brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မနာလိုစိတ်များတာ မကောင်းပါဘူး

မနာလိုစိတ်များတာက လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာ​ရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မနာလိုစိတ်ဆိုတာ ဘာလဲ ဆိုတာနဲ့ မနာလိုစိတ်ကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကို ဘယ်လိုတွေ ထိခိုက်စေနိုင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘာကြောင့် မနာလိုစိတ်များတာ မကောင်းပါဘူး လို့ ပြောရတာက ဘာကြောင့်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ကြည့်လိုက်ရအောင်နော်။

မနာလိုစိတ်များတာ မကောင်းပါဘူး

မနာလိုစိတ် ဆိုတာ ဘာလဲ!

မနာလိုစိတ်ဆိုတာက နာကြည်းမှု၊ ဒေါသ၊ ရန်လိုမုန်းတီးမှုတွေ၊ လိုဘ မပြည့်မှုတွေ နဲ့ ခါးသီးမှုတွေကနေ အရင်းခံလာတဲ့ စိတ်ခံစားမှု တစ်ရပ်ပါ။ လူတော်တော်များများက တစ်ချိန်မဟုတ် တစ်ချိန်တော့ မနာလိုဖြစ်မိနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ဖြစ်မိတဲ့ မနာလိုမှုတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တာမျိုး မရှိပေမယ့် အမြဲလိုလို မနာလိုစိတ် ဖြစ်နေတာက စိတ်ခံစားမှုကို ထိခိုက်စေသလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

နောက်တစ်ချက်က လူတစ်ဦးနဲ့ တစ်ဦးကြားက ဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒီလိုကနေမှ ပြင်းထန်လာမယ်ဆိုရင် မနာလိုစိတ်ကြောင့် တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှု ပျက်ပြားတာ၊ သံသယများတာ၊ အကြမ်းဖက်တာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်ဆောင်တာမျိုးအထိပါ ဖြစ်လာနိုင်ပါတယ်။

မနာလိုစိတ် ရှိနေတာလား!

မနာလိုစိတ်ဆိုတာ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှု တစ်ခုပါ။ မနာလိုစိတ်ရဲ့ သဘာဝကိုက နီးနီးစပ်စပ် ဆက်ဆံရေး ရှိသူတွေအပေါ်မှာ ရှိနေတတ်တာပါ။ ဒီလိုရှိရခြင်းကလည်း ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းနေလို့ပါ။ ဒီလိုကနေ တစ်ဦးအပေါ် တစ်ဦး သစ္စာဖောက်တာ၊ ယုံကြည်မှု ကင်းမဲ့တာတွေ ဖြစ်လာရတာပါ။

ဒီလိုမျိုး မနာလိုစိတ် ရှိနေပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • အတွေးလွန်တာ
  • သူတစ်ပါးကို ဝေဖန်တာ
  • အပြစ်ရှာတာ
  • အရာရာကို အပြစ်တင်တာ
  • ယုံကြည်မှု နည်းတာ
  • ကိုယ့်ကိုယ်ကိုယ် အရမ်း ကာကွယ်လွန်းတာ
  • သံသယစိတ် များတာ
  • စိတ်တိုလွယ်တာ
  • နှုတ်အားဖြင့် အခြားသူတွေကို နစ်နာအောင် ပြောတာတွေ ခံစားရနိုင်ပါတယ်။

မနာလိုစိတ်ကြောင့် စိတ်ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်

မနာလိုစိတ်ကြောင့် စိတ်ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်သလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေတာကြောင့်လည်း မနာလိုစိတ် ဖြစ်နိုင်ပါတယ်။

မနာလို စိတ်ရှိနေတာကြောင့်

  • စိတ်ဖိစီးတာ
  • စိတ်ဓာတ်ကျတာ
  • စိုးရိမ်စိတ် များတာ
  • အဆိုးမြင်စိတ် များတာ
  • အခြားသူတွေကို ထိခိုက်အောင် လုပ်ချင်တဲ့ စိတ်ခံစားမှု ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။

ကဲ …. မနာလိုစိတ် ထားလို့ ကောင်းတာ ဘာမှ မရှိပါဘူး။ သူများ မလို ကိုယ်အကျိုးမရှိဆိုတာ တကယ်နော်။

စကားလက်ဆောင်

မနာလိုစိတ်ဆိုတာက အချိန်မရွေး နေရာမရွေး ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့် ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေဆို ပိုခံစားမိနိုင်ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ အကြာကြီးထားတာ၊ ခဏခဏ မနာလိုစိတ်ဖြစ်တာက စိတ်ကျန်းမာရေးကိုရော ကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာကြောင့် ဖြစ်နိုင်ရင် မထားမိအောင် ဂရုစိုက်ဖို့ အကြံပြုလိုက်ရပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/10/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။