backup og meta

စိတ်ခံစားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆာလောင်မှု(Emotional Hunger) ကိုဖယ်ရှားကြပါစို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Yee Mon Lwin မှ ရေးသားသည်။ · 22/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ခံစားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆာလောင်မှု(Emotional Hunger) ကိုဖယ်ရှားကြပါစို့

    ရေးသားသူ – ဒေါက်တာ နှင်းရည်လဲ့နိုင်

    ကမ္ဘာပေါ်မှာ အသက်ရှင်‌‌နေထိုင်ဖို့ ရုန်းကန်လှုပ်ရှားရတာက တော်တော် စိတ်ပင်ပန်းစရာကောင်းပါတယ်။ ခက်ခဲတဲ့ အချိန်တွေကို ကြုံတွေ့ရချိန်မှာ လူတော်တော်များများက အစားအသောက်နှင့် စိတ်ဖြေလေ့ရှိကြပါတယ်။

    • ဘယ်ချိန်တွေမှာ Emotional hunger ပြဿနာ ပေါ်လာတတ်လဲ။

     စိတ်ဖိစီးချိန်

     ကျန်းမာရေးချူချာတဲ့အခါ

     စိတ်ဓာတ်ကျတဲ့အခါ

     ငွေရေးကြေးရေး အခက်အခဲ ဖြစ်တဲ့အခါ

     လူမှုရေးပြဿနာများ ရှိတဲ့အခါ

     သက်ဆိုင်ရာနယ်ပယ်တွင် ကျရှုံးနေတဲ့အခါ

     တုန်လှုပ်ဖွယ် အပြောင်းအလဲများ ကြုံတဲ့အခါ

     စိတ်ဆိုးဒေါသထွက်တဲ့အခါ

     အထီးကျန်ဆန်ပြီး ပျင်းတဲ့အခါ

     အတိုင်းအဆမဲ့ပျော်ရွှင်နေချိန်မှာပါ အစားအသောက် နှင့် ကိုယ်ကိုယ်ကို နှစ်သိမ့်၊ ဂုဏ်ပြုတတ်ကြပါတယ်။

    အမှန်တကယ် မဆာဘဲ စားတဲ့အခါမှာ သတိလက်လွတ်ဖြစ်ပြီး အများကြီး စားလိုက်တတ်ကြတယ် ။ အစားအစာက လူတွေကို ခဏတာပျော်ရွှင်စေတယ်။ အစာစားလိုက်တာနှင့် ခက်ခဲကြမ်းတမ်းမှုများက‌နေလွတ်မြောက်သွားသလို ခံစားရ‌လို့ပါ။အဲ့အချက်ကို မသိစိတ်က မှတ်ထားပြီး ကိစ္စတွေကို တိုက်ရိုက်ဖြေရှင်းရမဲ့အစားစားဖို့ကိုပဲ တွန်းအားပေးပါတယ်။

    • သတိထားရမယ့်အချက်တွေ

    စိတ်နှိုးဆော်မှုအရ အစားစားခြင်းဟာ ကောင်းတယ်လို့ ထင်ရပေမဲ့ စိတ်ရောကိုယ်ပါ အင်မတန် အန္တရာယ်ရှိတဲ့ အကျင့်ဖြစ်ပါတယ်။ ဒါပေမဲ့ အစားနှင့် ပါးစပ်မပြတ်တဲ့ အမူအကျင့်ကို ပျောက်သွားအောင် သတိမူပြီး ပြောင်းလဲပြင်ဆင်မည်ဆိုလျှင် တစ်ဆက်တည်းမှာပဲ ကျန်းမာတဲ့ အလေ့အကျင့်များကိုပါ ဖန်တီးနိုင်ပါတယ်နော်။

    စိတ်ခံစားချက်အရ ဆာလောင်မှုဟာ ကလေးသူငယ်လူကြီး ကျားမ မရွေး ရှိတတ်ပါတယ်။

    • ဘာဖြစ်လို့ အန္တရာယ်ရှိတာလဲ။

    စိတ်ကြောင့်စားသောက်မှုက ကိုယ်လိုချင်တဲ့ ကိုယ်ခန္ဓာအချိုးအစားနှင့် ဝိတ်ထိန်းချုပ်မှုကို အဟန့်အတားဖြစ်စေပါတယ်။ အထူးသဖြင့် စားချင်စိတ်က အရသာရှိတဲ့ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်း အစားအစာများကို တောင့်တလေ့ရှိပါတယ်။ ဒါ့ကြောင့် လိုအပ်တဲ့ပမာဏထက် ပိုပြီး အလွန်အကြူးစားမိ‌‌စေပါတယ်။ ဝိတ်မတက်ဘူးဆိုလျှင်တောင် ဆီးချိုရောဂါ အတွက် လမ်းစပျိုးလိုက်သလိုပါပဲ။

    အစားကို အချိန်မသတ်မှတ်ဘဲ ပရမ်းပတာစားတဲ့အခါ ကိုယ်ခန္ဓာတွင်း ဇီဝကမ္မ စားသောက်ချိန်မှာ ကမောက်ကမဖြစ်သွားပါတယ်။ အချိန်မတော်စားခြင်းက ဝိတ်ထိန်းရန် ခက်ခဲစေပါတယ်။ ဝိတ်ထိန်းဖို့ အစားအသောက် ဆင်ခြင်လိုက်ပြန်‌တော့လည်း အစားကိုမြတ်နိုးတဲ့စိတ်နှင့် ဆန့်ကျင်ဘက် လုပ်ရတဲ့အတွက် အဲ့အခါမှ ပြောင်းပြန်ဖြစ်သွားပြီး အငမ်းမရ စားတတ်သည်။ စားပြီးတိုင်းလည်း အပြစ်ရှိသလိုခံစားရပြီး နောင်တရသွားပေမဲ့ စိတ်ညစ်ညူးကာ ထပ်စားမိပြန်ပါတယ်။ ထပ်ခါထပ်ခါ စားရင်း အစားသံသရာစက်ဝန်းမှာ ပိတ်မိ‌‌ နေပါတော့တယ်။

    • ဘယ်လို လက္ခဏာတွေ ပြမှာလဲ။

    ပထမဦးဆုံး ဗိုက်ဆာပြီဆိုတာ နှင့် ကိုယ်ခန္ဓာအာဟာရ လိုအပ်မှု (physical hunger) နှင့် စိတ်၏တောင့်တမှု (Emotional hunger) ကို ခွဲခြားရပါမယ်။

    သာမန်ဗိုက်ဆာလျှင် အစားအစာမရွေးဘဲ ဘယ်ဟာနှင့် မဆို ဗိုက်ပြည့်ပါတယ်။

    စိတ်ကနှိုးဆော်လို့ ဗိုက်ဆာလျှင် အောက်ပါအချက်များ ခံစားရပါတယ်။

    ထူးခြားတဲ့ အကြောင်းတစ်ခုခုနှင့် ကြုံတွေ့တဲ့အခါတိုင်း ဗိုက်ဆာလာတယ်။

     စားနေကျမဟုတ်တဲ့အချိန်(ဥပမာ- ညသန်းခေါင်) တွေမှာ စားချင်လာတယ်။

     အလျင်စလို စားချင်တဲ့စိတ်ပြင်းပြလာတယ်။

     အစားအသောက်တစ်မျိုးမျိုးကို တောင့်တတတ်ပါတယ်။

    လိုအပ်သလောက်စားပြီးလျှင်တောင် မတင်းတိမ်ဘဲ လောဘတကြီး စားသောက်လိုပါတယ်။

    • စားသောက်ပုံကို ဘယ်လို ပြင်ဆင်ရမလဲ။

    အဓိက အချက်မှာ ကိုယ့်ကိုယ်ကို အဆိုးမြင်စိတ်တွေ မဝင်ဖို့ အရေးကြီးပါတယ်‌နော်။

    • အစားအသောက်ဒိုင်ယာရီ ပြုစုပါ။

    လူ့ခန္ဓာကိုယ်က ပုံမှန်စားသောက်ချိန်တွေကို အလိုအလျောက် မှတ်ထားပါတယ်။ အစားအသောက်ကို အချိန်မသတ်မှတ်ဘဲ လျှောက်စားလိုက်လျှင် ဇီဝကမ္မစားသောက်ချိန်ကို ပြောင်းလဲလိုက်တယ်။ ဒါကြောင့် ကိုယ်ခန္ဓာက ပုံသေမှတ်မိအောင် စားလိုက်တဲ့ အစားအစာ၊ အချိန်၊ ပမာဏ၊ ဗိုက်ဆာခဲ့တဲ့ အတိုင်းအတာ၊ စိတ်ခံစားမှု ကို စားပြီးတိုင်း ချရေးပါ။

    • အစားဖြည်းဖြည်း စားပါ။

    စိတ်က အစားစားနေရာမှာ မရှိဘဲ အာရုံတွေပျံ့လွင့်လျှင် ဘယ်လောက်စားမိလည်း မသိနိုင်ပါ။ အစားစားလျှင် အသိစိတ်လေးကပ်ပြီး အရသာခံ ဖြည်းဖြည်းစားပါ။ အစာလည်း ကြေစေလို့ ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာလည်း အထောက်အကူဖြစ်‌ပါတယ်။

    • ခန္ဓာကိုယ်က အမှန်တကယ်လိုအပ်လား သတိပြုပါ။

    ဝမ်းဗိုက် တကယ်ဟာနေတာလား ၊ ပါးစပ်ဆာတာလား ကို အရင်စဉ်းစားပါ။ လွန်ခဲ့တဲ့နာရီအနည်းငယ်မှာ စားပြီးလျှင် သတိထားပါ။

    • စိတ်ဖိစီးမှုကို လျော့ချရန် တခြားနည်းလမ်းများကို ရှာပါ။

    တရားထိုင်ပါ။ စိတ်ဖိစီးမှုကို လျော့ချစေမည့် နည်းလမ်းများနှင့်ပက်သက်တဲ့ စာများကို ဖတ်ပါ။ ဝါသနာများကို အချိန်ခဏပေးပြီး လုပ်ခြင်းဖြင့် စိတ်အပန်းဖြေပါ။ အပြင်ထွက် လမ်းလျှောက်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း တတ်နိုင်သမျှ လုပ်ပါ။ စိတ်ချရသူကို ရင်ဖွင့်တိုင်ပင်ပါ။

    • စိတ်အခြေအနေမတည်ငြိမ်လျှင် အချိန်ယူပါ။

    အပြင်းအထန်ဒေါသထွက်နေလျှင် ဒေါသပြေအောင် ခဏတာ ငြိမ်နေပါ။ ဒေါသပြေအောင် အစားစားခြင်းမျိုးကိုရှောင်ပါ။ အစာနှင့်ဝေးဝေးနေပါ။

    • မိမိကိုယ်ကို အကောင်းမြင်စိတ် ထားနိုင်အောင် ကြိုးစားပါ

    • ဘေးပတ်ဝန်းကျင်က အကူအညီ ရယူပါ

    မိမိကို အမြဲအားပေးသော မိသားစု၊ သူငယ်ချင်းများကို မိမိ အစားအသောက်ပုံစံ ပြောင်းလဲ‌‌ အောင်ကြိုးစားနေတာကို ပြောပြပါ။ မိမိကြိုးစားမှုကို တမင်အနှောင့်အယှက်ပေးမဲ့သူများ(မိမိနား အစားအစာများ၊ ဟင်းပွဲဓာတ်ပုံများပြပြီးဆွယ်သူများ) ကို ရှောင်ကြဉ်ပါ။

    • ပျင်းသည့်အကျင့်ကို တိုက်ထုတ်ပါ

    လုပ်စရာရှိတဲ့ အလုပ်များကို နောက်မရွှေ့ပါနှင့်။ အားလပ်တဲ့အချိန်မှာ ဝါသနာပါရာကို လုပ်ပါ။ မိသားစုနှင့် သူငယ်ချင်းများကို အချိန်ပေးပါ။

    • အပြင်းအထန် အစားရှောင်ဖို့ ကိုယ့်ကိုယ်ကို တွန်းအားမပေးပါနှင့်။

    အစားအသောက် ပမာဏကို တဖြည်းဖြည်းလျှော့ချပြီး အများအပြားစားနိုင်တဲ့ အန္တရာယ်ကို ကန့်သတ်ပါ။ အပြင်းအထန် ရှောင်ကြဉ်ပါက ပိုစားတတ်ပါတယ်။

    • ကျန်းမာ‌ရေးနှင့်ညီညွတ်တဲ့ အဆာပြေများကို ရွေးချယ်စားသုံးပါ။

    အပြင်စာများအစား အသီးအနှံ၊ အရွက်များကို စားသုံးပါ။ အာဟာရ၃မျိုးကို မျှတစွာ စားပါ။ စားလိုတဲ့ အစားအစာရွေးချယ်ရာမှာ ကယ်လိုရီ လျော့တာမျိုးကို ဦးစားပေးပါ။

    • မိမိကိုယ်ကိုခွင့်လွှတ်ပြီး အမှား အပေါ်သင်ယူပါ။

    မချုပ်တည်းနိုင်ခဲ့ရင်လည်း မိမိကိုယ်ကို အပြစ်တင်မစောပါနှင့်။ သတိလွတ်သွားတဲ့ အချက်များကို မှတ်ထားပြီး နောက်တစ်ကြိမ်မှာ ရှောင်ကြဉ်နိုင်ဖို့ ကြိုးစားပါ။

    • အပေါ်မှာအကြံ ပေးထားတဲ့ အတိုင်း ကြိုးစားပေမဲ့ ခက်ခဲနေသေးလျှင် ဘယ်လိုလုပ်ရမလဲ။

    နီးစပ်ရာ ဆရာဝန်ဆီသွားပြီး ရောဂါ ရှိမရှိနှင့် လိုအပ်သည်များကို ရှာဖွေပါ။ အာဟာရပိုင်းဆိုင်ရာ ကျွမ်းကျင်သူ နှင့် ဆွေးနွေးပြီး အစားအသောက်ပုံစံ ပြောင်းလဲနိုင်ရန် အကူအညီယူပါ။ စိတ်ဒုက္ခများ ကျော်လွှားနိုင်ရန် စိတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်သူ များကိုလည်း အကူအညီတောင်းပါ။

    မိမိကိုယ်ကို ကျန်းမာရေး ရေရှည် တည်တံ့အောင် စိတ်အလိုမလိုက်ဘဲ ကျန်းမာစေတဲ့ အလေ့အကျင့်များ‌ မွေးမြူပြီး ထိန်းသိမ်းကြပါစို့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Yee Mon Lwin မှ ရေးသားသည်။ · 22/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement