backup og meta

မနက်ခင်း အခက်အခဲတွေကို အကောင်းဆုံးကျော်လွှားနိုင်မယ့် ဘဝရဲ့ ဗီတာမင်လေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မနက်ခင်း အခက်အခဲတွေကို အကောင်းဆုံးကျော်လွှားနိုင်မယ့် ဘဝရဲ့ ဗီတာမင်လေးများ

    နေ့တစ်နေ့တာကို အစပြုတဲ့ မနက်ခင်းကို အကောင်းဆုံးသောအရာတွေနဲ့ပဲ အခက်အခဲမရှိ ကျော်ဖြတ်ချင်တဲ့စိတ်ကူးက နိုးလာရင် ပထမဆုံး ခေါင်းထဲဝင်လာတဲ့ အတွေးဟုတ်။

    ဒီအတွေးက လူတိုင်းရဲ့ မနက်ခင်း အိပ်ရာထအတွေးတစ်ခုပါ။ အချို့ဆိုရှိသေးတယ် မနက်ခင်းကတည်းက စထွေရင် တစ်နေကုန် လောင်ရောဆိုတာမျိုးလေ။

    မနက်ခင်း တစ်ခုခု လွှဲချော်သွားတယ်၊ ဥပမာ ကိုယ်ပေါ် ကော်ဖီ မှောက်ကျတယ်။ သွားပါပြီကွာ တစ်နေကုန်တော့လို့ ငြီးတွားတတ်ကြတယ်လေ။ ကိုယ်တိုင်ကော ပါသေးလား။

    တစ်နေ့တာရဲ့ အရေးအကြီးဆုံးအချိန် မနက်ခင်းကို အကောင်းဆုံး ကျော်ဖြတ်ကြရအောင်

    မနက်ခင်းမှာ လုပ်ငန်းဆောင်တာတွေက အများကြီးနော်။ အိပ်ရာထလို့ မျက်စိနှစ်လုံး ပွင့်ပြီဆိုတာနဲ့။ အိမ်အလုပ်တွေကို အပြေးအလွှားလုပ်ရပြီ။ ပြီးရင် မနက်စာ စားတယ်။ ဒါပေမယ့် အချိန်မပေးနိုင်လို့ မစားဖြစ်ဘူး။ အမျိုးမျိုး ရှိနိုင်တယ်။

    ပြီးရင် အလုပ်သွားဖို့ ပြင်ဆင်ရတယ်။ လူလွတ်ဆို တော်လေရဲ့။ သားသားမီးမီး ရှိမယ်ဆိုရင် သူတို့အတွက် ပြင်ဆင်ပေးရသေးတယ်။ အချိန်က ဖဲ့ပေးရတယ်။ ဒီတော့ ပြင်ဆင်ရတဲ့အချိန်က နောက်ကျတယ်။ မနက်ခင်းကို အမောတကောနဲ့ လုပ်မှ ရုံးချိန် မီတာမျိုးပေါ့။

    ဒီ​ကြားထဲ သွားလာဖို့ အချိန်ရှိသေးတယ်။ ကားကျပ်တဲ့အတွက် ပေးရမယ့်အချိန်က ရှိသေးတယ်။ အကုန်လုံးကို လစ်ဟင်းမှု မရှိစေဖို့ဆိုရင် အတော်လေး သက်လုံကောင်းမှရမယ့် အနေအထားမျိုးပါ။

    အိမ်အလုပ်ပြီးလို့ ရုံးသွားတယ်။ ကားကြပ်တဲ့ဒဏ်ကို အကောင်းဆုံးကျော်ဖြတ်ပြီးလို့ ရုံးရောက်ပြီဆိုပါတော့ စိတ်က အတော်လေးညစ်နေလောက်တာလည်း ဖြစ်နိုင်တယ်။ မနက်စာ မစားရသေးလို့ ဗိုက်ထဲကအတော်ဆာနေတာ၊ အစားမရှိဘဲ လုံးပန်းနေရလို့ သွေးတွင်းသကြားဓာတ် ကျနေတာတွေ ဖြစ်နိုင်တယ်။

    ဒီအနေအထားမှာ စိတ်က အလိုလို တိုနေတာကြောင့် မနက်ခင်းကို ရွှင်ပျစွာနဲ့ မနှုတ်ဆက်ပဲ ရုံးခန်းထဲ ဝင်မိနိုင်တယ်။ ဒီတော့ ဘာဖြစ်လဲ။ လူမှုဆက်ဆံရေး မကောင်းတဲ့သူရယ်လို့ ထင်ခံရနိုင်တယ်လေ။

    ဒါပေမယ့် ဒီအခြေနေက လူတိုင်းမှာ ဖြစ်နေတာလားဆိုတော့ မဟုတ်ပါဘူး။ မနက်ခင်း ရုံးမှာ အပြုံးရွှင်ဆုံး မျက်နှာလေးနဲ့ active & cheerful ဖြစ်လွန်းလို့ လူတိုင်းရဲ့ ချစ်ခင်မှုကို ခံနေရသူလေးတွေလည်း ရှိတယ်ဟုတ်။

    မြင်ဖူးကြလား။ ဘယ်သူပဲ ရုံးခန်းထဲ ဝင်လာလာ အပြုံးလေးနဲ့ Morning နှုတ်ဆက်တတ်သူ၊ မနက်စာ စားပြီးရဲ့လား၊ ကားစီးလာရတာ အဆင်ပြေရဲ့လားစသဖြင့် ဖော်ရွေနွေးထွေးစွာ နှုတ်ဆက်တတ်သူလေးတွေလေ။

    သူတို့ကရော မနက်ခင်း ကိုယ့်လို အလုပ်မများခဲ့လို့လား။ မဟုတ်ဘူးနော်။ သူတို့လည်း ကိုယ့်လိုပဲ မနက်ခင်းကို သက်လုံကောင်းကောင်းနဲ့ ကျော်ဖြတ်ခဲ့တာပါပဲ။ ကျော်ဖြတ်တဲ့နည်း၊ ကျော်ဖြတ်တဲ့ပုံစံ၊ စိတ်သဘောထားပုံချင်းတော့ ကွာတာပေါ့။

    မနက်ခင်းရဲ့ ဗီတာမင်ဆိုတာက

    မနက်ခင်းရဲ့ ဗီတာမင်ဆိုတာက

    ကိုယ်က အိပ်ရာထဲက အစောကြီး ထရတယ်၊ လို့ ညည်းတွားနေချိန်မှာ သူက ညည်းတွားနေတာက မနက်ခင်းကို အနှောင့်အယှက်ဖြစ်တယ်။ ညည်းတွားမှုကြောင့် မနက်ခင်းကို အကျည်းမတန်စေချင်ဘူး။ အချိန် မကုန်စေချင်ဘူးဆိုတဲ့ စိတ်ထားလေး ထားတယ်။ ညကတည်းက မနက်နိုးရင် ဘာလုပ်မယ်ဆိုတာ plan ချထားပြီးသား။ အစီအစဉ်အတိုင်း တစ်ခု ချင်း လုပ်သွားတယ်။ အချိန်လေးတွေလည်း ကွက်တိနော်။

    လေ့ကျင့်ရေး ကောင်းကောင်းဆင်းထားတဲ့ အားကစားသမားလိုလေ။ မနက် ၅ ခွဲ အိပ်ရာထမယ်။ နိုးတာနဲ့ ထမင်းအိုးတည်မယ်။ ဟင်းက ဘာချက်မယ်။ မနက်စာက ဘာလုပ်မယ်။

    ထမင်းအိုးတည်နေတုန်း ဟင်းချက်ဖို့ ပြင်မယ်။ ဟင်းအိုးတင်ထားတုန်း မနက်စာပြင်မယ်။ မနက်စာ စားဖို့ ပြင်ပြီးချိန် အိမ်သားတွေ မနိုးသေးခင် ညကတည်းက ထိုက်သင့်သလောက် ရှင်းထားပြီးသား အိမ်ကို ကြမ်းတိုက်မယ်၊ ဖုန်စုပ်မယ်။ ပြီးရင် လက်ဆေး မနက်စာစားလို့ ထမင်းချိုင့်လေးထည့်မယ်။

    ပြီးရင်တော့ ရုံးသွားဖို့ပြင်မယ်လေ။ ရေချိုးမယ်။ လိုအပ်တာတွေပြင်ဆင်ပြီးရင် အိမ်ကနေ စထွက်မယ်။ ဒီအချိန်မှာလည်း သူ့မှာ စိတ်အနှောင့်အယှက်ဖြစ်နေစရာ ပစ္စည်းကျန်ခဲ့တယ်ဆိုတာမျိုး မရှိဘူး။ ဘာလို့လဲ။ ညကတည်းက စီကာစဉ်ကာ ထည့်ထားပြီးသားလေ။

    ရုံးသွားဖို့ ကားပေါ်ရောက်ပြီ လမ်းကြပ်မယ့်အချိန်ထက် ၅ မိနစ်- ၁၀ မိနစ်လောက် စောထွက်ထားလို့ လမ်းကြပ်တာက သူအတွက် ကြုံတောင့် ကြုံခဲ ကိစ္စ။ ကားပေါ်မှာ FM လေးဖွင့် သီချင်းလေး ညည်းရင် ပေါ့ပါးလန်းဆန်းစွာနဲ့ ရုံးရောက်လာပြီ။

    မနက်စာလည်း စားထားပြီးသား၊ ရုံးချိန်ထက်လည်း ၁၅ မိနစ်လောက် စောရောက်တယ်။ ကားပါကင်လည်း အဆင်တပြေပဲ။ ကဲ…တစ်ခု ကျန်နေသေးတယ်။ ဒါက morning exercise လေ။ မနက်က အိမ်အလုပ်တွေကို ပုံစံတကျ လုပ်ခဲ့လို့ ခန္ဓာကိုယ်က ထိုက်သင့်သလောက် လှုပ်ရှားမှု ရှိခဲ့ပေမယ့် လေ့ကျင့်ခန်းလေး လုပ်ချင်သေးတယ်။

    ဒီတော့ ကားကို ရုံးနဲ့ မလှမ်းမကမ်းလေးမှ ရပ်၊ ဖြည်းဖြည်းမှန်မှန်လေး လမ်းလျှောက်တယ်လေ။ လှေကားနဲ့တော့ မတက်တော့ပါဘူး။ ရုံးပေါ်ရောက်ဖို့ ဓာတ်လှေကားပဲ သုံးလိုက်တယ်။ ချွေးတွေထွက်နေလို့ မဖြစ်ဘူးလေ။

    စမတ်ကျကျနဲ့ ရုံးရောက်ပြီ။ လက်ဆေးတယ်။ ကိုယ့်စားပွဲလေးကို ရှင်းတယ်။ လက်ပြန်ဆေးတယ်။ ရေအေးအေးလေး တစ်ခွက်သောက်ချလိုက်တယ်။ ကွန်ပျူတာ တက်တာ စောင့်ရင်းပေါ့။ ပြီးတော့ မေးလ် စစစ်တယ်။ ခေါင်းထဲက စီထားပြီးသား အလုပ်လေးတွေကို တစ်ခု ချင်းလုပ်ရင်းပေါ့။

    ဒီလိုနဲ့ မနက်ခင်းကို အင်အားအပြည့်နဲ့ အကောင်းဆုံး ဗီတာမင်လေးတွေကို ဆောင်ရင်း ဖြတ်သန်းကြတာပေါ့။

    ကားကျပ်တာကို ညည်းညူမယ့်အစား ကားမကြပ်အောင် ဝီရိယလေးထားပြီး စောထွက်တာ၊ မနက်စာ မစားရဘူး ညည်းမယ့်အစား မနက်စောစောထပြီး မနက်စာလေး ပြင်ဆင် စားသောက်တာ၊ အများကြီး မဟုတ်တောင် နွားနို့လေးတစ်ခွက်လောက် သောက်လိုက်တာမျိုးပေါ့။

    နေ့လယ်စာကို အပြင်စာ စားရတယ်လို့ ညည်းမယ့်အစား မနက်ခင်း အတွက် ဟင်းချက်စရာ အသင့်ပြင်ထားရင်း စောစော ထချက်တာ၊ လေ့ကျင့်ခန်း မလုပ်ဖြစ်ဘူးလို့ ညည်းမယ့်အစား အိမ်အလုပ်ကို ကိုယ်နေဟန်ထား မှန်မှန်နဲ့ လုပ်ပြီး ကားကို ရုံးနဲ့ မလှမ်းမကမ်းလေးမှာ ရပ်ပြီး လမ်းလေး လျှောက်လိုက်တာမျိုးပေါ့။

    ဒီလို အဆင်တပြေ ဖြတ်သန်းမှုတွေရဲ့ ရလဒ်က ရုံးမှာ အတက်ကြွဆုံး အဖော်ရွေဆုံးသူရယ်လို့ သတ်မှတ်ခံရတာပေါ့။ သူတို့ရဲ့ အလုပ်ခွင် စကေးကလည်း အစီစဉ်ကျလွန်းလို့ လူတိုင်း ဩ ချရလောက်ရဲ့။

    ပြောချင်တာက ပြဿနာတွေ ကြုံရတဲ့အခါ ရွေးစရာ ၂ လမ်းရှိတယ်။ ဒါက ညည်းတွားမလား။ အကောင်းဆုံး ကျော်လွှားမလားပါ။ ကျော်လွှားတာက ဗီတာမင်။ ညည်းတွားတာက ဗိုင်းရပ်စ်ပဲ ဒီတော့ ကိုယ်တိုင်ကရော ဗိုင်းရပ်စ် ကြောင့် ထိခိုက် ခံမလား၊ မနက်ခင်းကို ဗီတာမင်လေးတွေနဲ့ လှပစေမလား စဉ်းစားပေါ့……………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement