘူး။ ကျွတ်ပါ ကျွတ်လာမှာပါ။

    သွားပြဿနာ

    နောက်ထပ်ကြုံဆုံရမယ့် ပြဿနာက သွားနဲ့ သွားဖုံးကြံ့ခိုင်မှုကျဆင်းလာတာပါပဲ။ ဒီအချက်ကြောင့် ခံတွင်းနံ့ပိုဆိုးရွားလာတာ၊ ခံတွင်းဆိုင်ရာ ရောဂါတွေပိုအဖြစ်များလာတာနဲ့ သွားထိခိုက်နိုင်ခြေပိုများတာတွေ ဖြစ်လာနိုင်ပါတယ်။

    စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချမလဲ

    လှပတဲ့မျက်နှာနဲ့ အသားအရေလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် စိတ်ဖိစီးမှုမဖြစ်အောင် နေထိုင်တတ်ဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 30/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement