backup og meta

ဒေါသအကြောင်း တစေ့တစောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒေါသအကြောင်း တစေ့တစောင်း

    ဒေါသကို ထိန်းချုပ်နိုင်ခြင်းဟာ ကောင်းမွန်တဲ့အရာတွေ ပြုလုပ်ဖို့ တွန်းအားတစ်ခု ဖြစ်လာစေနိုင်ပါတယ်။ ဒေါသကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်ရင်တော့ ငြင်းခုန်ဆွေးနွေးမှုတွေ၊ တိုက်ခိုက်မှုတွေ၊ အလွဲသုံး စားမှုတွေကနေ ပြစ်မှုကျူးလွန်မှုတွေ နဲ့ မိမိကိုယ်ကို ထိခိုက်နာကျင်စေခြင်း တွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ဒေါသအကြောင်း တစေ့တစောင်း လေ့လာဦးစို့နော်။

    ဒေါသအကြောင်း တစေ့တစောင်း

    ဒေါသနဲ့ မကင်းနိုင်ကြသူတိုင်းဟာ ဒေါသအကြောင်း တစေ့တစောင်း လေ့လာထားတာ မမှားပါဘူး။

    ဒေါသဟာ ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်လဲ

    ဒေါသဖြစ်လာရင် အဒရီနယ်လင်းနဲ့ ကော်တီစောဟော်မုန်း ထွက်ပါတယ်။ ဦးနှောက်ရဲ့ သွေးလည်ပတ်မှုတွေဟာ နှလုံးဆီကို ဦးတည်သွားစေပြီးတော့ နှလုံးခုန်မြန်လာမယ်။ သွေးပေါင်ချိန်နဲ့ အသက်ရှူနှုန်းတွေ မြင့်တက်လာမယ်။ ခန္ဓာကိုယ်အပူချိန်မြင့်လာပြီး‌ ချွေးထွက်လာမယ်။ စိတ်အစဉ်ဟာ စူးရှလာပြီး ဒေါသဖြစ်စေတဲ့ အကြောင်းအရင်းကိုပဲ အာရုံစိုက် စေလာပါတယ်။

    ကျန်းမာရေးပြဿနာတွေကတော့

    ဒေါသကို မထိန်းချုပ်နိုင်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ထိခိုက်လာမှာပါ။ နာတာရှည် ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။

  • ခေါင်းကိုက်ခြင်း
  • ဗိုက်အောင့်ခြင်း၊ အစာခြေစနစ်ပြဿနာများ
  • စိတ်ကစဉ့်ကလျားဖြစ်ခြင်း
  • စိတ်ဖိစီးမှုများလာခြင်း
  • စိတ်ကျရောဂါ
  • သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့
  • လေဖြတ်ခြင်းတွေခံစားလာရမှာပါ။
  • ဒေါသကို ကျန်းမာစွာ ထိန်းချုပ်ကြရအောင်

    ဘယ်လိုနည်းလမ်းတွေနဲ့လဲ

    • ဒေါသအရမ်းထွက်လာချိန်မှာ အဲ့ဒီ အခြေအနေ၊ အဲ့ဒီနေရာကနေ အဝေးကို ရှောင်ထွက်သွားလိုက်ပါ။ စိတ်တည်ငြိမ်အောင် ပြုလုပ်ပြီးမှ ပြန်လည်ဖြေရှင်းပါ။
    • ဒေါသထွက်ခြင်းဟာ ပုံမှန်ဖြစ်နိုင်တဲ့ စိတ်ခံစားမှုတစ်ခုပဲဆိုတာ လက်ခံပါ။ ဒေါသထွက်နေတဲ့ မိမိကိုယ် မိမိ အပြစ်မတင်ပါနဲ့။
    • ဒေါသဖြစ်စေတဲ့ ရင်းမြစ်ပြဿနာကို သိတဲ့အခါ ဖြေရှင်းဖို့နည်းလမ်းတွေကို ရှာဖွေလိုက်ပါ။ ပြဿနာ ဖြေရှင်းလိုက်တဲ့အခါ ဒေါသကိုပါ အလိုလို ထိန်းချုပ်သွားနိုင်စေပါတယ်။
    • လေ့ကျင့်ခန်း သို့မဟုတ် ကိုယ်နှစ်သက်ရာ အားကစားတစ်ခုခု လုပ်လိုက်ပါ။
    • ယုံကြည်ရသူ တစ်စုံတစ်ယောက်ကို ခံစားချက်တွေဝေမျှပါ။ ယုံကြည်ထိုက်သူတော့ ဖြစ်ပါစေနော်။

    လူတော်တော်များများဟာ ဒေါသကို မသင့်တော်တဲ့ နည်းလမ်းတွေနဲ့ ဖြေလျှော့လေ့ရှိကြပါတယ်။

    ပေါက်ကွဲခြင်း။           ။ ဒေါသကို မထိန်းချုပ်ဘဲ ပေါက်ကွဲလိုက်ခြင်းဟာ အလွဲသုံးစားမှုတွေနဲ့ အကြမ်းဖက်တွေဆီ ဦးတည်စေပါတယ်။ ဒေါသကြီးသူဟာ မိသားစု၊ သူငယ်ချင်းတွေနဲ့ ကင်းကွာပြီး တစ်ဦးတည်း ဖြစ်သွားတတ်ပါတယ်။ မိမိကိုယ်ကို တန်ဖိုးမထားတော့တဲ့အပြင် အခြားသူကိုလည်း ချုပ်ကိုင်ချင်စိတ်‌တွေ ပေါ်လာပါတယ်။

    ချိုးနှိမ်ခြင်း။    ။ ဒေါသကို မျိုသိပ်လိုက်ခြင်းဟာလည်း ကောင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေ၊ စိတ်ကျရောဂါခံစားလာရနိုင်ပါတယ်။ အချို့ကတော့ ဒေါသကို အပြစ်မရှိသူ ကလေးတွေနဲ့ အိမ်မွေး တိရစ္ဆာန်လေးတွေအပေါ် ပုံချတတ်ကြပါတယ်။ ကလေးတွေကို ရိုက်နှက်လိုက်တာမျိုးနဲ့ ခွေးလေးတွေကို ကန်ကျောက်လိုက်တာမျိုးတွေပါ။

    ဒေါသကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ငြင်းခုန်ဆွေးနွေးမှုတွေ မလုပ်သင့်ဘူးလား

    မဟုတ်ပါဘူး။ ငြင်းခုန်ဆွေးနွေးမှု တစ်ခုကနေ အောင်မြင်မှုတွေရလာနိုင်သလို အကောင်းမြင်စိတ်တွေ ပေါက်ဖွားလာနိုင်ပါတယ်။ သိထားရမှာက ငြင်းခုန်ဆွေးနွေးတယ်ဆိုတာ ကိုယ်ဘယ်လောက်မှားမှား တစ်ဖက်သတ်ပိတ်ငြင်းနေတာမျိုး မဟုတ်ပါဘူး။ ကိုယ်ကလည်း တစ်ဖက်သားကို အကျိုးသင့်အကြောင်းသင့် ရှင်းပြသလို တစ်ဖက်က ရှင်းပြလာရင်လည်း လက်ခံပေးနိုင်တာမျိုးပါ။

    ငြင်းခုန်ဆွေးနွေးမှုတစ်ခုဖြစ်တဲ့အခါ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးသားမှုရှိဖို့ လိုပါတယ်။ စိတ်တည်ငြိမ်ဖို့ကတော့ အဓိကပါ။ တစ်ဖက်လူဟာ ဒေါသတကြီး ကြမ်းတမ်းစွာ တုံ့ပြန်တတ်သူဆိုရင် မိမိလုံခြုံဖို့အတွက် ဖုန်းထဲကနေ အရင်ညှိနှိုင်းသင့်ကြောင်း အကြံပြုချင်ပါတယ်။ ငြင်းခုန်ဆွေးနွေးမှုမှာ သဘောတူညီလိုက်တာရှိသလို မဖြေရှင်းနိုင်ဘဲ ဆက်လက်ငြင်းခုန်ဆွေးနွေးနေနိုင်တာတွေလည်း ရှိတာကြောင့် ကြားဝင်ညှိနှိုင်း ပေးဖို့ တတိယလူလိုပါတယ်။ မိမိတို့ထက်တည်ငြိမ်ပြီး ပိုမိုအာဏာရှိသူပါ။ (ဥပမာ အထက်လူကြီး)

    ဒေါသအတွက် သင်ခန်းစာ

    တစ်ခါတစ်ရံမှာ ဒေါသထွက်ပြီးခါမှ နောင်တရနေတတ်ပါတယ်။ ဒီလိုဖြစ်ရပ်အပေါ် သင်ခန်းစာယူလိုက်ပါ။

    • ဒိုင်ယာရီ ချရေးပြီး မိမိဟာ ဘယ်လို အခြေအနေ၊ အကြောင်းအရာတွေကြောင့် ဒေါသထွက် တတ်ကြောင်း မှတ်သားပါ။
    • တရားထိုင်တာ၊ ယောဂကျင့်တာလိုမျိုး စိတ်တည်ငြိမ်မှုနည်းလမ်းတွေသုံးကြည့်ပါ။
    • စိတ်ပညာရှင်တွေ၊ အကြံပေးပုဂ္ဂိုလ်တွေ၊ စိတ်ရောဂါအထူးကုဆရာဝန်တွေနဲ့ မိမိရဲ့ ဒေါသအကြောင်း ဆွေးနွေးကြည့်ပါ။
    • လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ စိတ်ကိုကြည်လင်လန်းဆန်းစေနိုင်သလို စိတ်ဖိစီးမှုကိုလည်း လျော့ချနိုင်ပါသေးတယ်။

    သင်ဟာ မိဘတစ်ယောက် ဖြစ်တယ်ဆိုရင် မိမိကလေးကို ဒေါသနဲ့ပတ်သက်ပြီး ဘယ်လိုထိန်းချုပ် ခိုင်းမလဲ

  • ဥပမာလေးတွေပေးပါ။
  • ဒေါသထွက်လာခြင်းဟာ ပုံမှန်တုံ့ပြန်မှုဖြစ်ပြီး သင့်တော်စွာ ဖြေရှင်းသင့်ကြောင်း အကြံပေးပါ။
  • ကလေးရဲ့ ခံစားမှုကို အလေးထားပါ။
  • ပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းတတ်ပါစေ။
  • ဒေါသကို သင့်တော်တဲ့နည်းလမ်းနဲ့ သူတို့လေးတွေ ဖြေရှင်းလာတဲ့အခါ ခွင့်ပြုပေးလိုက်ပါ။
  • ရန်လိုတတ်တာနဲ့ ဒေါသထွက်ခြင်းဟာ မတူဘူးဆိုတာ ရှင်းပြပါ။
  • စိတ်ငြိမ်အောင် ပြုလုပ်နိုင်စေရန်နဲ့ ပြေရာပြေကြောင်း ဖြေရှင်းတတ်ဖို့သင်ကြားပေးပါ။
  • မိမိကိုယ်တိုင်လည်း ဒေါသကိုကောင်းစွာ ထိန်းချူပ်နိုင်ပါစေ။
  • ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement